ခြင်ကျားကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ရောဂါအပြင် ဇီကာဗိုင်းရပ်စ်ပါ ကူးစက်ပျံ့နှံ့နေတယ်။ သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ “ဇီကာဗိုင်းရပ်စ်” အကြောင်း ဆွေးနွေးထားပါတယ်။
မောင် – ဇီကာဗိုင်းရပ်စ်က ဘယ်လိုကူးစက်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ ခြင်ကျားအကိုက်ခံရလို့ ဇီကာရောဂါဖြစ်တာပါ။ ဇီကာဗိုင်းရပ်စ်ဟာ သွေးမှတစ်ဆင့်၊ လိင်ဆက်ဆံရာမှတစ်ဆင့်၊ အချင်းမှတစ်ဆင့် ကူးစက်နိုင်ကြောင်း သိရပါတယ်။
မယ် – ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေမှာ ဖြစ်ပွားသလဲဆရာ။
ဒေါက်တာမင်္ဂလာ – ၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ဘရာဇီး၊ ထိုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပီရူး၊ ကိုလံဘီယာစတဲ့ တောင်အမေရိကနိုင်ငံများ၊ ကိုစတာရီကာ၊ ပနားမားစတဲ့ အမေရိက အလယ်ပိုင်း အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း (၃၉)နိုင်ငံ ကူးစက်ပျံ့နှံ့နေပါတယ်။
မောင် – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ဆောင်ရွက်ချက်က ဘာတွေရှိသလဲဆရာ။
ဒေါက်တာမင်္ဂလာ – WHO က ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အစည်းအဝေးပြုလုပ်ပြီး၊ ဇီကာဗိုင်းရပ်စ် သယ်ဆောင်လာတဲ့ ခြင်(ခြင်ကျား)တွေကို အပြတ်နှိမ်နင်းဖို့ အရေးပေါ်ထုတ်ပြန် ကြေငြာသလို ရောဂါကူးစက်မှုကို အမြန်ဆုံးသိအောင်လုပ်ဖို့၊ ကာကွယ်ဆေး၊ ကုသဆေး အမြန်ဆုံး ဖော်စပ်နိုင်ဖို့နဲ့ နိုင်ငံအလိုက် လက်တွေ့သိရှိသမျှ ဝေမျှသွားဖို့ အမြန်လုပ်ဆောင်ရမယ်လို့ သဘောတူခဲ့ကြတယ်။
မယ် – ဇီကာဗိုင်းရပ်စ်က အခုမှ ပေါ်လာတာလားဆရာ။ အီဘိုလာထက် ကြောက်စရာကောင်းလားဆရာ။
ဒေါက်တာမင်္ဂလာ – ဇီကာဗိုင်းရပ်စ်က အီဘိုလာဗိုင်းရပ်စ်ထက် ကြောက်စရာပိုကောင်းတယ်။ အီဘိုလာဖြစ်စဉ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူ (၁၀၀၀၀)ဖြစ်ပွား သေဆုံးခဲ့ရတယ်။ ဇီကာဗိုင်းရပ်စ်ကတော့ အမေရိကတိုက်မှာချည်း လူ (၄)သန်းကျော်ရောဂါ ကူးစက်ခံရတယ်လို့ WHO ကဆိုပါတယ်။ “ဇီကာ” ဗိုင်းရပ်စ်က အခုမှ ပေါ်လာတာမဟုတ်ဘူး။ ၁၉၄၇ ခုနှစ်၊ ယူကန္ဓာနိုင်ငံ၊ အရှေ့အာဖရိကဗိုင်းရပ်စ် သုတေသနက သိပ္ပံပညာရှင်များက မျောက်တွေမှာ အသားဝါဖျားနာဗိုင်းရပ်စ် (Yellow Fever Virus) နဲ့ တွဲပြီး ဇီကာဗိုင်းရပ်စ်ကို တွေ့ခဲ့ကြတယ် ဆိုတယ်။ တွေ့ရှိခဲ့တဲ့ ဇီကာသစ်တော (Zika Forest) ကိုအစွဲပြုပြီး ဇီကာဗိုင်းရပ်စ်လို့ အမည်ပေးခဲ့တယ်။
