မေး။ မွေးကင်းစကလေးတွေရဲ့ ကြီးထွားမှုပုံစံကိုသိလိုပါတယ်။
ဖြေ။ ကလေးငါးလအရွယ်မှာကိုယ်အလေးချိန်ဟာ နှစ်စတက်ပြီးတစ်နှစ်ကြာလျှင် သုံးဆ၊ နှစ်နှစ်ကြာလျှင် လေးဆ၊ ကိုယ်အလေးချိန်တက်ပါတယ်။ အစာများများဝင်မယ်၊ လိုအပ်တဲ့အသားဓာတ်၊ အဆီဓာတ်၊ ကဆီဓာတ်နဲ့ သတ္ထုဓာတ်နဲ့ ဗိုက်တာမင်ဓာတ် လုံလောက်မျှတစွာ ပါဝင်ဖို့လိုအပ် ပါတယ်။
မေး။ ကလေးအတွက် နေ့စဉ်အရည်လိုအပ်ချက်ကလူကြီးတွေထက်ပိုပါသလား။
ဖြေ။ ကလေးရဲ့ ကျောက်ကပ်ဟာလူကြီးတွေလောက် ကောင်းအောင်အလုပ်မလုပ်နိုင်သေးတဲ့အတွက် တိုက်လိုက်တဲ့ အရည်ပမာဏရဲ့ ထက်ဝက်ဟာ ဆီးအဖြစ်ထွက်ဖို့ လိုပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန် တစ်ပေါင်ဆိုလျှင် ရေနှစ်အောင်စခွဲလောက်လိုပါတယ်။ ကလေးရဲ့ အရေပြား၊ အဆုတ်နဲ့ မစင်ကနေရေဓာတ်ဆုံးရှုံးမှုဟာလူကြီးတွေထက်ပိုပါတယ်။ ပေါင်ချိန်မပြည့်ရင် ရေလိုအပ်ချက်ပို၍ပင်လိုပါတယ်။
မေး။ ရင်သွေးငယ်အတွက် ကယ်လိုရီလိုအပ်ချက်ကဘယ်လောက်ဖြစ်ပါသလဲ။
ဖြေ။ ကလေးရဲ့ အလေးချိန်တစ်ကီလိုဂရမ်မှာကယ်လိုရီ ၁၁၀ လိုအပ်ပါတယ်။ ရင်သွေးငယ် ငယ်လေလေတစ်နေ့အတွက် ကယ်လိုရီလိုအပ်ချက်ကလိုလေပါပဲ။
မေး။ လိုအပ်တဲ့ အာဟာရဓာတ်တွေကဘာလဲ။
ဖြေ။ အသားဓာတ်၊ ကဆီဓာတ်၊ အဆီဓာတ်၊ သံဓာတ်၊ ဗိုက်တာမင်နဲ့ တခြားသတ္ထုဓာတ်တွေ လိုအပ်ပါတယ်။ မွေးဖွားပြီးစမှ ခြောက်လအတွင်းမှာမိခင်နို့ကနေသံဓာတ်ရရှိမှုကလုံလောက်သော်လည်း နွားနို့တိုက်ရင်တော့ သံဓာတ်လုံလောက်မှုမရှိတဲ့အတွက် နှစ်လအရွယ်မှာ ပြင်ပကသံဓာတ်တိုက်ကျွေးရပါတယ်။ နေ့မစေ့မွေးတာဆိုရင် နှစ်လမတိုင်ခင် သံဓာတ်ကျွေးရပါတယ်။
မိခင်ရဲ့ နို့မှာဗိုက်တာမင်ကအလုံအလောက်ပါပြီး နွားနို့မှာကျိုချက်လိုက်တဲ့အတွက် လျော့နည်းနေတတ်ပါတယ်။
မေး။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးကဘာလဲ။
