သင့်ကလေးအတွက် သင့်တော်တဲ့ ကိုယ်အလေးချိန် ဘယ်လောက်လဲဆိုတာ စဉ်းစားမိရဲ့လား။ ဒါဟာ မိဘတွေ အသိချင်ဆုံးအရာဖြစ်တယ်။ ဒီမေးခွန်းဟာ ရိုးရိုးလေးဖြစ်ပေမဲ့ ဖြေဖို့သိပ်မလွယ်ပါ။ ကလေးအထူးကုဆရာဝန်ကို မေးကြည့်ရမှာဖြစ်ပါတယ်။
ငယ်စဉ်အခါမှာ ကိုယ့်ကလေးက သိပ်ပိန်နေရင် ဒါမှမဟုတ် သိပ်ဝနေရင် ကလေးငယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် အခက်အခဲရှိနိုင်တယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ မိဘတွေရဲ့ ဖြစ်နေကျစိုးရိမ်မှုတစ်ခုက ကလေး အကောင်းပကတိ ရှိနေတာတောင် ကောင်းကောင်းနဲ့ မှန်မှန်မစားဘဲ နေသလား။ အာဟာရချို့တဲ့နေသလားလို့ စိတ်ပူကြတာဖြစ်တဲ့အကြောင်း Mount Elilgabeth Medical Centre မှ ကလေးအထူးကုဆရာဝန်ဒေါက်တာ ဗီရာအိုးကဆိုတယ်။
သင့်ကလေးက ကျန်းမာတဲ့ ကိုယ်အလေးချိန် အတိုင်းအတာအတွင်းမှာ အမှန်တကယ်ရှိနေတဲ့အခါမှာ ၎င်းတို့ဟာ ညှက်နေသလားလို့ မိဘများအနေနဲ့ စဉ်းစားနေကြဖြစ်တယ်။ အထူးသဖြင့် အာရှဝန်းကျင်ရှိ ရှေးလူကြီးတွေဟာ ကလေးဝရင် ကျန်းမာတယ်လို့ ယူဆကြလို့။ သူတို့ရဲ့မြေးတွေကို ဝစေချင်ကြတယ်။ အာဟာရချို့တဲ့မှုရဲ့ လက္ခဏာတွေက အသားအရေ ဖြူလျော်ခြင်းနဲ့ စိတ်မပါ ဂရုမစိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့က သံဓာတ်ချို့တဲ့မှုနဲ့ အခြားအာဟာရဓာတ် မရှိတာကိုပြတယ်လို့ ဒေါက်တာ “အိုး” ကဆိုတယ်။
ကိုယ်အလေးချိန် တိုးတက်လာခြင်း မရှိတာဟာ နောက်ပိုင်းမှာ အရပ်ရှည်ဖို့လည်း ညံ့သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ အဝလွန်ခြင်းရဲ့ လက္ခဏာတွေက ဟောက်တတ်ခြင်း၊ အားနည်းခြင်းနဲ့ ဂျိုင်းနဲ့ လည်ပင်းနားပတ်ဝန်းကျင်မှာ ညိုမည်းနေခြင်း တို့ဖြစ်တယ်။ လွန်ကဲစွာ ရေငတ်ခြင်းနဲ့ ဆီးသွားခြင်းကဲ့သို့သော ဆီးချိုရောဂါရဲ့ လက္ခဏာတွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာအိုး ကဆိုတယ်။
သုံးနှစ်နဲ့ ခြောက်နှစ်ကြားကလေးတွေဟာ သူတို့စားတဲ့ အစားအစာပေါ်မှာ ဇီဇာကြောင်လာတတ်ကြတယ်။ ၎င်းတို့ဟာ စားတဲ့အလေ့အကျင့်တွေကို သိပ်တတ်နေပြီးဖြစ်လို့ သိပ်ကြိုက်တာ မကြိုက်တာတွေကို ရွေးချယ်လာကြတယ်။
ကလေးတွေဟာ အစာစားတဲ့အချိန်မှာ စိတ်ကပျံ့လွင့်နေတတ်တယ်။ ပတ်ဝန်းကျင်မှာ ကြည့်စရာတွေ များပြီး အာရုံတွေထွေပြားနေလို့ အစားအစာကို ဂရုမစိုက်ကြပါ။ ဒီအရွယ်မှာ ကလေးကို ကျွေးမွေးရတာ အတော်ခက်ပါတယ်။ ကလေးကောင်းကောင်းစားဖို့ ကူညီပါ။ သိပ်များများစားနေတဲ့ကလေး၊ သိပ်နည်းနည်းစားနေတဲ့ကလေးကို လုံလုံလောက်လောက် စားဖို့ မိဘတွေက အားပေးပါ။ အစာစားတဲ့ကောင်းတဲ့ အလေ့အကျင့်ကို မိဘတွေအနေနဲ့ စံနမူနာထားပြပါ။
