ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားများသာမက အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ အဘိုးအို၊ အဘွားအိုနဲ့ ရဟန်းသံဃာတွေပါ ကွမ်းစားနေကြပါတယ်။ လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကွမ်းစားတဲ့ အလေ့အကျင့်များ တစ်နေ့တခြား တိုးပွားလျှက်ရှိနေတာကိုတွေ့ရပါတယ်။ ကျေးလက်တောရွာများအပြင် မြို့ကြီးများ၌ပင် ကွမ်းစားခြင်းကြောင့် မြို့တော်ရဲ့သန့်ရှင်းသာယာလှပခြင်းကို ဖျက်စီးလျှက်ရှိနေပါတယ်။ ကွမ်းစားခြင်းဟာ လူမှုဆက်ဆံရေးအတွက် ကောင်းတယ်လို့အထင်မှားနေကြပါတယ်။ အလှူမင်္ဂလာနဲ့ ဘာသာရေးဆိုင်ရာပွဲတော်များမှာ ယဉ်ကျေးမှုဓလေ့ထုံးစံသဖွယ် ဧည့်ခံနေကြပါတယ်။ဒါပေမဲ့ ကွမ်းစားခြင်းကြောင့် ကျန်းမာရေးကိုဒုက္ခပေးပြီး၊ သွားနှင့်ခံတွင်းကို ထိခိုက်နေတယ်လို့ သိရှိသူနည်းပါးနေတာကို သိရလို့စိတ်မကောင်းပါဘူး။ ဒါကြောင့် ကျန်းမာရေးကို ဒုက္ခပေးတဲ့ ကွမ်းစားခြင်းအကြောင်းကို ပြောချင်ပါတယ်။
မေး – ကွမ်းစားခြင်းနဲ့အလှအပ ဘယ်လိုသက်ဆိုင်ပါသလဲဆရာ။
ဖြေ – ကွမ်းစားခြင်းကြောင့် ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ခြင်းကို ပျက်စီးစေပါတယ်။ အရွယ်မတိုင်မီအိုမင်းရင့်ရော်နိုင်ပါတယ်။ သွားနီခြင်း၊၊ သွားမည်းခြင်း၊ သွားယိုင်ခြင်း နဲ့ သွားပဲ့ခြင်းများကြောင့် သွားဖုံးနဲ့ သွားရောဂါများဖြစ်ပြီး ရုပ်ဆိုး ကျည်းတန်စေပါတယ်။ နှုတ်ခမ်းအရောင်စွဲပြီး သွားများကိုလည်း ပျက်စီးစေပါတယ်။
မေး – ကွမ်းစားခြင်းကြောင့်ဖြစ်တတ်သော သွား၊ ခံတွင်း ရောဂါများကို ပြောပြပေးပါဆရာ။
ဖြေ – ကွမ်းစားခြင်းကြောင့် သွားဖုံးရောင်ရောဂါ၊ သွားမြစ်ဝန်းကျင်ရောင် ရောဂါ၊ ခံတွင်းကင်ဆာ၊ သွားဖုံးရိုးပျက်စီးခြင်းနဲ့ သွားမျက်နှာပြင်မှာ ထုံးကျောက်ဖတ်များ တွယ်ကပ်နေခြင်းစတဲ့ သွားနဲ့ခံတွင်းရောဂါများ ဖြစ်စေနိုင်ပါသည်။
ကွမ်းစားသူများမှာ ခံတွင်းကင်ဆာအပြင် အစာရေမြိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးကြောပိတ်၍ ခြေထောက်ဖြတ်ရခြင်းရောဂါ၊ ပန်းနာရင်ကြပ် ရောဂါကို ပိုမိုဆိုးရွားစေခြင်း၊ လမစေ့ပေါင်မပြည့်သော ကလေးမွေးခြင်း၊ ကလေးအသေမွေးခြင်းနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ကလေးမွေးဖွားခြင်းများ ဖြစ်တတ်ပါတယ်။
ကွမ်းပုံမှန်စားသူများမှာ ပါးစပ်နဲ့မေးရိုးကြွက်သားများ မာကြောပြီး မေးရိုးလှုပ်ရှားမှုပြဿနာများဖြစ်နိုင်ပါတယ်။ လျှာမှာလည်းအရသာခံနိုင်မှုပျက်စီးပြီး ခံတွင်းနှင့်လျှာမှာ ကင်ဆာရှေ့ပြေးပြဿနာများ ဖြစ်တတ်ပါတယ်။