မောင် – ဇီကာဗိုင်းရပ်စ် လူကို စတင်ကူးစက်လာပုံ ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – `၉၅၄ ခုနှစ်မှာ နိုက်ဂျီးရီးယားနိုင်ငံ လူနာတစ်ယောက်ရဲ့ သွေးထဲမှာ ဇီကာပိုးတွေ့ခဲ့တယ်။ ပိုးကို မျောက်မှာစတွေ့ပြီး (၇) နှစ်အကြာမှာ လူမှာပထမဆုံးတွေ့ခဲ့တယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ မိုက်ခရိုနီးရှားနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု စတင်ခဲ့ရာမှ ယခု ဘရာဇီးမှာတစ်ဆင့် ပျံ့နှံ့ဖြစ်ပွားခဲ့တယ်။
မယ် – ဘယ်လိုရောဂါလက္ခဏာတွေ တွေ့မြင်နိုင်လဲဆရာ။
ဒေါက်တာမင်္ဂလာ – အုပ်စုလိုက်ဖျားတယ်။ တုပ်ကွေးဖျားလို ခံစားရတယ်။ ကိုက်လက်ကိုက်ခဲတယ်။ မျက်စိတွေရောင်ရမ်းတယ်။ ခန္ဓာကိုယ်မှာ အစက်အပျောက်တွေထွက်တယ်။ သွေးလွန်တုပ်ကွေးလို၊ ချီဂန်ကွန်းယားလို ထင်မြင်ရတယ်။ သွေးစစ်ကြည့်တဲ့အခါ ဇီကာဗိုင်းရပ်စ် ဖြစ်နေတယ်။ လူရာကျော် ဖြစ်ပွားပြီး ၃ ဦးသေဆုံးတယ်။ တုပ်ကွေးလိုပဲ အသက်အန္တရာယ်သိပ်မပေးပဲ ပြန်ကောင်းတယ်။ ဘရာဇီးမှာပိုပြီး ဖြစ်ပွားတယ်။
မောင် – ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ ဘရာဇီးမှာ “ကမ္ဘာ့အိုလံပစ်” ပွဲကြီး အိမ်ရှင်အဖြစ် ကျင်းပခဲ့တယ်ဆို။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ “အိုလံပစ်ပွဲ” ရပ်ဆိုင်းဖို့၊ ရွှေ့ဖို့မရှိဘူး။ ဘရာဇီးအစိုးရက ခြင်မကိုက်အောင်နေဖို့ ဖြစ်နိုင်ရင် အိုလံပစ်ပွဲ လာရောက်တဲ့ အမျိုးသမီးများ ကိုယ်ဝန်မဆောင်ဖို့၊ ကိုယ်ဝန်သည်များ မလာကြဖို့ မေတ္တာရပ်ခံထားခဲ့တယ်။ ယခုမြန်မာနိုင်ငံနဲ့ နယ်နမိတ်ကပ်ရက် ထိုင်းနိုင်ငံမှာ “ကပ်” ရောဂါအသွင် ဖြစ်နေတယ်။
မယ် – ကိုယ်ဝန်သည်မှာ ဘယ်လိုဒုက္ခပေးနိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဇီကာဗိုင်းရပ်စ်က ခြင်ကျားမှာ (၁၀)ရက်နေပြီး ကောင်ရေတိုးပွားလာတယ်။ မိခင်လောင်းများမှာ ယင်းခြင်ကိုက်ခံရရင် အမေမှတစ်ဆင့် ကလေးကိုကူးစက်စေတယ်။ ဇီကာဗိုင်းရပ်စပ်က အချင်းကတစ်ဆင့် ကလေးဆီရောက်ပြီး ကလေးရဲ့ ဦးနှောက်နှင့် ဦးခေါင်းဖွံ့ဖြိုးမှု ရပ်တန့်ခြင်း (Microcephaly) ဦးခေါင်းသေးသေးကလေးများ မွေးဖွားစေတယ်။ တစ်သက်လုံးမှီခိုကလေး (Dependent) ဖြစ်သွားရော။
မောင် – ကိုယ်ဝန်ဆောင် ကလေးတွေမှာ မဖြစ်ပွားအောင် ဘယ်လိုစီစဉ်ထားကြသလဲဆရာ။
ဒေါက်တာမင်္ဂလာ – မိခင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု မခံချင်ရင် ကိုယ်ဝန်ဖျက်ချဖို့နည်းပဲ ရှိတယ်။ ကုလသမဂ္ဂအနေနဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်တားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းအတွက် ဆန်းစစ်သုံးသပ်ဖို့ ဘရာဇီး၊ ကိုလံဘီယာအပါအဝင် ဇီကာဗိုင်းရပ်စပ်ဖြစ်ပွားတဲ့ နိုင်ငံတွေကို တိုက်တွန်းထားတယ်။ အမျိုးသမီးတွေ သားဖွားခြင်းဆိုင်ရာ အခွင့်အရေးက ကစ်သလစ်ဘာသာဝင်အများစု ရှိတဲ့ လက်တင်အမေရိကန်နိုင်ငံတွေမှာ မိခင်အသက်အန္တရာယ် ကြုံတွေ့ရချိန်မှလွဲလို့ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသေးတယ်။
