အစားများသွားတဲ့အခါ ကြေညက်မလွယ်တဲ့ အစားအစာ စားမိတဲ့အခါမျိုးတွေမှာ အစာအိမ်ဝေဒနာတစ်ခုဖြစ်တဲ့ အစာမကြေတာမျိုး ခံစားဖူးကြမှာပါ။ ရင်ပြည့်ပြီး အစာစားချင်စိတ်မရှိတာ၊ အစာစားပြီး ဗိုက်ကြီးကယ်နေတာ၊ ဗိုက်အောင့်တာ၊ ပျို့တာ အန်တာ၊ လေချဉ်တက်တာ၊ ရင်ပူတာ စတဲ့လက္ခဏာတွေဟာ အစာမကြေတာကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေပါ။
လူတိုင်းလိုလို အစာမကြေဖြစ်ဖူးကြပေမယ့် ဘာ့ကြောင့် အစာမကြေဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းတွေကို သေချာသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ ဒါကြောင့် အစာမကြေဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကို ပြောပြချင်ပါတယ်။
-အများကြီးစားတာ၊ မြန်မြန်စားတာ
-ကော်ဖီ၊ အရက်၊ ချောကလက်နဲ့ gas ပါတဲ့ အချိုရည်တွေသောက်တာ
-အပူအစပ်တွေ အများကြီးစားတာ
-ဆေးလိပ်သောက်တာ
-စိတ်ဖိစီး၊ စိတ်လှုပ်ရှားနေတာ
-ပိုးသတ်ဆေး၊ အနာသက်သာတဲ့ဆေးနဲ့ သံဓာတ်အားဖြည့်ဆေးတွေ သောက်တာ
-Irritable bowel syndrome (IBS) လို့ခေါ်တဲ့ အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါတွေကြောင့် အစာမကြေတာ အဖြစ်များသလို
-အစာအိမ်ရောင်တာ
-အစာအိမ်နဲ့ အူမှာအနာဖြစ်တာ
-သည်းခြေကျောက်တည်တာ
-ဝမ်းချုပ်နေတာ
-အူပိတ်တာ
-မုန့်ချိုအိတ်ရောင်တာ
-အစာအိမ်ကင်ဆာ၊ အူကင်ဆာဖြစ်တာ
-အူထဲမှာ သွေးမလျှောက်တာ (intestinal ischaemia)
-ဆီးချိုရောဂါရှိတာ
-သိုင်းရွိုက်ရောဂါရှိတာနဲ့
-ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း အစာမကြေတာ ဖြစ်တတ်ပါတယ်။
ကင်ဆာ၊ ဆီးချို၊ အူပိတ်တာနဲ့ သည်းခြေကျောက်တည်တာမျိုးကြောင့် အစာမကြေရင် အဓိကရောဂါကို ကုသဖို့ အရေးကြီးပါတယ်။အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ အူလမ်းကြောင်း လှုပ်ရှားမှု ပုံမမှန်ရောဂါ Irritable Bowel syndrome / IBS ဖြစ်တာ စတာတွေကြောင့် အစာမကြေတာမျိုးအတွက် ဖြည့်စွက်ဆေးတစ်မျိုးကတော့ probiotics ဖြစ်ပါတယ်။ Probiotics ဆိုတာ ခန္ဓာကိုယ်နဲ့ အူထဲမှာ ရှိတဲ့အကျိုးပြု ဘက်တီးရီးယားလေးတွေ ဖြည့်စွက်ပေးတဲ့ အာဟာရ ဖြစ်ပြီး အစာခြေစနစ်ကို ကောင်းစေသလို ခန္ဓာကိုယ်ကို အန္တရာယ်ပြုတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတာကြောင့် အစာမကြေတာသက်သာစေသလို အစာအိမ်နဲ့ အူလမ်းကြောင်းကို အားကောင်းအောင် ပြုလုပ်ပေးပါတယ်။
အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ probiotics ကို ရနိုင်ပါတယ် (ကင်မ်ချီ၊ မုန်ညှင်းချဉ်၊ပဲတီချဉ် စသည်) အချဉ်ဖောက်ထားတဲ့ အစားအစာတွေ မကြိုက်တာ၊ အချိန်ယူပြီး ပြင်ဆင်ဖို့ မလွယ်ကူတာတွေ ရှိမယ်ဆိုရင်လည်း ဖြည့်စွက်ဆေးတွေ၊ ဖြည့်စွက် supplement ဆေးတွေ မှီဝဲနိုင်ပါတယ်။ ဒီလိုမှီဝဲ သောက်သုံးပေးခြင်းဖြင့် အစာမကြေတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ အစာအိမ်နဲ့ အူရောင်တာ၊ IBS ဖြစ်တာလို အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေမှာ ဖြစ်သလို နှလုံး၊ သွားနဲ့ ခံတွင်းကျန်းမာရေးကို ကောင်းစေတာ၊ ကိုယ်ခံအားစနစ်ကို ကောင်းစေတာ စတဲ့ အကျိုးတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
Author: Dr.Yee Mon