မေး – ကွမ်းယာထဲ ဘာတွေပါသလဲဆရာ။
ဖြေ – ကွမ်းယာထဲမှာ ထုံး၊ ရှားစေး၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီး၊ လေးညှင်း၊ နွယ်ချို၊ စမုံစပါး၊ ဖာလာ၊ ပရုတ်၊ ဂမုန်း၊ အိန္ဒိယဆေးများ(ဘုရင်မ၊ ဖော်တီဖိုက်၊ နိုင်တီတူး၊ စတား၊ စင်ကနယ်၊ ဆပ်ခါး) နဲ့ နှပ်ဆေး (ဆေးရွက်ကြီး စိမ်ထားခြင်း) တို့ပါရှိပါတယ်။
မေး – ထုံးနဲ့ရှားစေးအကြောင်းသိချင်ပါတယ်ဆရာ။
ဖြေ – ကွမ်းယာထဲ ထုံးရည်နဲ့ ရှားစေးကို ထည့်ထားကြပါတယ်။ ထုံးရည်ကြောင့် ထုံးပူလောင်ခြင်း၊ လျှာထူခြင်းနဲ့ အရသာပျက်ခြင်းကို ဖြစ်စေပါတယ်။ သွားဖုံးသားကျန်းမာရေးကို ထိခိုက်စေပြီး ကျောက်ဖတ်များ ပိုများစေပါတယ်။ ရှားစေးဟာသစ်ပင်ကထွက်တဲ့ သဘာဝဆိုးစေတစ်မျိုးဖြစ်ပေမယ့် ယနေ့အချိန်အခါမှာ ခွင့်မပြုသောဓာတုဆိုးဆေးများကိုထည့်သွင်းအသုံးပြုနေကြပါတယ်။ဒီရှားစေးကို နှစ်ရှည်လများကြာရှည်စွာစားသုံးခြင်းကြောင့် သွားများကိုအရောင်ဆိုးပြီး၊ အကျည်းတန် ရုပ်ဆိုးစေပါတယ်။ ခံတွင်းကို ဒုက္ခပေးပြီး ကင်ဆာများဖြစ်စေနိုင်ပါတယ်။
မေး – ကွမ်းသီးနဲ့ပတ်သတ်၍လည်း ရှင်းပြပေးပါဦးဆရာ။
ဖြေ – ကွမ်းသီးဟာ ပါးစပ်အတွင်းရှိ အမြှေးပါးကလပ်စည်း(ဆဲလ်များ)ကို ပြောင်းလဲမှုဖြစ်စေပါတယ်။ ကွမ်းသီးမှာ မှိုများတက်နေပါက အသည်းကင်ဆာဖြစ်နိုင်ပါတယ်။ ကွမ်းသီးမာမာများကို ဝါးစားခြင်းကြောင့် သွားများပဲ့ထွက်ခြင်း၊ ယိုင်နဲ့ခြင်းနဲ့ ကျိုးထွက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ဦးနှောက်၊ နှလုံး၊ အစာလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါများကို ထိခိုက်စေပါတယ်။ သွေးကြောများကိုလည်း ကျဉ်းစေပါတယ်။
မေး – ကွမ်းရွက်အကြောင်းလည်း ပြောပြပေးပါဆရာ။
ဖြေ – ကွမ်းရွက်ဟာလူတို့၏စိတ်ကို ခေတ္တစိတ်တက်ကြွလန်းဆန်းပြီးပျော်ရွင်စေပါတယ်။ ဒါပေမဲ့ မသန့်ရှင်းတဲ့ ကွမ်းရွက်၊ ပိုးသတ်ဆေးဖျန်းထားတဲ့ ကွမ်းရွက်ကိုစားသုံးမိပါက လူကိုဥပါဒ်ဖြစ်စေနိုင်ပါတယ်။ သွားနှင့်ခံတွင်းကိုလည်း အနည်းငယ် ထိခိုက်စေပါတယ်။
မေး – ကွမ်းယာထဲမှာပါဝင်တဲ့ ဆေးရွက်ကြီးများကိုလည်း သိချင်ပါတယ်ဆရာ။
