အမျိုးသမီးတွေတိုင်းမှာ သွေးပေါ်တဲ့ အချိန်မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာ တစ်ခုခုကို ခံစားရတတ်လေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင်တော့ ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာကတစ်ကြောင်း၊ သားအိမ်က တစ်ချက်တစ်ချက် ညှစ်သလိုဖြစ်တာကတစ်ကြောင်းကြောင့် ဖြစ်တတ်ပါတယ်။
အပျိုဖော်စဝင်တည်းက ဖြစ်တတ်တဲ့သူတွေလည်းရှိသလို တချို့တွေကျတော့ အစတွေမှာ ဘာမှသိပ်မခံစားရဘဲ အိမ်ထောင်ကျပြီးမှ ကလေးမွေးပြီးမှ ဖြစ်တတ်တဲ့သူတွေလည်း ရှိပါတယ်။
ရာသီဆင်းတဲ့ရက်တိုင်းမှာလည်း ခံစားရတတ်တဲ့သူတွေရှိသလို တချို့တွေကျတော့လည်း ပထမဆုံးရက်ပဲ ခံစားရတဲ့သူလည်းဖြစ်တတ်တယ်။ ရာသီလာစဉ်အများဆုံး ခံစားရတတ်တာကတော့ ဗိုက်အောင့်တာပါပဲ။ ဗိုက်အောင့်တယ်ဆိုပေမယ့် တစ်ပြင်လုံးအောင့်တာမျိုးမဟုတ်ဘဲ ချက်အောက်ပိုင်းနဲ့ ဆီးစပ်နေရာတွေမှာ အဖြစ်များပါတယ်။ တောက်လျှောက်ကြီးမအောင့်တတ်ဘဲ တစ်ခါအောင့်လိုက် ပြန်သက်သာလိုက်နဲ့ ဖြစ်တတ်ပါတယ်။ သားအိမ်က တစ်ချက်တစ်ချက် ဆုပ်ဆွဲလိုက်သလို ဖြစ်တာကြောင့်လည်းပါပါတယ်။ ဗိုက်အောင့်လာတဲ့အခါ အိမ်သာသွားချင်သလိုလို လည်းခံစားရတတ်တယ်။ ဝမ်းလည်းပျော့နေတတ်တယ်။ ရေခဏခဏကိုင်ပါများလားတော့ ခြေလက်တွေလည်း ပိုအေးလာတတ်တယ်။ ပိုဆိုးတယ်ဆိုရင် အကြောတွေတောင် ကပ်လာတတ်ပါတယ်။
ဒီလိုဝေဒနာမျိုးကို အမျိုးသမီးတိုင်းတော့ အနည်းနဲ့အများ ခံစားဖူးတတ်ပါတယ်။ ဒါပေမယ့် နာကျင်တဲ့ ဝေဒနာကို ဘယ်လောက်ထိ ခံနိုင်တယ်ဆိုတာပေါ် မူတည်ပါတယ်။ တချို့ အမျိုးသမီးတွေကျတော့ အရမ်းကြီး မကိုက်ခဲတတ်ပေမယ့် ခြေထောက်တွေ အထူးသဖြင့် ခြေသလုံးတွေ ညောင်းညာနေတတ်ကြပါတယ်။ ဆေးလိမ်းတာ နှိပ်တာနဲ့တော့ ပြန်သက်သာတတ်ကြပါတယ်။
တချို့တွေကျတော့ ရင်သားတွေ နာတာမျိုးပါ ရင်သားနှစ်ဘက်လုံးမှာ နာနေတတ်ပါတယ်။ ပထမဆုံးရက်တင်မကဘဲ ရာသီဆင်းတဲ့ရက်တိုင်းနီးပါး တောက်လျှောက်နာနေတတ်တယ်။ လက်နဲ့စမ်းကြည့်တဲ့အခါ ရင်သားအပြင်ဘက်တွေမှာ အစိလေးတွေအများကြီး စမ်းမိနေတတ်ပါတယ်။ ရာသီလည်းပြီးရော ရင်သားနာတာရော အစိလေးတွေရော အလိုလို ပြန်ပျောက်သွားတတ်ကြပါတယ်။ ရင်သားနာတာတွေကိုလည်း ရေနွေးဖတ်ကပ်ပေးလို့ရပါတယ်။
တချို့ အမျိုးသမီးတွေမှာတော့ ရာသီရက်နီးလာတာနဲ့အမျှ စိတ်ခံစားမှု တစ်ခုခုကြုံတတ်ကြပါတယ်။ အလွယ်တကူ စိတ်တိုတတ်တာတွေ စိတ်အပြောင်းအလဲများတာတွေ အလိုလိုနေရင်း ငိုချင်နေတာတွေ လည်း ဖြစ်တတ်ကြပါတယ်။ စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး ဝါသနာပါတာလေးတွေ လုပ်ပေးနေတာက စိတ်ကိုသက်သာစေပါတယ်။
Migraine လို့ခေါ်တဲ့ ခေါင်းကိုက်ဝေဒနာကလည်း တစ်ခါတစ်လေမှာ ရာသီလာတာနဲ့ ထိုးကိုက်လာတတ်ပါတယ်။ ရာသီလည်းပြီးရော ခေါင်းကိုက်လည်း ပြန်ပျောက်သွားရောပါပဲ။
အမျိုးသမီးတိုင်းက ကိုယ်ကြုံဖူးတဲ့ ဝေဒနာကို ကိုယ်တိုင်နားလည်ပါတယ်။ ဒါကြောင့်လည်း တချို့တွေဆိုရင် ရာသီရက် နီးလာတာနဲ့အမျှ ခံစားရမဟ့် ဝေဒနာအတွက် သက်သာစေနိုင်တဲ့ နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။
တချို့တွေ ရုံးတွေအလုပ်တွေကနေ ခွင့်ယူထားတတ်တယ်။ အိမ်မှာပဲ နားနားနေနေ နေတာက စိတ်ကို သက်သာစေပါတယ်။ ဗိုက်အောင့်တတ်တဲ့သူတွေမှာ ရေနွေးအိတ်ကပ်တာတွေ အစာပျော့ပျော့စားတာတွေ အအေးမခံတာတွေ လုပ်ကြတယ်။ တချို့ ဗိုက်အောင့်တာမခံနိုင်ရင်သောက်ဖို့ ဆေးတွေ ပြင်ဆင်ထားတတ်ကြတယ်။
ရာသီလာနေစဉ် ကိုက်ခဲတာက ပုံမှန်ဖြစ်စဉ်တစ်ခု ဆိုပေမယ့် ဘယ်လိုမှမခံနိုင်အောင် ကိုက်ခဲတယ် နားလည်းမသက်သာ ဆေးလိမ်းဆေးသောက်လည်း မသက်သာ ဆိုရင်တော့ သားအိမ်နဲ့ သားဥအိမ်တွေကိုလည်း စစ်ဆေးပေးဖို့ လိုတတ်ပါတယ်။ အဲဒီလိုအခါတွေမှာတော့ သားဖွားမီးယပ် ဆရာဝန် နဲ့ ပြပေးဖို့လည်း လိုလာတတ်ပါတယ်။
Author : Dr. CST