မယ် – ကာကွယ်ဆေး၊ ကုသဆေး တွေ့ပြီလားဆရာ။
ဒေါက်တာမင်္ဂလာ – ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး၊ ကုသဆေး မတွေ့သေးဘူး။ သည့်ထက်ဆိုးတာက လူနာမှာ ရောဂါရှာဖွေဖို့ မရသေးဘူး။ ၂၀၀၆ ခုနှစ် မေ (၆)ရက် သတင်းမှာ ဒေါက်တာဂျိမ်းကောလင်း (US)က မျောက်တွေရဲ့သွေးမှာ “ဇီကာ” ပါမပါ အချိန်ပိုင်းအတွင်း စစ်ဆေးနိုင်မယ် လို့ဆိုတယ်။ “ဇီကာ” ဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီးပိုမိုကောင်းမွန်တဲ့ ကုသဆေး၊ ကာကွယ်ဆေး လိုနေသေးတယ်။
မောင် – ဘယ်နှစ်နှစ်လောက် ကြာနိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ကာကွယ်ဆေးပေါ်လာဖို့ အနည်းဆုံး (၂)နှစ်လောက် ကြာမယ်။ ကျယ်ကျယ်ပြန့်ပြန့် သုံးဖို့ (၁၀)နှစ်ကြာမယ်ဆိုတယ်။ အိန္ဒိယဆေးကုမ္ပဏီတစ်ခုက ပထမဆုံး “ဇီကာ” ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်နိုင်ပြီလို့ ကြေငြာသွားတော့ WHO က လူမှာ အမြန်ဆုံးစမ်းသပ်အောင်မြင်နိုင်ရေး၊ နည်းပညာများ မျှဝေလာကြတယ်။
မယ် – ကြိုတင်ကာကွယ်ရေးအတွက် ဘယ်လိုဆောင်ရွက်သင့်ပါသလဲဆရာ။
ဒေါက်တာမင်္ဂလာ – ခြင်ကျား၊ ပိုးလောက်လန်း နှိမ်နင်းရေးနဲ့ ခြင်မကိုက်အောင် နေထိုင်ရေးတွေ ပါဝင်လာပါတယ်။
ဖုံး – ရောလှောင်ထားတဲ့ အိုးခွက်များ ခြင်များဝင်ရောက် မဥနိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားရမယ်။
သွန် – အိုးခွက်နဲ့ နံရံမှာကပ်နေတဲ့ ခြင်ဥများသေစေဖို့၊ အိုးခွက်အတွင်းပိုင်း တိုက်ချွတ်ဆေးကြော သွန်ရမယ်။
လဲ – ပန်းအိုး၊ သောက်ရေအိုးအတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောပြီး ရေများ တစ်ပတ် နှစ်ကြိမ်လဲပေးရမယ်။
စစ် – ခြင်ကျား၊ လောက်လန်းများမပါစေဖို့ ရေဖြည့်တဲ့အခါ ရေလဲလှယ်တဲ့အခါ ရေစစ်နဲ့ စစ်ထည့်ရမယ်။
လောင်း – ရေထည့်ထားတဲ့ ကြောင်အိမ်အောက်ခံခွက်များနဲ့ ရေမြောင်းများမှာ ဒီဇယ်၊ ဓာတ်ဆီလောင်းထားရမယ်။
ထောင် – ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ဆေးရည်စိမ် ခြင်ထောင် (သို့) ခြင်ထောင်နဲ့ အိပ်ရမယ်။
မြှုပ် – အသုံးမပြုတော့တဲ့ ရေတင်နေတဲ့တာယာ၊ အုန်းမှုတ်ခွက်၊ စွန့်ပစ်ပစ္စည်းများ ခြုံများခုတ်ဖို့ လိုတယ်။
မှုတ် – မာလာသီယွန် (malathion) နဲ့ ဆေးမှုတ်ပေး၊ ဖြန်းပေးရမယ်။
ဖွင့် – အလင်းရောင်ဖွင့်ပေးရမယ်။
Author: ဒေါက်တာမင်္ဂလာ, Healthcare Journal, vol 8, no 27 ( 21.7.17)