ဖြေ – ဆေးရွက်ကြီးမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ ဦးနှောက်အား နှိုးဆွပြီး ကွမ်းမစားရ၊ မငုံရ မနေနိုင်အောင် စွဲလမ်းစေပါတယ်။ လူကို မူးယစ်ထုံထိုင်းပြီး ဆေးလိပ်ကဲ့သို့ စွဲစေပါတယ်။ ဆေးရွက်ကြီးဟာ မီးခိုးမထွက်တဲ့ ဆေးလိပ်ပင်ဖြစ်ကြောင်း တင်စားနိုင်ပါတယ်။ နီကိုတင်းဟာ တံတွေးနှင့် ပေါင်းစပ်ပြီး ခံတွင်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကို ပါးစပ်အတွင်း ငုံပြီးစားပါက ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံးကင်ဆာများ ဖြစ်နိုင်ပါတယ်။
မေး – အိန္ဒိယကွမ်းယာဆေးများ၏ ဆိုကျိုးကိုလည်း သိချင်ပါတယ်ဆရာ။
ဖြေ – အိန္ဒိယကွမ်းယာဆေးများဟာ သွားနဲ့ခံတွင်းကို ထိခိုက်စေပါတယ်။ ကင်ဆာရောဂါများကိုလည်း ဖြစ်စေနိုင်ပါတယ်။ အချို့မှာ စိတ်ကြွဆေးများပါရှိတယ်လို့ သိရပါတယ်။ လွန်ကဲပါက အမျိုးသားများမှာ အိမ်ထောင်ရေးသာယာမှုကို ထိခိုက်စေနိုင်ပါတယ်။
မေး – ကွမ်းယာထဲမှာပါဝင်တဲ့ အခြားပစ္စည်းများကိုလည်း ပြောပြပေးပါဆရာ။
ဖြေ – ကွမ်းယာထဲမှာပါရှိတဲ့ နွယ်ချို၊ ဖာလာ၊ စမုံစပါး၊ လေးညှင်း၊ ဂရုမုန်းနဲ့ ပရုတ်တို့သည် အစာကြေခြင်း၊ လေထိုးလေအောင့်ကို သက်သာစေခြင်းနဲ့ ခံတွင်းမွှေးခြင်းတို့ကို ဖြစ်စေတတ်ပေမယ့် သွားနဲ့ခံတွင်းကို ထိခိုက်စေပါတယ်။
မေး – နောက်ဆုံးအနေနဲ့ ဆရာ့ရဲ့အကြံပြုချက်ကို သိချင်ပါတယ်။
ဖြေ – ကွမ်းစားခြင်းကြောင့် မိမိတစ်ကိုယ်ရည်ကျန်းမာရေးသာမက ပတ်ဝန်းကျင်သန့်ရှင်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ သွားများမှာ ကွမ်းချေးများတက်ပြီး အလှအပကို ထိခိုက်စေနိုင်ပါတယ်။ သွားဖုံးများထူခြင်း၊ ရောင်ခြင်း၊မာကြောလာခြင်း၊သွားဖုံးသားများနိမ့်ဆင်းလာခြင်းများ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သွားနဲ့ခံတွင်းရောဂါများ အခြားကင်ဆာရောဂါများ မဖြစ်ပွားစေရန်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မထိခိုက်စေရန်အတွက် ကွမ်းစားခြင်းကို ရှောင်ကြဉ်ရပါမယ်။
ကျွန်တော်တို့နိုင်ငံမှာ ရိုးရာထုံးတမ်းအစဉ်အလာအရ နိုင်ငံတစ်ဝန်းကွမ်းစားနေကြပါတယ်။ ကွမ်းစားသုံးသူများရဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုကြောင့် အစိုးရရုံးများ၊ ကျောင်းများ၊ ဆေးရုံများနဲ့ သင်္ဘောဆိပ်၊ ဘူတာရုံ၊ မြို့ကြီးများရဲ့ သန့်ရှင်းမှုကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ သွားဖုံးကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာများဖြစ်ပွားနေ၍ ကွမ်းကိုလုံးဝမစားသင့်ကြောင်း အကြံပြုတင်ပြပြောကြားအပ်ပါတယ်။
(ဒေါက်တာမြင့်သန်းထွန်း(ကျန်းမာရေး)
#Health Care Journal(အတွဲ(၇)၊ အမှတ်(၂၁))