ကလေးငိုသည်။ ကလေးငိုခြင်းမှာ အဆန်းမဟုတ်ပါ။ သို့သော် မိဘများအနေဖြင့် ကလေးငိုခြင်းကို မနှစ်သက်ကြပေ။ ကလေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုမှာ ငိုခြင်းပင်ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များက ကလေးငိုသည့်အသံကို လေ့လာမှတ်တမ်းပြုခဲ့ကြသည်။
-ကလေးငယ်တစ်ယောက်သည် စူးစူရှရှငိုလျှင် (ငိုသံစူးရှလျှင်) ခန္ဓာကိုယ်အတွင်း (သို့မဟုတ်) အပြင်၌ ဝေဒနာ တစ်စုံတစ်ခု ရှိနေနိုင်ပါသည်။ ချက်ချင်း ကလေးအထူးကု ဆရာဝန်ထံ ပြသရန် လိုအပ်ပါသည်။
-ကလေးငယ်ငိုသည့် အသံနှင့် အသွင်ပုံသဏ္ဍန် ပြောင်းလဲသွားလျှင် ကလေးငယ်၌ နေထိုင်မကောင်းမှုရှိကြောင်း ပြသခြင်းဖြစ်သည်။ ငိုသည့်အချိန်ကြာမြင့်ခြင်းနှင့် အကြိမ်ကြိမ် ငိုခြင်းသည် တစ်စုံတစ်ခု မှားယွင်းမှု ရှိနေသည်။
-ကျယ်လောင်၍ စူးရှသောငိုသံသည် လေနာခြင်း၏ လက္ခဏာဖြစ်သည်။ ကလေးငယ်အား ညင်သာစွာ လေထုတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
သာမန်အားဖြင့် ကလေးငယ်ငိုလျှင် ဦးစွာစဉ်းစားရမည်မှာ အောက်ပါအချက်များပင်ဖြစ်သည်။
ဆာလောင်၍ငိုခြင်း
ကလေးငယ်များအတွက် အဓိက ဆက်သွယ်ရေးစနစ်မှာ ငိုခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ ကလေးငယ်သည် နို့ ဆာလျှင်၊ နို့စို့လိုလျှင် ငိုပါလိမ့်မည်။
အတွင်းခံ (အနှီး) လဲလှယ်ပေးစေလိုခြင်း
ကလေးငယ်သည် ဝမ်းသွားပြီးလျှင် ဖြစ်စေ၊ ဆီးသွားပြီးလျှင်ဖြစ်စေ ငိုတတ်ပါသည်။ ညစ်ပေစိုထိုင်းနေသော အတွင်းခံ (အနှီး) လဲလှယ်ပေးစေလိုကြောင်း ဆက်သွယ်မှုပြုလိုက်ခြင်းပင်ဖြစ်သည်။
ပူအိုက်၍ (သို့မဟုတ်) ချမ်းအေး၍ ငိုခြင်း
ကလေးငယ်သည် ပူအိုက်လျှင်သော်လည်းကောင်း၊ ချမ်းအေးလျှင်သော်လည်း ငိုတတ်ကြသည်။ နွေရာသီ ပူပြင်းချိန်တွင် အဝတ်ထူများဝတ်ပေးခြင်း၊ စောင်ခြုံပေးခြင်းနှင့် အနှီးဖြင့် တင်းကျပ်စွာရစ်ပတ်ခြင်းတို့ ပြုလုပ်လျှင် ငိုတတ်ကြသည်။ အလားတူ ရာသီးဥတု၊ ပတ်ဝန်းကျင် အေးမြစဉ် ချမ်းအေးမှုခံစားရသောအခါ၌လည်း ငိုလေ့ရှိကြ၏။
ချော့မြူစေလိုခြင်း
ကလေးငယ်သည် မိခင်(သို့မဟုတ်) စောင့်ရှောက်သူ၏ ပွေ့ယူချော့မြူမှုကို ခံယူလိုလျှင်လည်း ငိုတတ်ကြပါသည်။ ပုခက်တွင် အိပ်ခြင်းထက် မိခင်လက်ပေါ်တွင် အနားယူ အိပ်စက်လိုကြသည်။
ပတ်ဝန်းကျင် အနှောက်အယှက်ကြောင့် ငိုခြင်း
တချို့ကလေးငယ်များသည် အိပ်ချင်နေချိန်တွင် ပတ်ဝန်းကျင်ဆူညံ၍ဖြစ်စေ၊ အလင်းရောင်များ စူးရှတောက်ပလွန်း၍ ဖြစ်စေ၊ အိပ်စက်မှုအတွက အနှောင့်အယှက်ကြုံလျှင် ငိုလေ့ရှိပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)