ကလေးများတွင် ဆီးပိုးဝင်ခြင်း
ဆီးပိုးဝင်ခြင်းဟာ ကလေးတွေမှာ အဖြစ်များပြီး သူတို့ရဲ့ကျောက်ကပ်ကိုပါထိခိုက်နိုင်ပါတယ်။ ကလေးငယ်လေလေ ကျောက်ကပ်ထိခိုက်နိုင်မှုများလေလေပါပဲ။
၁ နှစ်အောက်ကလေးတွေမှာဆိုရင် ဆီးပိုးဝင်ခြင်းဟာ ယောက်ျားလေးတွေမှာပိုဖြစ်ပြီး ၁ နှစ်အထက်မှာဆိုရင်တော့ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။
ဆီးပိုးဝင်ရတဲ့အကြောင်းရင်းတွေကတော့
– ဆီးသွားနည်းတာ
– ဝမ်းချူပ်တာ
– ဆီးလမ်းကြောင်းမွေးရာပါ ပုံမှန်မဟုတ်တာ
– ဆီးကျောက်တည်တာ
– တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ စသည်တို့ကြောင့်ဖြစ်ပါတယ်။
ကလေးတွေမှာ ဆီးပိုးဝင်တဲ့ လက္ခဏာတွေကတော့
. ဗိုက်နာသလိုလိုဖြစ်ခြင်း
. ဆီးခုံအထက်က အောင့်ခြင်း၊ နာခြင်း
. ဆီးမကြာခဏသွားချင်ခြင်း သို့မဟုတ် သွားခြင်း
. ဆီးကျင်ခြင်း
. ဆီးထဲသွေးပါခြင်း စသဖြင့်ပါ။
တကယ်လို့ ဆီးပိုးက ကျောက်ကပ်ကိုထိပြီး ကျောက်ကပ်ရောင်ခဲ့ရင်
– ဖျားတာ
– နုံးတာ အီနေတာ မှိန်းနေတာ
– အန်တာ
– ခါးနာတာတွေပါ ဖြစ်နိုင်ပါတယ်။
ဘာတွေစစ်ဆေးရမလဲ။
ဆီးပိုးဝင်တာအတွက်က ဆီးစစ်ကြည့်ဖို့လိုပါမယ်။ ဆီးစစ်ဖို့အတွက် ဆီးယူတဲ့အခါမှာ စစထွက်တဲ့ဆီးကို မယူရပါဘူး။ ဆီးပေါက်တာ အလယ်လောက်ရောက်မှ ဆီးယူတဲ့ခွက်နဲ့ ခံလိုက်ပါ။
ကျောက်ကပ် အခြေအနေသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊ ဓါတ်မှန်ရိုက်တာ၊ နောက် ဆေးဓါတ်မှန် ရိုက်တာ စသဖြင့်လုပ်နိုင်ပါတယ်။ ကုသတာကတော့ ပိုးသေဆေး (antibiotics) တွေပေးဖို့လိုတဲ့အတွက် ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
ဆီးပိုးမဝင်အောင် ကာကွယ်နည်းတွေကတော့ ဝမ်းမချုပ်ပါစေနဲ့။ အိမ်သာတက်ပြီး သန့်ရှင်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲ သွားပါ။ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။
ဆီးမကျန်အောင် ကလေးတွေကို ဆီးတည်တဲ့အခါကျ နှစ်ခါတည်ပါ။ ရေများများသောက်ခိုင်းပါ။ အတွင်းခံအကျပ်ကြီးတွေ မဝတ်ပေးပါနဲ။ အတွင်းခံတွေကို နေ့စဉ်လျှော်ဖွတ်ပြီး သန့်သန့်ရှင်းရှင်းထားပါ။
Author : Dr 528