စိတ်တိုဒေါသထွက်ခြင်းကိုသာ ကောင်းမွန်သောနည်းလမ်းများဖြင့် ထိန်းချုပ်နိုင်ပါက ကျန်းမာရေးအတွက်သာမက လူမှုရေး၊ စီးပွားရေးအတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။ စိတ်တိုဒေါသ ထွက်လွယ်သူများသည် ကျန်းမာရေးအပြင် ပတ်ဝန်းကျင်အသိုင်း အဝိုင်းနှင့်ဆက်ဆံရေးကိုပါ များစွာထိခိုက်စေနိုင်မည်ဖြစ်သည်။ ဒေါသထွက်ခြင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းသည် လွယ်ကူသော အရာတစ်ခုမဟုတ်သကဲ့သို့ စိတ်ရှုပ်ထွေးစေသော အရာတစ်ခုပင်ဖြစ်စေနိုင်သည်။
ရုတ်တရက်ဖြစ်ပေါ်လာသော အင်အားကြီးမားသည့် စိတ်စွမ်းအင်တစ်မျိုးအား လွယ်လွယ်ကူကူထိန်းချုပ်နိုင်မည်လော။ သို့သော် နည်းလမ်းပေါင်းများစွာဖြင့်အဖြေရှာပြီး ထိန်းချုပ်နိုင်မည်ဆိုပါကလည်း ကျန်းမာရေးအတွက်သာမက လူမှုဆက်ဆံရေး၊ စီးပွားရေးတို့ကိုပါ တိုးတက်စေမည့်အပြင် ဘဝအရည်အသွေးတစ်ခုဖြစ်သော “ပျော်ရွှင်ခြင်း” ဆိုသည့်အရသာကိုပါ ခံစားရရှိနိုင်မည်မှာမလွဲပေ။
ထို့အတွက်ပင် မိမိကိုယ်တိုင်ပြုလုပ်နိုင်မည့် ဒေါသ ထိန်းချုပ်ခြင်းနည်းလမ်းအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
၁။ အဖြေရှာပါ
မည်သည့်အတွက်ကြောင့် စိတ်တိုဒေါသထွက်ရသည်ကို အဖြေရှာရန်မှာ အခြေခံအကျဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ လူအများစုသည် ယေဘုယျအားဖြင့် စိတ်ဖိစီးခြင်း၊ အိပ်ရေးဝစွာမအိပ်ရခြင်းနှင့် အခြားသောအကြောင်းအရာတို့ကြောင့် ဒေါသထွက်နိုင်သည်။သို့သော် ပိုမိုတိကျသည့်အကြောင်းအရာအဖြေတစ်ခုကို သုံးသပ်နိုင်ရန်မှာ လွန်စွာအရေးကြီးလှသည်။ ဒေါသထွက်စေသည့် အခြေခံအကျဆုံးပြဿနာကို တိကျစွာအဖြေရှာပါ။
၂။ မှတ်တမ်းတင်ပါ
လေ့လာဆန်းစစ်မှုများအရ ဒေါသထွက်ခြင်းကို ရေးသားမှတ်တမ်းတင်ခြင်းသည် ဆိုးရွားသည့်စိတ်ခံစားမှုများ၊ စိတ်နာကျင်မှုများကို လျော့နည်းသက်သာစေကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် ရေးသားမှတ်တမ်းတင်ခြင်းသည် ကောင်းမွန်သောလုပ်ရပ်တစ်ခု၊သို့မဟုတ် ဒေါသထွက်ခြင်း၏နောက်ကွယ်ကအကြောင်းအရင်းကို ရှာဖွေနိုင်သောအရာတစ်ခုပင်ဖြစ်သည်။ စိတ်ခံစားမှုများကို စာရွက်ပေါ်တွင်ရေးချခြင်းသည် ဆိုးရွားသောခံစားမှုကို သက်သာစေသည့်အပြင် ဒေါသထွက်ခြင်း၏အခြေခံပြဿနာကို မည်ကဲ့သို့ စနစ်တကျဖြေရှင်းရမည်ကို သိရှိနိုင်မည်ဖြစ်သည်။
၃။ ပြုမူလုပ်ဆောင်ပါ
