နို့သီးခေါင်းမှာ သွေးပါသော အရည်ထွက်ခြင်း
ကိုယ်ဝန်ဆောင်တချို့တွင် နို့သီးခေါင်းမှ သွေးပါသော အရည်ထွက်တတ်ပါသည်။ တစ်သျှူးများ ပွားများဖွံ့ဖြိုး လာခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်မှုမှာ ရင်သားနှစ်ဖက်စလုံးတွင် တွေ့ရနိုင်သည်။ ကိုယ်ဝန် ၏ ဒုတိယနှင့် တတိယ သုံးလပတ်များတွင် အဖြစ်များသည်။ မွေးပြီးကာလအထိ ဖြစ်တတ်သော်လည်း အလွန် နည်းပါးလှသည်။ အလိုအလျောက် ပြန် လည်ပျောက်ကင်းသွားလေ့ ရှိသည်။ စစ်ဆေးရန်မလို သကဲ့သို့ ကုသမှု ခံယူရန်လည်း မလိုအပ်ပါ။ လူနားအား နားလည် အောင်ရှင်းပြပြီး နှစ်သိမ့်မှုပေးရန်သာ ဖြစ်သည်။
နို့သီးခေါင်းများ နာကျင်ခြင်း
နို့သီးခေါင်းများ၏ အပေါ်ယံတစ်သျှူး ကွာကျသွားသောအခါ အကွဲအအက်များ ဖြစ်ပေါ်ကာ နာကျင်မှုဝေဒနာ ခံစားရ တတ်သည်။ နို့တိုက်ကျွေးမွေးရာတွင် အနေအထားမမှန် ဖြစ်တတ်သည်။ ထို့အပြင် မှက္ခရုမှိုစွဲကပ် မှုကြောင့်ရောင်ရမ်း သဖြင့် နာကျင်မှုခံစားရတတ်သည်။ နို့သီးခေါင်းကွဲအက်ခြင်းမှ တစ်ဆင့် နို့ပြည်တည်နာ ဖြစ်တတ်သည်။ နာသည့် နို့သီးခေါင်းဘက်ကို နို့မတိုက်ဘဲ အနားပေးထားသင့်သည်။ နို့ရည်များကို ညှစ်ထုတ်ပစ်ရမည်။ သက်သာလာလျှင် နို့ပြန်တိုက်ပေး ရမည်ဖြစ်သည်။
နို့ရည်အိတ်တည်ခြင်း
နို့ရည်ပြွန်တွင် နို့ရည်များစု၍ အရည်အိတ်သဖွယ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ နို့ထွက်လမ်းကြောင်း ပိတ်၍ ဖြစ်သည်။ နို့၌ အကျိတ်ပေါ်လာပြီး နာကျင်မှုနှင့် ရောင်ရမ်းမှု အနည်းငယ်သာ တွေ့ရသည်။ အလိုအလျောက် ပြန်လည်ပျောက်ကွယ် သွားနိုင်သည်။ ထိုသို့ မဟုတ်ပါက အရည်များစုပ်ထုတ်ပစ်ခြင်း၊ သ့ိုမဟုတ် ခွဲစိတ်ခြင်းပြု လုပ်ရန်လိုအပ်ပါသည်။
ရင်သားတင်းခြင်း
မွေးဖွားပြီး နှစ်ရက်၊ သုံးရက်တွင် ရင်သားတင်းခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်သည်။ ကလေးငယ်က နို့ကောင်းစွာ မစို့နိုင်လျှင် ရင်သားတင်းလွန်းသဖြင့် မအီမသာ ခံစားရတတ်သည်။ တချို့အမျိုး သမီးများတွင် ကိုယ်အပူချိန် အနည်းငယ်တက်၍ ဖျားတတ်သည်။ အဖျားသည် အများအားဖြင့် ၁၆ နာရီထက် ပိုမကြာတတ်ပါ။
ရင်သားတင်းခြင်းကို နို့ရည်ဖျစ်ညှစ်ထုတ်ခြင်း၊ ရေခဲအိတ်ကပ်ခြင်း၊ နို့ရည်ကို စက်ငယ်ဖြင့် စုပ်ယူခြင်း စသည်တို့ဖြင့် သက်သာစေနိုင်သည်။
ရင်သားရောင်ရမ်းခြင်း
ပိုးမွှားဝင်ရောက်ခံရခြင်းကြောင့် ရင်သားရောင်ရမ်းမှု ဖြစ်နိုင်သည်။ နို့ကြောင်းပိတ်ရာမှတစ်ဆင့် စတင် ဖြစ်ပေါ်တတ် သည်။ ရောင်ရမ်းသော အစိတ်အပိုင်းသည် ကြီးလာပြီး နာကျင်မှုဝေဒနာ ဖြစ်စေသည်။ ရင်သား ရောင်ရမ်းစဉ် တုပ်ကွေးရောဂါ ကဲ့သို့သော ဖျားခြင်း၊ ကိုက်ခဲခြင်း၊ နှလုံးခုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း လက္ခဏာများ တွေ့ရနိုင်သည်။ ပိုးမွှားဝင်ရောက်ခံရ၍ ရင်သားရောင်ရမ်းမှုဖြစ်လျှင် ဖျားသည့်ကာလမှာ ကြာမြင့်လေ့ရှိသည်။ မွေးပြီး သုံးပတ်နှင့် လေးပတ်ကြားတွင် ပြည်တည် ရောင်ရမ်းမှု ဖြစ်နိုင်သည်။ ပြည်တည်ရောင်ရမ်းမှု ဖြစ်လျှင် တုန်ချမ်းခြင်း၊ ဖျားခြင်း၊ ရင်သား နီရဲရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ တွေ့ရသည်။
ရင်သားရောင်ရမ်းမှုကို ဖြစ်သော ဗက်တီးရီးယားပိုးမှာ Staphylococcus aureus အများဆုံးဖြစ်သည်။ Staphylococcus မျိုးကွဲနှင့် Streptococcus Viridans ဗက်တီးရီးယားပိုးများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကလေးနှင့်မိခင်ကို ခေတ္တခဏ ခွဲထားသင့်သည်။ ရောင်ရမ်းသောဘက်မှ နို့မတိုက်ရပါ။ ပဋိဆေးဝါး (ဥပမာ Flucloxacillin) ပေးရန် လိုအပ်သည်။ ပြည်တည်နာ ဖြစ်ပါက ခွဲစိတ်ကုသရနိုင်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)