၂၀၁၅-၁၆ ပညာသင်နှစ်ရဲ့ အတန်းတင်စာမေးပွဲအားလုံး (၁၀ တန်းမှ လွဲ၍) ဖေဖော်ဝါရီလကုန်တွင် ပြီးစီးတော့မှာဖြစ်တယ်။ အဲဒီအခါကျရင် မိဘတော်တော်များများဟာ မိမိတို့ရဲ့ ကလေးတွေနဲ့ အပျော်ခရီး ထွက်လေ့ရှိပါတယ်။ တတ်နိုင်တဲ့သူတွေက ပြည်ပခရီးသွားကြတယ်။ ပြည်တွင်းခရီးတွေမှာ ဘုရားဖူး သွားကြ မလား၊ မရောက်ဖူးတဲ့နေရာကို သွားကြမလား၊ ပင်လယ်ကမ်းခြေ သွားကြမလား စသည်ဖြင့် လည်ပတ်စရာ တွေ အများကြီးရှိပါတယ်။
ကလေးတွေကို ခေါ်သွားမှာဆိုတော့ သူတို့လေးတွေ ကျန်းကျန်းမာမာရှိဖို့ အရေးကြီးပါတယ်။ ကလေးတွေဟာ ရောဂါကူးစက်လွယ်ကြလို့ ကြိုတင်ပြီးကာကွယ်ဆေးတွေ ထိုးထားသင့်တယ်။ ခရီးထွက်မယ် လို့ အစီအစဉ်ရှိရင် ခရီးမထွက်မီ ခြောက်လထက်မနည်း အလိုမှာ ထိုးထားသင့်တယ်။ အရေးပေါ်ကိစ္စများ အတွက် ဆေးဝါးတွေယူူသွားဖို့ မမေ့ပါနဲ့။
ကား၊ မီးရထားစီးရင် မူးတတ်တဲ့အကျင့်- အဲဒါမဖြစ်အောင် ကျွန်မကိုယ်တွေ့တစ်ခုမှာ ဂျင်းတက်ကို ပါးပါးလှီးပြီး သကြားအနည်းငယ်နဲ့ ပြုတ်ပါ။ ပြုတ်ရည်ကို ခရီးမထွက်မီ သောက်ပါ။ ပုလင်းထဲထည့်ပြီး ယူဆောင်သွားပါ။ လိုအပ်ရင် လမ်းမှာလည်းသောက်ပါ။
ဝမ်းသွားခြင်း- ခရီးသွားသူ ထက်ဝက်လောက်ဟာ ခရီးသွားရင် ဝမ်သွားတတ်ပါတယ်။ အများအားဖြင့် ကလေးတွေ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် ငွေဆောင်၊ ချောင်းသာတွေမှာ ပင်လယ်စာတွေဟာ အခန့် မသင့်ရင် ဝမ်းသွားတတ်ပါတယ်။ တချို့က ပင်လယ်စာနဲ့ ဓာတ်မတည့်မှန်း မသိဘဲစားမိလို့ ဝမ်းသွားပြီး ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာတယ်။ အခွံသင် အခွံနွှာ စားလို့ရတာကလွဲလျှင် မချက်တဲ့အစားအစာ ကို ရှောင်ပါ။ သောက်ရေနဲ့ ပတ်သက်ပြီး မသန့်ဘူးထင်ရင် ရေသန့်ဗူးမှ ရေကိုသာသောက်ပါ။ သွားတိုက်ရင် လည်း ရေသန့်ဗူးမှ ရေဖြင့် တိုက်ပါ။ ဖျော်ရည်သောက်ရင် ရေခဲကို ရှောင်ပါ။
ရေဓာတ်ကုန်ခမ်းခြင်း – ဝမ်းသွားတာများလို့ ရေဓာတ်ကုန်ခမ်းခြင်း ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဓာတ်ဆားထုပ်များကို ယူဆောင်သွားပါ။ ရေသန့်သန့့်နဲ့ ဖျော်ပြီးသောက်ပါ။ ၇၂ နာရီကြာတဲ့ အထိမပျောက်ဘဲ အဖျားဝင်လာခြင်း၊ ဝမ်းထဲသွေးပါလာခြင်းဖြစ်လျှင် ဆရာဝန်နှင့် ပြပါ။
ကလေးရဲ့ အသားအရေ – နေပူထဲမှာ ကလေးရဲ့ အသားအရေဟာ မြန်မြန်နေလောင်လွယ် တတ်ပါ တယ်။ သင့်တော်တဲ့ အဝတ်အစားတွေကို ယူဆောင်သွားပါ။ နေကာမျက်မှန်ယူဖို့ မမေ့ပါနဲ့။ နေ့လည်ဆိုရင် အပြင်မထွက်ဘဲ အဆောက်အအုံထဲမှာ နေပါ။
ပျော်ရွှင်ချမ်းမြေ့တဲ့ ခရီးဖြစ်ပါစေ။
Credit to:
Health Care Journal (Vol-7, No-10)