ဖြေ။ သားအမိချစ်ခင်ယုယမှုပိုခြင်း၊ မိခင်ကကလေးကိုမခွဲနိုင်ခြင်း၊ ရင်သွေးငယ်အတွက် လုံခြုံစိတ်ချမှုရှိခြင်း၊ ရင်သွေးငယ်ရဲ့လိုအပ်ချက်ကိုသိနိုင်ခြင်း၊ အကောင်းဆုံးအာဟာရကိုပေးနိုင်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါပိုးကိုကာကွယ်နိုင်ခြင်း၊ ခုခံအားစနစ်ကောင်းစေခြင်း၊ ရောဂါပိုးများအူနံရံအတွင်းကပ်ငြိမှုကိုကာကွယ် နိုင်ခြင်း၊ မိခင်နို့တွင်ပါဝင်သော Lacto Ferrinဓာတ်ကြောင့် သံဓာတ်စုပ်ယူမှုမြန်ခြင်းစတဲ့ အကျိုးကျေးဇူးကိုရရှိစေပါတယ်။
မေး။ နို့ရည်ဖြစ်ပေါ်လာပုံအကြောင်းရှင်းပြပေးပါ။
ဖြေ။ မိခင်လောင်းဖြစ်လာကြမယ့် မိန်းကလေးတွေ အရွယ်ရောက်လာတဲ့အခါ ပြားနေတဲ့ နို့သီးက ကြီးပြီးအဆီတွေ စုလာပါတယ်။ အီစတိုဂျင်ဟော်မုန်းကြောင့် နို့ပြွန်ဖွံဖြိုးလာပါတယ်။ ကိုယ်ဝန်ဆောင်ပြီးသုံးလလောက်ဆို လျှင် ရင်သားထဲရှိဂလင်းတွေ ကြီးထွားလာတယ်။ ၂၄ ပတ်ရောက်ရင် နို့ရည်ထွက်ပြီး၊ မွေးကာနီး ၁၂ ပတ်အလိုမှာရင်သားကိုညှစ်လိုက်လျှင် ဝါကျင့်ကျင့်အရည် Colostrum ထွက်လာပါတယ်။
ကိုယ်ဝန်ရှိနေစဉ်မှာ အီစတိုဂျင်ဟော်မုန်းကြောင့် ဦးနှောက်ထဲကမီကျူထရီဂလင့် ကိုလှုံ့ဆော်ပြီးပရိုလက်တင်ဟော်မုန်းထွက်လာတယ်။ မွေးပြီးချိန်မှာအီစတိုဂျင်ဟော်မုန်းနဲ့ ပရိုလက်တင်ဟော်မုန်းကျလာတယ်။ ကလေးက နို့သီးခေါင်းစုပ်လိုက်မှ ပရိုလက်တင် ထပ်ထွက်ပြီးရင်သားထဲ နို့ရည်တွေနဲ့ တင်းလာပါတယ်။
မေး။ နို့ဦးရည်ကြည် အကြောင်းသိလိုပါတယ်။
ဖြေ။ ကလေးမွေးပြီး နှစ်ရက်မှာထွက်ပါတယ်။ Colostrum လို့ခေါ်တယ်။ ၃-၄ ရက်ကြာတော့ နို့ရည်ထွက် လာပါတယ်။ နို့ဦးရည်ကြည်မှာ အဆီဓာတ်များစွာပါဝင်ပြီးသတ္ထုဓာတ်၊ ပရိုတင်းဓာတ်၊ ခုခံအားဓာတ်၊ အူလမ်းကြောင်းအတွင်းပိုးကင်းစင်စေခြင်း၊ ဝမ်းပျော့ခြင်းစတဲ့ ဂုဏ်သတ္တိ
ရှိသဖြင့် တိုက်ကျွေးသင့်ပါတယ်။ ငါးရက်မြောက်နေ့မှာတစ်နေ့ကို နို့ရည် ၃၀၀ စီစီပမာဏ၊ ၁၀ ရက်မြောက်နေ့ မှာ ၄၀၀ စီစီပမာဏထွက်ပြီး ၁၀၀ စီစီပမာဏမှာ ၇၀ ကယ်လိုရီ ပါဝင်ပါတယ်။
မေး။ နို့ဘယ်လိုတိုက်ရသလဲ။
ဖြေ။ နို့စို့အောင် နို့သီးခေါင်းနဲ့ ကလေးပါးစပ်ကိုခဏလောက်ထိတွေ့စေပါ။ စစချင်း နို့ဦးရည်ကြည် ထွက်မယ်တိုက်ရပါမယ်။ စစချင်းမှာတစ်နေ့ (၆-၂၄) ကြိမ်ခဏလေးတိုက်ပါ။ (၂-၃) ပတ်ကြာလျှင် လေးနာရီခြားတိုက်ပါ။ တစ်လလောက်ရောက်လျှင် နို့တစ်ခါတိုက်ချိန် ၄၅ မိနစ်၊ ၅၆ ရက်သားဆိုလျှင် မိနစ် ၉၀၊ ရက် ၁၀၀ ကျော်လျှင် ဒီထက်ကြာကြာပိုတိုက်ရပါမယ်။
