တစ်ခါတစ်လေ အပြင်သွားတဲ့အခါမှာ တချို့သောလူကြီးမိဘတွေ ကလေးငယ်လေးတွေကို ဆူပူကြိမ်းမောင်းနေတတ်တာတွေ တွေ့ရတတ်ပါတယ်။ ကလေးငယ်လေးတွေကလည်း မခေဘူး လိုချင်တာမရတာဆို ပေကပ်ပြီး ဆူပူဆောင့်အောင့်နေတတ်ကြတယ်။ ဒီလိုအခါတွေဆို မိဘတွေက ပိုဆူတတ်ကြတယ်။
ကလေးတွေကို ဆူမှာလား လို့ ပြောထားတော့ မဆူရဘူးလားဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ မဆူရင် ပိုဆိုးသွားမှာပေါ့ ဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ ကလေးဆိုတာ ငယ်ရွယ်စဉ်တည်းက သတိနဲ့ ထိန်းပေးရပါတယ်။ ငယ်တုန်းတော့ငြိမ်ရင် ပြီးရောဆိုပြီး လုပ်ချင်တာပေးလုပ်ခဲ့တယ်ဆိုရင် ဒီကလေးလေးတွေ ကြီးလာတဲ့ အခါ လိုချင်တာမရရင် ဆူပူဆောင့်အောင့်ကြမှာပဲ ဂျီတိုက်ကြမှာပါပဲ။
ငယ်ရွယ်စဉ်မှာတည်းက လိုချင်တာဆို ဒီလို အော်ပြလိုက်ရင် ရတယ်ဆိုတဲ့ အသိလေးက ကလေးတွေ ခေါင်းထဲ ရိုက်သွင်းလိုက်သလိုပါပဲ။ ဒီအကျင့်ကို ကြီးတဲ့ အထိမှတ်သွားတတ်ကြတယ်။ အပြင်သွားတဲ့အခါ ကစားစရာပစ္စည်း တစ်ခုခုလိုချင်တာ တစ်နေရာရာ သွားချင်တာတွေဆို လူကြီးမိဘတွေကို ပြောကြည့်တယ်။
သူတို့လေးတွေ ပြောတာကို အရေးမထားတဲ့အခါ မလုပ်ပေးနိုင်တဲ့အခါ ကလေးငယ်လေးတွေက စတင်ပြီး စိတ်ပြတတ်လာကြတယ်။ ငိုသလိုလို အော်နေတတ်ကြတယ်။ ဒါကတဆင့် ပိုဆိုးလာတယ်ဆို အဲ့နေရာမှာပဲ ဖင်ထိုင်ချတာ လှဲအိပ်တာလုပ်တတ်တယ်။ ငိုတယ် အော်တယ် စသဖြင့်အမျိုးမျိုးပါ။ ဒီလိုအခါ လူကြီးတွေက လူကြားသူကြားထဲ လုပ်ရမလားဆိုပြီး တစ်ခါတစ်လေမှာ ဆူတာတွေ ရိုက်တာတွေ ပါလာတတ်ကြတယ်။ လူကြီးတွေ စိတ်ညစ်တဲ့ အခါ အဆင်မပြေတာတွေ ရှိတဲ့အခါဆို ပိုဆိုးပါတယ်။
ဘယ်လူကြီးမိဘကမှတော့ ကိုယ်သားသမီးကို မရိုက်ချင်ပါဘူး။ မဆူချင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ လုပ်မိသွားတတ်ကြတယ်။ လုပ်မိပြီးတဲ့အခါမှ စိတ်မကောင်းတွေ ဖြစ်နေတတ်ကြတယ်။ ကလေးငယ်လေးတွေ ကြီးပြင်းလာတဲ့ တောက်လျှောက်မှာ အမြဲ အလိုလိုက်ထားခဲ့မယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒါမျိုးအခြေအနေတွေ ကြုံလာနိုင်ပါတယ်။ ဒါဆို အလိုမလိုက်ရဘူးလား အမြဲဆူပူကြိမ်းမောင်းနေရမလားဆိုတော့လည်း မဟုတ်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ထိန်းကျောင်းပေးဖို့ လိုပါတယ်။
ကလေးငယ်လေးတွေကို မလုပ်သင့်တာတွေကို နားလည်လွယ်တဲ့ စကားနဲ့ အေးအေးဆေးဆေး ပြောဆိုပါ။ တစ်ခါမက ခဏခဏ ပြောဖန်များလာတာနဲ့အမျှ သူတို့လေးတွေစိတ်မှာ ဒါကမလုပ်သင့်ဘူး ဆိုတာ တစ်ဖြေးဖြေးသိနားလည်လာပါလိမ့်မယ်။ တစ်ခုခုကို မရမက ယူတော့မယ် ဆိုလည်း ကလေးငြိမ်အောင်ဆိုပြီး ချက်ချင်း မလုပ်ပေးပါနဲ့။ ကလေးစိတ်ထဲမှာ ဒီလိုလုပ်ရင် ငါလိုချင်တာ ရမှာပဲ ထင်သွားတတ်ကြတယ်။
