ကိုယ်ဝန်ဆောင် အမျိုးသမီးများ သွားကိုက်ခြင်း၊ သွားနာခြင်းများဖြစ်ပေါ်ပါက စိတ်အနှောင့်အယှက်ဖြစ် စေပါသည်။ စိတ်မချမ်းမသာဖြစ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများတွင် ကျန်းမာရေးကို ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွားနာခြင်းကြောင့် ပရိုစတာဂလဒင် Prostagladin ဟော်မုန်းထွက်ပြီး သားအိမ်အားညှစ်သကဲ့သို့ ဖြစ်တတ်ပါသည်။ ဆိုးကျိုးအနေဖြင့် ကိုယ်ဝန်နု သောကာလတွင် ကိုယ်ဝန်ပျက်ကျတတ်ပါသည်။ ကိုယ်ဝန်ရင့်သောကာလတွင် ကလေးအားစောပြီး မွေးတတ် ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွားနှင့်ခံတွင်းကို ဂရုစိုက်ရပါမည်။
သန္ဓေသားကို ထိခိုက်ခြင်း
ကိုယ်ဝန်ဆောင်မိခင်သည် သွားနှင့်ခံတွင်းရောဂါဝေဒနာများ ခံစားနေရပါက အစားကောင်းစွာ မစားနိုင် ခြင်းကြောင့် အာဟာရချို့တဲ့တတ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့ပါက သန္ဓေသားအတွက်လို အပ်သော အာဟာရဓာတ်များ အပြည့်အဝမရရှိနိုင်ပါ။
ကိုယ်ဝန်ဆောင်မိခင်တွင် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်ခြင်းကြောင့် သွေးလှည့်ပတ်မှုကို အဟန့်အတားဖြစ်ပေပါသည်။ သန္ဓေသားထံသို့လည်း သွေးရောက်ရှိမှုကို အားနည်းစေပါသည်။ သားအိမ်ညှစ် အားကို ဒုက္ခပေးသောကြောင့် ကလေးစောမွေးခြင်းနှင့် ကလေးပျက်ကျခြင်းများ ဖြစ်လာနိုင်ပါသည်။
အမျိုးသမီးများကိုယ်ဝန်ဆောင်ပါက သွားနှင့်ခံတွင်းရောဂါများမဖြစ်စေရန်
အမျိုးသမီးတစ်ဦးသည် အရွယ်ရောက်ပြီး အိမ်ထောင်ပြုကာ ကိုယ်ဝန်ဆောင်မည်ဆိုပါက သွားနှင့်ခံ တွင်းဆရာဝန်များဖြင့် ပြသသင့်ပါသည်။ အကယ်၍ သွားပိုးစားရောဂါရှိပါက သွားဖာထားခြင်းကို စောစီးစွာ ပြုလုပ်နိုင်ပါသည်။ သွားဖာခြင်းကြောင့် သွားနာခြင်းဝေဒနာကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင် ချိန်တွင် သွားနှုတ်ရမည့်အနေအထား ဖြစ်နေပါက ကိုယ်ဝန်ဆောင်ကာလ ပထမသုံးပတ်နှင့် တတိယသုံးလ ပတ်တွင် နှုတ်၍မရပါ။ ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်တွင်သာ နှုတ်၍ရနိုင်ပါသည်။ ကိုယ်ဝန်လရင့် သောအချိန်တွင် သွားထိုင်ခုံပေါ်တွင်မှီလိုက်ပါက ကိုယ်ဝန်၏ အလေးချိန်ကြောင့် ကျောရိုးမှ သွေးပြန်ကြောကြီး ကိုထိခိုက်သွားစေနိုင်ပါသည်။ ကိုယ်ဝန်လရင့်လာပါက သွားနှုတ်ရန် ထုံဆေးထိုးရာတွင်လည်း အခက်အခဲ ရှိနိုင် ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများမဖြစ်စေရန် အမျိုးသမီးအနေဖြင့် ကြိုတင်ကာကွယ်ထားရပါမည်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလတွင် သွားနှင့်ခံတွင်းကို ဂရုစိုက်ခြင်း
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ထားပါက သွားနှင့်ခံတွင်း သန့်ရှင်းရေးကို အလေးအနက်ထား ဆောင်ရွက်ရပါမည်။ သွားနှင့် သွားဖုံးကောင်းမွန်စေရန် စနစ်တကျ သွားတိုက်နည်းကို ကျင့်သုံးရပါမည်။ သွားတစ်ကြိမ် တိုက်တိုင်း အချိန် သုံးမိနစ်ပေးရပါမည်။ အစာစားပြီးတိုင်း အနည်းဆုံး သုံးကြိမ်ခန့် ပလုတ်ကျင်း ပေးရပါမည်။ သွားကြိုးထိုးတံအစား သွားကြားပွတ်ကြိုးကို အသုံးပြုရပါမည်။ အရည်ရွှမ်းသော အသီးအနှံများ၊ လတ်ဆတ်သောအသီးများနှင့် အမျှင်ဓာတ်ပါသော အသီးအနှံများကို စားပေးရပါမည်။
မိမိသဘောဖြင့်ဆေးသောက်ခြင်း၏ဆိုးကျိုး
အချို့သောကိုယ်ဝန်ဆောင်မိခင်များသည် မိမိသဘောဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးများကို သောက်ကြပါသည်။ ကိုက်ခဲပျောက်ဆေးအပြင် ပဋိဇီဝဆေးများကိုလည်း သောက်ခြင်းကြောင့် ဆိုးကျိုးများခံ စားရနိုင်ပါသည်။ ကိုက်ခဲပျောက်ဆေးကြောင့် အစာအိမ်သွေးကြောပေါက်ခြင်းထိ အန္တရာယ်များနိုင်ပါသည်။ သန္ဓေသားကိုလည်း ထိခိုက်စေပါသည်။
ကိုယ်ဝန်ဆောင်မိခင်သည် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်သော တက်ထရာဆိုက်ကလင်းကို သောက် ခြင်းကြောင့် မွေးလာသော ကလေးတွင် သွားများဝါခြင်းများ ဖြစ်တတ်ပါသည်။
အကြံပြုချက်
ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။ သွားဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း သွားတိုက်နည်းစနစ် မှန်ကန်ရန် လိုအပ်ပါသည်။ သွားနှင့်ခံတွင်း ရောဂါများဖြစ်ပါက တတ်ကျွမ်းနားလည်သော သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်များထံ ပြသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) (Vol – 7 / No- 27) Healthcare