ခြင်မှတဆင့် ဖြစ်ပွားတဲ့ ရောဂါတွေကြောင့် ကမ္ဘာနဲ့အဝှမ်း တစ်နှစ်ရင် လူပေါင်း ၈ သိန်း နီးပါး အသက်ဆုံးပါးနေပါတယ်။ ကမ္ဘာအနှံ့အပြား ခြင်ကို အမြစ်
ပြတ်နှိမ်နင်းနိုင်ဖို့ ကြိုးစားဆဲအဆင့်မို့ ခြင်မှတဆင့် ဖြစ်ပွားတဲ့ရောဂါများဟာ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်ဆဲပါ။ ဒါကြောင့် ခြင်တွေကို အမြစ်ပြတ် နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ မပေါ်သေးသရွေ့ ခြင်မကိုက်အောင် ခြင်မပေါက်ပွားအောင် သတိပြုဆင်ခြင် ရပါ့မယ် ။
ခြင်မကိုက်အောင် နေထိုင်နည်း အမျိုးမျိုးထဲကမှ ခန္ဓာကိုယ်ပေါ်လိမ်းရတဲ့ mosquito repellent လို့ခေါ်တဲ့ ခြင်မကိုက်အောင်လိမ်းတဲ့ဆေးကို စနစ်တကျ
လိမ်းတတ်အောင် ပြောပြပါ့မယ် ။ Environment Protection Agency သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အေဂျင်စီက အသိအမှတ်ပြုထားတဲ့ လိမ်းဆေး ၄ မျိုးရှိပါတယ် ။
– DEET
– IR3535
– Oil of lemon eucalyptus (OLE) ၊ဒါမှမဟုတ် PMD (OLE ကို ပြုပြင်ထုတ်လုပ်ထားတဲ့ ဆေး)
– Picaridin (KBR 3023)
အထက်ပါဆေးများပါတဲ့ ခြင်မကိုက်အောင်လိမ်းတဲ့ဆေးများကို ဈေးကွက်ထဲမှာ နာမည်အမျိုးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ် ။
Mosquito Repellent တွေကို ဘယ်လို စနစ်တကျ လိမ်းကြမလဲ
-ခြင်ကိုက်နိုင်မယ့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို လိမ်းပါ။
-အဝတ်အစားအောက်က အရေပြားတွေကို လိမ်းစရာမလိုပါ။
-မျက်လုံး တဝိုက် ၊ပါးစပ်တဝိုက်နဲ့ နားတဝိုက်ကို မလိမ်းပါနဲ့။
-ဖျန်းဆေးတွေ သုံးတဲ့အခါ လက်ကို အရင်ဖျန်းပြီး ကျန်တဲ့နေရာကို လိမ်းပါ။
-အနာများ ၊ပြတ်ရှဒဏ်ရာများနဲ့ အနီးတဝိုက် မလိမ်းသင့်ပါ။
-အစားအသောက်များ အနားမလိမ်းသင့် ၊လိမ်းထားတဲ့လက်ကို ဆေးကြောပြီးမှ အစားအသောက်များ ကိုင်သင့်ပါတယ်။
-လိမ်းပြီးရင် သေချာ စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။
-ဆေးလိမ်းပြီး လိမ်းတဲ့နေရာက ယားယံ အနီပြင်ထွက်ရင် သေချာ ဆေးကြောပါ။
ကလေးများနဲ့ Mosquito Repellent
-ကလေးများအတွက် လိမ်းဆေးရွေးရာမှာ သတိထားဖို့လိုတယ် ။ DEET ပါဝင်နှုန်း ၃၀ ရာခိုင်နှုန်းထက်မကျော်တာ ရွေးပါ ။
-အသက် ၃နှစ်အောက် ကလေးများတွင် lemon eucalyptus ပါသော လိမ်းဆေးများ မသုံးရ။
-အသက် ၂နှစ်အောက် ကလေးများကို လိမ်းဆေး လုံး၀ မလိမ်းရပါ။
-လိမ်းတဲ့ ပမာဏ အနည်းငယ်ကို လူကြီးလက်ဖဝါးတွင် ထည့်ကာ ကလေးများကို လိမ်းပေးပါ။
-ကလေးလက်ထဲဖြစ်စေ၊ ကလေးအသားကို တိုက်ရိုက်မလိမ်းပါနဲ့။
-လိမ်းပြီးရင် သေချာ စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။
Author : ခေတ်သစ် ဇီဝက