ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်လှုပ်ရှားနိုင်ဖို့အတွက်ကစီဓါတ် carbohydrates၊အဆီဓါတ် fats၊အသားဓါတ် protein စတဲ့အာဟာရတွေအပြင်ဗီတာမင်နဲ့ သတ္တုဓါတ်လိုသက်စောင့်ဓါတ်တွေလည်း လိုအပ်ပါတယ်။သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ဇင့်ဓါတ် Zinc ဟာခန္ဓာကိုယ်ရှိ အင်ဇိုင်းအမျိုးပေါင်း၁၀၀ ကျော်ရဲ့ လုပ်ငန်းဆောင်ရွက်မှုအတွက်လိုအပ်သော ဓါတ်ဖြစ်ပြီးကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။
ခန္ဓာကိုယ်အတွက်ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့သတ္တုဓါတ်ထဲမှာ ဇင့်လည်းပါဝင်ပါတယ်။ ဒါ့ကြောင့် ဇင့်အာဟာရချို့တဲ့လျှင်ကူးစက်ရောဂါများ ဝင်ရောက်ပြီးမကြာခဏ ဖျားနာခြင်း၊ အအေးမိ တုပ်ကွေးကူးစက်ခံရခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဇင့်ဓါတ်ချို့တဲ့လျှင်ဝမ်းလျှောခြင်း ဝေဒနာခံစားရနိုင်ပြီးဝမ်းလျှောသောအခါတွင် ဇင့်ဓါတ်ကိုသောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ဇင့်အာဟာရဓါတ်သည်အမျိုးသားများတွင် ကျားဟော်မုန်းတက်စရိုစထရုန်း testosterone နှင့်ဂရိုလက်တင် prolactin ဟော်မုန်းများကိုထိန်းညှိပေးခြင်း၊ ဆီးကြိတ်နှင့်သုတ်ပိုးကျန်းမာရေး တို့အတွက်အရေးပါသောဓါတ်လည်းဖြစ်ပါတယ်။ ဇင့်အာဟာရဓါတ်ချို့တဲ့လျှင်အမျိုးသားအင်္ဂါ ဖွံဖြိုးမှုအားနည်းခြင်း၊ မျိုးမအောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။
မွေးကင်းစကလေးများခန္ဓာကိုယ် အချိုးအစားနှင့်အင်္ဂါအစိတ်အပိုင်းများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ဦးနှောက်ဖွံဖြိုးမှု၊ မှတ်ဉာဏ် စွမ်းအား၊ မျိုးပွားအင်္ဂါ ဖွံ့ဖြိုးမှုစသော အခန်းကဏ္ဍများတွင်ဇင့်ဓါတ်လိုအပ်ပါသည်။ ထို့ကြောင့်ဇင့်ဓါတ်ချို့တဲ့လျှင် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုမရရှိနိုင်သောကြောင့် မိခင်များအနေဖြင့်ကိုယ်ဝန်ဆောင်ကာလမှ နို့တိုက်မိခင်ကာလအထိ ဇင့်ဓါတ်ကြွယ်ဝသောအစားအစာများ၊ ဖြည့်စွက်အားဆေးများမှီဝဲရန် လိုအပ်ပါတယ်။
ဇင့်အာဟာရဓါတ်သည် ယောင်ရမ်းမှု သက်သာစေခြင်း၊ အရေပြားဆဲလ် keratin ထုတ်လုပ်မှုနှင့် အရေပြားတင်းရင်းမှု ကော်လာဂျင် ပရိုတင်း ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါ့ကြောင့် ဇင့်ဓါတ်ချို့တဲ့လျှင် အသားအရေ ပျက်စီးလွယ်ခြင်း၊ ဝက်ခြံ၊ နှင်းခူ၊ အနီစက်များ ထွက်လွယ်ခြင်း၊ ဒါဏ်ရာအနာကျက်နှေးခြင်း စသည့်ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ပြင် ဇင့်ဓါတ်သည် မျက်လုံးရောင်ခြယ် visual pigment ဖွဲ့စည်းမှုအတွက် အရေးပါပြီး မျက်စိတွင်ဇင့်ပမာဏ မြင့်မားစွာ ပါရှိပါတယ်။ ဇင့်ဓါတ်ချို့တဲ့လျှင် ညဖက်အမြင်အာရုံ ထိခိုက်ခြင်း night blindness ဝေဒနာ ခံစားရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးသော အာဟာရဓါတ်များတွင် ဇင့်အာဟာရဓါတ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဇင့်ဓါတ်ချို့တဲ့လျှင် စိတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ စိတ်ခံစားချက် တည်ငြိမ်မှုမရှိခြင်း၊ အပြုအမှုပိုင်းဆိုင်ရာ ပုံမမှန် ချို့ယွင်းမှုဖြစ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူများတွင် သွေးတွင်းရှိ ဇင့်ဓါတ်ပမာဏ လျော့နည်းမှုရှိသည်ဟု သုတေသန လေ့လာမှုများတွင် တွေ့ရှိရပါတယ်။
နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရတွေမှတစ်ဆင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဇင့်ဓာတ် (Zinc)ကိုရရှိနိုင်ပါတယ်။ red meat (အနီရောင်အသား) တွေဖြစ်တဲ့ ဝက်သား၊အမဲသားကဲ့သို့ အသားအမျိုးမျိုးနှင့်ပုစွန်၊ ခရု၊ကမာ၊ ယောက်သွားစတဲ့ပင်လယ်စာအမျိုးမျိုးနှင့်ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊နို့နှင့်နို့ထွက်ပစ္စည်းများ၊ ထောပတ်တို့တွင် ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အစားအစာများမှ ဇင့်ဓါတ်လုံလောက်မှု မရှိလျှင် ဇင့်ဓါတ်ပါဝင်သည့် အားဆေး၊ ဖြည့်စွက်အာဟာရများ မှီဝဲသင့်ပါတယ်။
Author: Dr.Yee Mon