ဒီနေ့ညစာစားပြီးတော့ ခံတွင်းနည်းနည်းချဉ်သလိုလို ရှိတာမို့ မလျက်တာကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကို လှမ်းယူပြီး ဖွင့်လိုက်မိတယ်။ လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့။
လက်နဲ့နှိုက်ကြည့်လိုက်တဲ့အခါ မွမွလေးဖြစ်နေတော့ စိတ်ထဲ မသင်္ကာတာနဲ့ လျက်ဆားပုလင်းကို ဓာတ်မီးနဲ့ ထိုးကြည့်မိတယ်။ လား လား…. မှိုတွေ ပုလင်းထဲမှာ ပြည့်လို့။
ဒါက မျက်စိနဲ့ မြင်ရတဲ့အရွယ်ရောက်လာလို့၊ ဒီအရွယ်ဆိုရင် သူတို့ တော်တော်ကြီးနေရောပေါ့။ ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်။ အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ။
“အဲ့ဒီကလေးက လူကောင်းလေး၊ အရက်လည်းမသောက်၊ အသည်းရောင်ပိုးတွေ ဘာတွေလည်းမရှိဘဲနဲ့ အခုတော့အသည်းကင်ဆာဖြစ်လို့တဲ့ ဆိုတဲ့ စကားလေးတွေအကြောင်းလေ။ တကယ်တော့ …… မှို။ အဲ့ဒီမှိုတွေကြောင့် ပါပဲလေ။ အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ် Mycotoxin တွေကြောင့်သာ အသည်းပျက်စီးကြတာ၊ အသည်းကင်ဆာဖြစ်ကြတာလေ။
ကျွန်တော်တို့ နိုင်ငံလို ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ။
ကမ္ဘာပေါ်မှာ မှိုမျိုးစိပ်ပေါင်း တစ်သန်းခွဲလောက် ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရယ်ပေးကြပါတယ်။တကယ်တော့ မှိုက အန္တရာယ်ပေးတာတော့မဟုတ်ပါဘူး။
အဲ့ဒီမှိုကထုတ်တဲ့ မှိုဆိပ်ကသာ ဒုက္ခပေးတာပါ။ မှိုကို သတ်လိုက်လို့ သေသွားရင်တောင်မှ သူကထုတ်ပေးခဲ့တဲ့ မှိုဆိပ်တွေက မသေပါဘူး။ အန္တရာယ်ရှိဆဲပါပဲ။အခုနက ကျွန်တော်လျက်ဖို့ လုပ်မိတဲ့ တိုင်းရင်းဆေးနံမည်ကိုတော့ အမည်မတပ်လိုပါဘူး။ မူလဆေးတိုက်က စနစ်တကျထုတ်ပိုးပေမယ့် သုံးစွဲသူရဲ့လက်ထဲမှာ ထားသိုမှုညံ့ဖျင်းရင်လည်း မှိုတက်တတ်တာမို့ပါ။ အဓိက သုံးစွဲသူကိုယ်တိုင်က မှိုဆိပ်ကြောင့် ဒီလိုဖြစ်တယ်ဆိုတာတွေကြောင့်လည်း ကင်ဆာဖြစ်နိုင်စေပါတယ်။
အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေကြောင့်လည်း အသည်းကင်ဆာဖြစ်နိုင်ပါတယ်။ စနစ်တကျ ထုတ်ပိုးမထားတဲ့ တိုင်းရင်းဆေးတွေ၊ ငရုတ်သီးခြောက်၊ မြေပဲ၊ ပြောင်းဖူးစတဲ့အသီးအနှံတွေမှာ အပူချိန်နဲ့စိုစွတ်မှုအပေါ် မူတည်ပြီးတော့ မှိုတွေပေါက်လာနိုင်ပါတယ်။
အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိပ်တွေပေါက်နေတာများပါတယ်။ အဲ့ဒီမှိုတွေက မှိုအဆိပ်တွေထုတ်ပေးပါတယ်။ မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေ ပါတယ်။
မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင် Aspergillus ဆိုတဲ့ မှိုမျိုးစိပ်ထဲက A.Flavus နဲ့ A.Parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိကထုတ်ပေးပါတယ်။အဲ့ဒီ Aflatoxin မှိုဆိပ်က အသည်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အန္တရာယ်ရှိပါတယ်။ မြေပဲ၊ မြေပဲနဲ့ လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး၊ လျက်ဆား၊ ပရဆေး အချို့မှာ အများဆုံးပါဝင်ပါတယ်။
Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသားအင်္ဂါထိခိုက်စေနိုင်တဲ့ အန္တရာယ်အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်။ A. fumigates ဆိုတဲ့မှိုဟာလည်းကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုအဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မှု ရောဂါဖြစ်စေပါတယ်။ Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့်ပန်းနာရင်ကြပ်ပုံစံ အဆုတ်ရောဂါဖြစ်တတ်ပါတယ်။
A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်ကလည်း အသည်း၊ အဆုတ်၊ ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်။
Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့ မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်းတို့ကို ဖြစ်စေပြီး P.Citrinum ကထုတ်တဲ့ Citrinin
မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေပါတယ်။ တခြားမှိုမျိုးစိတ်တွေ ကိုတော့ မပြောတော့ပါဘူး။ မှိုဆိပ်သင့်ပြီဆိုရင်တော့ အရင်ဆုံး ခံစားရတာတွေကအစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်၊ တဖြည်းဖြည်းကြာလာပြီဆိုရင် ပျို့အန်တာတွေ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်။
ဒီမှိုဆိပ်မသင့်အောင် အစာစားတဲ့အခါ အတတ်နိုင်ဆုံး သတိထားရမှာဖြစ်ပါတယ်။ Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကိုသုံးပုံနှစ်ပုံခန့်အထိလျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိထားတာရှိပါတယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေများများစားခြင်းဟာကျန်းမာရေးအတွက် အမှန်တကယ်အထောက်အကူပြုပါလိမ့်မယ်။
တချို့က အဲ့ဒီမှိုရှိတဲ့ အသီးအနှံတွေကို အပူပေးတာ၊ ကြော်တာလုပ်လိုက်ရင် မှိုဆိပ်ပြယ်သွားမယ်ထင်ကြပါတယ်။ အမှန်ကတော့ မီးအပူပေးတာက မှိုကိုပဲသေစေနိုင်မှာပါ။အဲ့ဒီမှိုက ထုတ်တဲ့ မှိုဆိပ်ကိုတော့ မပျက်စီးစေပါဘူး။ဒီမှိုဆိပ်ကို လျော့ပါးစေဖို့ အမိုးနီးယားကို အသုံးပြုနိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ နောက်ပြီး Flavobacterium aurantiacum ဆိုတဲ့ ဘက်တီးရီးယားပိုး
တစ်မျိုးကို အသုံးပြုပြီး အစားအသောက်တွေ၊ အဖျောက်ယမကာတွေမှာပါတဲ့ မှိုဆိပ်ကိုဖယ်ရှားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့နိုင်ငံမှာ လုပ်နိုင်ဖို့ အခက်အခဲရှိနေပါလိမ့်မယ်။ ဘယ်သူမပြုမိမိမှုပဲမို့ ကိုယ့်ပင်ကိုယ်အသိနဲ့သာ သတိထားပြီး စားသောက်ကြရမှာပါ။ အခုဆိုရင်ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်း ကြောက်မခန်းလိလိ တက်လာနေတာ တွေ့နေရပါတယ်။ အဓိကအကြောင်းရင်းကတော့ အစားအသောက်တွေကြောင့်ပါ။ အခုကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာဟာ အဲ့ဒီအကြောင်းရင်းတွေထဲက လူတော်တော်များများ သတိမထားမိကြတဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ဒီစာလေးကိုဖတ်ပြီးကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက် တစ်ထောင့်တစ်နေရာက အကျိုးရှိသွားမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါပြီ။
(ဒေါက်တာနေလင်းအောင်(ပျော်ဖွယ်))
#Health Care Journal(အတွဲ(၇)၊ အမှတ်(၂၁))