ဒေါသထွက်ခြင်းမှ သင်တစ်စုံတစ်ရာသိရှိနိုင်မည်မှာမလွဲချေ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဒေါသထွက်ခြင်း၏ အဓိက အကြောင်းအရာကို အဖြေရှာပြီး ထိုမှတစ်ဆင့် ဖြေရှင်းနိုင်မည့်အကြောင်းအရာများကို နားလည်သုံးသပ်ပါ။ ထို့နောက် မည်ကဲ့သို့ ဖြေရှင်းပြုမူလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပါ။ ဒေါသထွက်စေသည့် အကြောင်းအရာများကို ခေါင်းထဲကထုတ်ပစ်ခြင်းနှင့် ပြဿနာများကို စနစ်တကျဖြေရှင်းခြင်းတို့အား တစ်ပြိုင်နက်ပြုလုပ်နိုင်ရန်လည်း အရေးကြီးလှသည်။ သင့်ဘဝထဲမှ ဒေါသထွက်စေသည့်အရာအားလုံးကို ထုတ်ပစ်ရန်မလိုအပ်သော်လည်း ရေရှည်ထိခိုက်စေနိုင်သော မလိုအပ်သည့်အကြောင်းအရာတိုင်းကို အပြီးအပိုင်မောင်းထုတ်ရမည်။ သို့မှသာ စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရရှိနိုင်မည်ဖြစ်သည်။
၄။ ရေရှည်သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ
စိတ်တိုဒေါသထွက်ခြင်းကို လေးနက်စွာရေရှည်တွေးတောနေခြင်းသည် ခံစားချက်ကို ပိုမိုဆိုးရွားစေသည်မှလွဲ၍ မည်သည့် အကူအညီမှပေးနိုင်မည်မဟုတ်ချေ။ လေ့လာဆန်းစစ်မှုများအရ အတိတ်ကာလကဖြစ်ခဲ့သည့် စိတ်တိုဒေါသထွက်ခြင်းများကို ရေရှည်သယ်ဆောင်၍ လိုအပ်သည်ထက်ပိုမိုတွေးတောပါက ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်သည့် သွေးတိုးရောဂါ၊ နှလုံးရောဂါတို့အပြင် အခြားကျန်းမာရေးဆိုင်ရာရောဂါများကိုပါ ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိတ်တိုဒေါသထွက်ခြင်းကို ရေရှည်ဆုပ်ကိုင်ထားခြင်းထက် ပြဿနာကိုအဖြေရှာဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုပင်ဖြစ်သည်။
၅။ အထပ်ထပ်ပြောခြင်းကို ရှောင်ကြဉ်ပါ
စိတ်တိုဒေါသထွက်စေသည့်အရာများကို အယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက်ကိုပြောပြခြင်းသည်လည်း ကောင်းမွန်သော နည်းလမ်းတစ်ခုပင်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သင့်ခံစားချက်များကို ပိုမိုနားလည်စေခြင်း၊ အဖြေရှာရန်အတွက် တိုင်ပင်ဆွေးနွေးနိုင်ခြင်းတို့အပြင် ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။
သို့သော် ဒေါသထွက်စေသည့်အရာများကို အထပ်ထပ်အခါခါ ပြောဆိုနေမည်ဆိုပါက သင်နှင့် သင့်သူငယ်ချင်း၏ခံစားချက်ကို ပိုမိုဆိုးရွားစေသည့်အပြင် စိတ်ဖိစီးစေသည့်ဟော်မုန်းများလည်း သွေးထဲတွင် ပိုမိုများပြားလာစေနိုင်သည်။ ထို့ကြောင့်ပင် ဒေါသထွက်စရာများကို တိုင်ပင်မည်ဆိုပါက အခြေအနေတစ်ရပ်ကို တစ်ကြိမ်သာ တိတိကျကျပြောဆိုတိုင်ပင်ပြီး အကောင်းဆုံးအဖြေကို ရှာဖွေသင့်ပေသည်။ ဖြေရှင်းပြီးပါကလည်း အထပ်ထပ်ပြောဆိုနေမည့်အစား ပျော်ရွှင်စရာများကိုသာ ဦးတည်ဆွေးနွေးပြီး ဘဝ၏စိတ်ချမ်းသာမှုများကို ခံစားရယူသင့်သည်။
Ref : Do’s & Don’ts of Dealing with Anger
By Elizabeth Scott, M.S.