ကလေးနို့စို့မှ ကလေးငိုမှ နို့ရည်ပိုထွက်ပါတယ်။ မိခင်တွင် စိတ်ဖိစီးမှုရှိလျှင် နို့ရည်ထွက်နည်းပါတယ်။ ငယ်စဉ်မှာတိုက်ချိန်နည်းပြီးခဏခဏတိုက်ရပါမယ်။ ကြီးလာတဲ့အခါ တိုက်ချိန်ကြာပြီးခဏခဏတိုက်ရန် မလို ပါ။
မေး။ နို့တိုက်ရင် တစ်ဖက်ဆီဘယ်လိုပြောင်းရသလဲ။
ဖြေ။ နောက်ဆုံးတိုက်တဲ့ဖက်ကိုနောက်တစ်ခါတိုက်ရင် စဦးဆုံးတိုက်ရပါတယ်။ တစ်လှည့်စီတိုက်ရတယ်။ တစ်ဖက်တည်း နို့ရည်ကုန်အောင်၊ နို့တိုက်လွယ်တဲ့လက်ကိုပဲဦးစားပေးတိုက်တာမျိုးမလုပ်ရပါဘူး။
မေး။ နို့တိုက်ပြီးတိုင်းလေထုတ်ဖို့လိုပါသလား။
ဖြေ။ ကလေးအသက်ရှုလမ်းကြောင်းထဲ နို့ဝင်သွားရင် ချောင်းဆိုးခြင်း၊ သီးခြင်းဖြစ်တတ်သလို ဝမ်းဗိုက်ထဲ လေဝင်သွားရင် ဗိုက်နာတာ၊ ရင်ပြည့်တာဖြစ်တတ်တော့ နို့တိုက်ပြီးတိုင်းလေထုတ်ရပါတယ်။ ကလေးကိုမိခင်ရဲ့ပခုံးပေါ်တင်ခြင်း၊ ပေါင်ပေါ်တွင်၊ လက်မောင်းပေါ်တွင် မှောက်ခုံတင်ပြီးကျောကုန်းကိုဖွဖွပုတ်ခြင်းလုပ်ရပါတယ်။
မေး။ နို့တိုက်ရခက်ခဲခြင်းအကြောင်းရှင်းပြပေးပါ။
ဖြေ။ ကလေးတွင်ဖျားခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ မွေးရာပါနှလုံးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းပိတ်ရင် နို့မစို့တတ်သလိုမိခင်ရဲ့ နို့သီးခေါင်းမဖွံ့ဖြိုးတာ၊ နို့သီးခေါင်းဝင်နေတာ၊ အက်ကွဲနေတာ၊ ရင်သားယောင်တာ၊ ပြည်တည်တာ၊ နို့သီးခေါင်းကြီးလွန်းတာစတာတွေကြောင့် ဖြစ်ပါတယ်။
မေး။ နို့တိုက်မိခင်အတွက် ဆေးဝါးများအကြောင်းရှင်းပြပေးပါ။
ဖြေ။ နို့တိုက်မိခင်မှာ ဘယ်ဆေးဝါးမှမသိဘဲ ရမ်းမတိုက်သင့်ပါဘူး။ ကင်ဆာဆေး၊ ရေဒီယိုဓာတ်သတ္တ္တိကြွဆေးတွေသုံးရင် ကလေးကို လုံးဝနို့မတိုက်သင့်ပါ။ ကျန်တဲ့ဆေးတွေက နို့ကိုဖြတ်သန်းနိုင်သော်လည်းမသိဘဲရမ်းမတိုက်သင့်ပါ။ ကလေးကို နို့မတိုက်ရရင်တော့ နို့ဗူးဖျော်တိုက်ရပါမယ်။
မေး။ နို့ဗူးနဲ့ မိခင်နို့ဘယ်ဟာကကောင်းသလဲ။
ဖြေ။ မိခင်နို့ကတော့ အကောင်းဆုံးပါပဲ။
Author – အေးကမ္ဘာဒေါက်တာချစ် (Vol -7 / No-28) Health Care