ဝက်သက်ရောဂါနှင့် ပတ်သက်၍ အယူအဆမှားတချို့ကို တင်ပြပါမည်။ ဝက်သက်ရောဂါမှာ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း ကလေးများတွင် အဖြစ်များပါသည်။ လူကြီးများတွင် အဖြစ်နည်းခြင်းမှာလည်း ငယ်စဉ်က ဝက်သက်ရောဂါ ဖြစ်ခဲ့ဖူးသဖြင့် ကိုယ်ခံစွမ်းအားစနစ်၏ ခုခံကာကွယ်နိုင်မှုကြောင့် ဖြစ်နိုင်ပါသည်။
“ဝက်သက်ပေါက်လျှင် ဆေးမထိုးရ” ဟု လက်ခံထားမှုများရှိသည်။ ဝက်သက်ပေါက်သော ကလေးငယ်အား ဆေးထိုးမိလျှင် ဝက်သက်ငုပ်သွားတတ်သည်။ ကလေးငယ်ပို၍ ခံစားရတတ်သည်။ အန္တရာယ်ရှိသည် စသည်ဖြင့် ယုံကြည်မှုများကြောင့် ဖြစ်သည်။ ဝက်သက်ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ ဗိုင်းရပ်စ်ပိုး၏ သဘာဝအရ ပဋိဇီဝဆေးဝါးများကြောင့် အကျိုးသက်ရောက်မှု မဖြစ်နိုင်ပါ။ ဝက်သက်ရောဂါတွင် အနီဖုအစက်အပြောက်များမှာ ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ သဘာဝအတိုင်း ထွက်လာမည်ဖြစ်၏။
ဗိုင်းရပ်စ်ရောဂါဖြစ်ပေါ်လာချိန်တွင် ဒုတိယအဆင့် ဗက်တီးရီးယားကူးစက်မှု Secondary Bacterial Infection ဖြစ်နိုင်သည်။ ဥပမာ – အဆုတ်ရောင်ရောဂါ နမိုးနီးယားဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင် ပဋိဇီဝဆေးကို ထိုးဆေးအဖြစ် သို့မဟုတ် စားဆေးအဖြစ် ပေးရတတ်သည်။ ကိုယ်အပူချိန် အလွန်အကျွံတက်၍လည်း ဆေးထိုးရခြင်းမျိုး ဆေးတိုက်ရခြင်းမျိုး ရှိနိုင်ပါသည်။ ဆေးထိုးခြင်းဖြင့် အန္တရာယ်မရှိပါ။ ဝက်သက်ပေါက်နေသောကလေးကို ဆေးထိုးပေးနိုင်ပါသည်။
တချို့မိဘများက “ကန်ဆေးထိုးပေးပါ” ဟု တောင်းဆိုမှုများလည်းရှိသည်။ ဝက်သက်များ ကန်ထွက်လာလေ ကောင်းလေဟု ယူဆထားတတ်ကြသည်။ ဝက်သက်ကို များများထွက်လာအောင် (ကန်ထွက်လာအောင်) ဆေးထိုး၍မရပါ။ ကန်ဆေးဟူ၍ မရှိပါ။ အဖုအပိမ့် အနည်း၊ အများသည် ကလေးငယ်တစ်ဦး၏ ခံနိုင်ရည်စွမ်းအားပေါ်မူတည်ပါသည်။
ဝက်သက်ပေါက်သော ကလေးငယ်အား အိမ်တွင်း၌ ပိတ်လှောင်ထားခြင်း၊ ခြင်ထောင်အတွင်း၌ ထားခြင်း၊ အဝတ်အထူများ ဝတ်ဆင်ပေးခြင်း စသည့် အပြုအမူများမှာလည်း မှားယွင်းကြောင်း သိထားသင့်ပါသည်။ ကလေးငယ်အား လေဝင်လေထွက်ကောင်းသော၊ လေကောင်းလေသန့် ရရှိမည့်နေရာတွင် ထားရန်ဖြစ်ပါသည်။ ပိတ်လှောင်ထား၍ မရပါ။ အဝတ်အစားမျိုး အထပ်ထပ်ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ပြီး နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ-ကိုယ်ပူကြီး၍တက်ခြင်း) ဖြစ်သည်။
“ဝက်သက်ညှိးလိုလျှင် ရေနိုင်နိုင်ချိုး” ဟူသော အယူအဆတစ်ခုလည်း ရှိပါသည်။ ကလေးငယ်အား ရေအကြာကြီး ချိုးပေးတတ်ကြသည်။ အပူစင်အောင်ဟူ၍ ထိုသို့အချိန်ကြာကြာ ချိုးပေးခြင်းဖြစ်သည်။ ဝက်သက်ပေါက်သောကလေးများတွင် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုမှာ အဆုတ်ရောင်ခြင်း (အဆုတ်အအေးပတ်ခြင်း-နမိုနီးယား) ဖြစ်သည်။ နမိုနီးယားဝင်၍ ခန္ဓာကိုယ်အပူချိန်တက်နေသည်ကို ဝက်သက်အပူမစင်ဟု ထင်မှတ်ကာ ရေကို မနက်ပြန် ညပြန်အချိန်ကြာကြာ ချိုးပေးသည်။ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။ နမိုးနီးယားရောဂါကြောင့် ကလေးငယ်များအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း သိထားသင့်ပါသည်။
တချို့ဒေသများတွင် ဝက်သက်ရောဂါဖြစ်လျှင် ဝက်ချေးခြောက် ရေဖျော်တိုက်သည့် အလေ့အကျင့်မျိုးရှိသည်ဟု ဆိုပါသည်။ ကလေးအကျိုးတစ်စုံတစ်ရာ မရရှိနိုင်သည့်အပြင် အန္တရာယ်ပင် ဖြစ်စေနိုင်ပါသည်။ ထိုသို့သော အပြုအမူများကို ရှောင်ကြဉ်ရပါမည်။
ဝက်သက်ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေတတ်ပါသဖြင့် ဝက်သက်ပေါက်လျှင် ဆေးပညာရှင်ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရပါမည်။
ကလေးငယ်များအား အသက်(၉) လအရွယ်တွင် ဝက်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။
ဝက်သက်ရောဂါနှင့် ပတ်သက်၍-
ဝက်သက်ပေါက်၍ ဆေးထိုးနိုင်ပါသည်။
ဆေးထိုး၍ ငုပ်မသွားပါ။ အန္တရာယ်လည်း မရှိပါ။
ဝက်သက်အတွက် ကန်ဆေးဟူ၍ မရှိပါ။
ဝက်သက်ကလေးငယ်အား ပိတ်လှောင်မထားပါနှင့်။
ရေကို အချိန်ကြာမြင့်စွာ ချိုးပေးခြင်း မပြုရပါ။
ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူပါ။
ကလေးငယ်များအား ကာကွယ်ဆေးထိုးပေးပါ။
Author: Dr. အေးကျော်, အယူအဆမှားများနှင့် သိမှတ်ဖွယ်ရာများ