အစာစားချိန်ရဲ့ လူမှုရေးလက္ခဏာသွင်ပြင်ကို အလေးထားရန် ဖြစ်နိုင်ရင် မိသားစုအားလုံး အတူတူ ညစာစားသင့်ကြောင်း၊ အတူတူစားခြင်းကြောင့် မိဘများအနေနဲ့ ကလေးတွေ အစာစားတာကို စောင့်ကြည့်ဖို့ အခွင့်အရေးရှိပြီး၊ ကောင်းတဲ့ အစာစားချိန် အလေ့အကျင့်ကို အားပေးနိုင်ကြောင်း ဒေါက်တာ “အိုး” ကဆိုတယ်။ ထမင်းစားပွဲမှာ မိဘတွေက စိတ်ကိုပေါ့ပေါ့ပါးပါးထားရှိပြီး၊ အစားအစာနဲ့ ပတ်သက်ပြီး ဒေါသနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရန် ၎င်းက အလေးထားပြီးပြောခဲ့တယ်။ ကလေးတွေဟာ စားပွဲပေါ်မှာရှိတဲ့ အစားအစာအားလုံးကို အနည်းဆုံးတစ်ဇွန်းစီ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် စားရမယ် ဆိုတဲ့စည်းကမ်းတစ်ခု ချမှတ်သင့်တယ်လို့လည်း ၎င်းကဆိုတယ်။
ဒီဟင်းမစားချင်၊ ဟိုဟင်းမစားချင် မဖြစ်အောင် နည်းလမ်းတစ်ခုက ဟင်းချက်ဖို့ ပြင်ဆင်တဲ့အခါမှာ သူတို့လေးတွေကို ပေါ့ပါးတဲ့အလုပ်ဖြစ်တဲ့ ချဉ်ပေါင်ရွက်ချွေတာ၊ ပဲပင်ပေါက် အမြီးဆိတ်တာတွေ လုပ်ခိုင်းပါ။ ပြင်ဆင်တဲ့အခါမှာ ပါဝင်ရလို့၊ သူတို့လက်နဲ့ လုပ်ပေးတဲ့ အစားအစာကို ပိုပြီးစိတ်ဝင်စားလာမှာဖြစ်တယ်။
ကောင်းတဲ့ကျန်းမာရေးက ကိုယ်အလေးချိန် တစ်ခုတည်း မဟုတ်ပါ။ ကလေးဟာ သူနဲ့သင့်တော်တဲ့ အာဟာရဓာတ်တွေ ရနေတယ်ဆိုတာ သေချာစေတဲ့ အချက်တွေမှာ ကိုယ်အလေးချိန်အပြင် အထွေထွေကျန်းမာရေး၊ အားအင်အဆင့်နဲ့ အရပ်မြင့်လာမှု တို့ဖြစ်တယ်။
ကိုယ်အလေးချိန်ဟာ ကလေးကျန်းမာရေးရဲ့ သတ်မှတ်ချက် ဘောင်တစ်ခုဖြစ်သလို၊ အရပ်အမောင်းကလည်း စဉ်းစားဖို့ လိုအပ်တဲ့အချက်တစ်ခု ဖြစ်တယ်။
မိဘတွေအနေနဲ့ မိမိကလေးမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။
Body Mass Index (BMI) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းအညွှန်းကိန်းဟာ ကောင်းပြီး၊ ကောင်းစွာယုံကြည်ရတဲ့ တွက်ချက်မှု တစ်ခုဖြစ်တယ်။
မိဘတွေက ကလေးတွေရဲ့ ကိုယ်အလေးချိန်ကို ဇယားထဲမှာ မှတ်သားပါ။ ဒီဇယားထဲမှာမှ အသက်နဲ့လိုက်ပြီး ကိုယ်အလေးချိန်ကိုမှတ်ပါ။ အသက်နဲ့လိုက်ပြီးရှိတဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်ကို ဖော်ပြပါ။ တွက်ချက်လို့ရတဲ့ အညွှန်းကိန်းဟာ သင့်ကလေးဘယ်လောက်ထိ အချိုးအစားကျတယ်ဆိုတာ သိနိုင်တဲ့အတွက် အလွန်အသုံးဝင်ကြောင်း ဒေါက်တာအိုးက ဆိုတယ်။ တွက်ချက်နိုင်ဖို့အတွက် ကလေးရဲ့ မွေးနေ့၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းနဲ့ ယောက်ျား၊ မိန်းမကို ဖော်ပြရပါမယ်။ ကလေးအထူးကုဆရာဝန် “ဘီအမ်အိုင်” အညွှန်းကိန်းဖြင့် ကလေးမှာ ၎င်းရဲ့ အသက်နဲ့ဆီလျော်သော ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိ/မရှိကို ပကတိမျက်မြင်အတိုင်း ပြောပြပါလိမ့်မယ်။
Author: နှင်းအေးဝေ, Healthcare Journal, vol 8,no 26 ( 14.7.17 )