မွေးကင်းစကလေး မေးခိုင်ရောဂါသည် အဖြစ်နည်းသော်လည်း တောလက်ကျေးရွာများတွင် ဖြစ်ပွားလျက် ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင်များသည် မေးခိုင်ကာကွယ်ဆေး မထိုးထားခြင်း၊ မသန့်ရှင်းသော မွေးဖွားကိရိယာများဖြင့် မွေးဖွားခြင်း၊ ချက်ထဲတွင် ဆနွင်းမှုန့်များနှင့် ဆေးမြီးတိုများ ထည့်ခြင်းတို့ကြောင့် မွေးကင်းစကလေး မေးခိုင်ရောဂါ ဖြစ်တတ်ပါသည်။ Clostridium tetani ဘက်တီးရီးယားပိုးကြောင့် မွေးကင်းစကလေး မေးခိုင်ရောဂါကို ဖြစ်စေပါသည်။
(၁) ရောဂါလက္ခဏာ
မွေးကင်းစကလေး မေးခိုင်ရောဂါ ဖြစ်နေသော ကလေးသည် မွေးပြီးစ (၂)ရက်အတွင်း သာမန်ကလေးများကဲ့သို့ပင် နို့စိုနိုင်ခြင်း၊ ငိုနိုင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ မွေးပြီး (၂)ရက်ကြာသောအခါတွင် သွားစေ့ပြီး၊ နို့စို့ရန် ခက်ခဲတတ်ပါသည်။ မွေးပြီး (၃)ရက်မှ (၂၀)ရက်အတွင်း ဇက်ကြောတောင့်တင်းခြင်း၊ တက်ခြင်းနှင့် သေဆုံးခြင်း တို့ဖြစ်နိုင်ပါသည်။ မွေးပြီ (၂၈)ရက်အတွင်း အကြောင်းမသိ သေဆုံးနိုင်ပါသည်။
(၂) ရောဂါစုံစမ်းစစ်ဆေးခြင်း
မိမိတို့ ပတ်ဝန်းကျင်တွင် မွေးကင်းစ မေးခိုင်ရောဂါ သံသယရှိသူ လူနာတစ်ဦး တွေ့ရှိပါက နီးစပ်ရာအခြေခံ ကျန်းမာရေးဝန်ထမ်းများကို အကြောင်းကြားရပါမည်။ ၎င်းတို့မှတစ်ဆင့် တိုက်နယ်ဆရာဝန်၊ မြို့နယ်ဆရာဝန်များထံသို့ ဆက်လက် အကြောင်းကြားရပါလိမ့်မည်။ မြို့နယ်ဆရာဝန် (သို့မဟုတ်) ၎င်းမှ တာဝန်ပေးအပ်သူမှ ရောဂါဖြစ်ပွားမှုကို ကွင်းဆင်းစုံစမ်း၍ တွေ့ရှိချက်များကို စုံစမ်းစစ်ဆေးခြင်းပုံစံတွင် ဖြည့်စွက်ကာ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနသို့ ပေးပို့ အစီအရင်ခံရပါမည်။
(၃) ကာကွယ်ရေးလုပ်ငန်းများ
မိခင်လောင်းများအား မေးခိုင်ကာကွယ်ဆေးထိုးရပါမည်။ မွေးကင်းစကလေး မေးခိုင်ရောဂါလူနာ တွေ့သောရွာ(သို့မဟုတ်) ရွာနီးချုပ်စပ်မှ အသက်အုပ်စုအရ အကြုံးဝင်သော အမျိုးသမီးများ (၁၅မှ ၄၅နှစ်)တို့အား မေးခိုင်ကာကွယ်ဆေး ထိုးပေးရပါမည်။
(၄) ရောဂါကုသခြင်း
သားဖွားဆရာများသည် တာဝန်ကျရာ နယ်မြေအတွင်း ကလေးငယ်သည် မွေးဖွားပြီး (၁)လအတွင်း သေဆုံးကြောင်း သတင်းရရှိပါက အထက်အဆင့်ဆင့်သို့ အကြောင်းကြားရပါမည်။ ရောဂါဖြစ်ပွားမှုအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သံသယလူနာကို တွေ့ရှိပါက ချက်ချင်းသတင်းပို့ရပါမည်။ သံသယလူနာအား ဆေးရုံသို့ ညွှန်းပို့ရပါမည်။ ဆေးရုံတွင် သီးသန့်ဆောင်တွင် ကြပ်မတ်ကုသရပါမည်။
(၅) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း
ကျန်းမာရေးဌာနများနှင့် ဆေးရုံများသို့ သွားရောက်ပြီး လတ်တလောပျော့ခွေ အကြောသေရောဂါ(ပိုလီယို)၊ ဝက်သက်ရောဂါများနှင့်အတူ ပေါင်းစည်းလေ့လာ စုံစမ်းခြင်းများ ဆောင်ရွက်ရပါမည်။
(၆) ကပ်အသွင်ဖြစ်ပွားက ဆောင်ရွက်ခြင်း
အသက် (၁)နှစ်အောက် ကလေးများထဲတွင် ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး မထိုးရသေးသော ကလေးများကို ရှာဖွေပြီး မေးခိုင်ကာကွယ်ဆေး ထိုးပေးရပါမည်။ ကိုယ်ဝန်ဆောင်များတွင် မေးခိုင်ကာကွယ်ဆေး မထိုးရသေးသူများအား ရှာဖွေပြီး မေးခိုင်ကာကွယ်ဆေး ထိုးရပါမည်။
(၇) အကြံပြုချက်
မွေးကင်းစ မေးခိုင်ရောဂါ မဖြစ်စေရန် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ဆေးရုံ၊ ဆေးခန်းသို့ ပြသပြီး မေးခိုင်ကာကွယ်ဆေးကို ထိုးထားရပါမည်။ တတ်ကျွမ်းနားလည်သော သားဖွားဆရာမ၊ သူနာပြုဆရာမနှင့် ဆရာဝန်များဖြင့် မွေးဖွားရပါမည်။ ပိုးသန့်စင်ထားသော မွေးဖွားကိရိယာများကို အသုံးပြုရပါမည်။ မွေးဖွားပြီးပါက ကလေးချက်ထဲသို့ အရက်ပြန်မှလွဲ၍ မည်သည့်ဆေးမှုန့်များ၊ ဆေးမြီးတိုများ၊ ဆနွင်းများ မထည့်ရပါ။ မွေးကင်းစ မေးခိုင်ရောဂါ လက္ခဏာများရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပို့ဆောင် ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: Dr. ကောင်းစံ, Healthcare Journal, vol 8,no 32 (25.8.17)