ကလေးလေးတွေကို တစ်ခုခုပေးချင်လို့ ပေးတယ်ဆိုရင်တောင် တန်းမပေးပါနဲ့။ ကလေးကိုလည်း ကြိုးစားအားထုတ်မှု တစ်ခုခုရှိပါစေ။ ဒါမှ ကလေးက ပေးတဲ့ ပစ္စည်းလည်းတန်ဖိုးထားမှာပါ။ ကလေးကို ငယ်ငယ်တည်းက အာရုံလွှဲနိုင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။
ဒါမှဒါပဲ လိုချင်တဲ့ကလေးတွေကို လူကြားသူကြားထဲမှလည်း ဆူပူကြိမ်းမောင်းတာ ရိုက်နှိုက်တာမလုပ်စေချင်ဘူး။ ဖြေးဖြေးပြောပြပါ။ ဘယ်လိုပြောပြော ငိုနေမယ် အော်နေဦးမယ်ဆိုရင်လည်း တတ်နိုင်သလောက်မရိုက်ပါနဲ့။ ကလေးတွေ မောလာတဲ့အခါ ရပ်သွားပါလိမ့်မယ်။ ကြားထဲတော့ ကလေးနားမှာပဲ စိတ်ရှည်ရှည် စောင့်ပေးနေဖို့ လိုပါတယ်။
ကလေးဆိုတာ အရာရာကို သင်ယူနေတတ်ကြပါတယ်။ အရှေ့ကလုပ်ပြသမျှကို မှတ်ထားတတ်ကြတယ်။ ဒါကြောင့် ကလေးရှေ့မှာ ရင့်သီးတဲ့ စကားလုံးတွေ ဆူပူကြိမ်းမောင်းတာတွေ ရိုက်နှိုက်တာတွေ ကို ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ်။ ငယ်ငယ်တည်းက သင်ပေးနေလို့ရပါတယ်။ ဖြေးဖြေးပြောသမျှ နားဝင်ပါတယ်။ တစ်ခါမရ နောက်တစ်ခါပါ။ လူကြီးတွေကတော့ စိတ်ရှည်ရပါလိမ့်မယ်။
ကလေးနဲ့ တစ်အိမ်တည်းတူတူနေတဲ့ မိဘတွေ လူကြီးတွေ ညီအစ်ကိုမောင်နှမတွေ အားလုံးက ကလေးရဲ့ ပထမဆုံးသော မြင်ဆရာ ကြားဆရာပါပဲ။ လူကြီးတွေ လုပ်သမျှ ပြောသမျှ ကလေးငယ်တွေ လိုက်လုပ်မှာပါပဲ။
ကလေး ထိန်းတယ်ဆိုတဲ့ အရာက ပညာအရမ်းပါပါတယ်။ ကလေးကို အမြဲ ဟိုဟာမလုပ်ရဘူး ဒါမလုပ်ရဘူး မလွှတ်ပေးရဲဘူး ဆိုပြီး လည်းလုပ်လို့မရဘူး။ လုပ်ချင်တာလုပ်ဆိုပြီးလည်း ထားထားလို့မရပါဘူး။ တချို့အရာလေးတွေမှာ လွှတ်ပေးထားရမယ်။ တချို့ မလုပ်သင့်တာလေးတွေကိုတော့ နားလည်အောင်ပြောပြီး ထိန်းပေးရပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ကလေးဆိုတာ စိတ်ထားနုနယ်ပါတယ်။ လူကြီးမိဘတွေက ဆူပူကြိမ်းမောင်းတဲ့အခါ ရိုက်ပြီးဆုံမတဲ့အခါမှာ ကလေးစိတ်ထဲ ဝမ်းနည်းတာတွေ အထင်အမြင် မှားတာတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ပြောစကားလည်း နားမထောင်ချင်တတ်တော့ဘူး။ ကလေးတွေကို ပိုပြီးဆိုးလာစေတတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို ဆူစရာကိစ္စပေါ်လာခဲ့ရင် မဆူဘဲနဲ့ စိတ်ရှည်ရှည်ထားပြီး ကလေးနားလည်လာအောင် ပြောဆိုပေးမယ်။ အိမ်မှာ ထိန်းကျောင်းတည်းက စနစ်တကျလေးထိန်းပေးမယ်ဆိုရင် ကလေးကို ဆူဖို့အကြောင်း မရှိတော့ပါဘူး။
Author : Dr. CST