အသက်ရှူလမ်းကြောင်းသည် နား၊ နှာခေါင်း၊ လည်ချောင်းမှစပြီးအဆုတ်ထိဖြစ်ပါသည်။ ကလေးအသက်ရှူလမ်းကြောင်းရောဂါသည် အသက် ၅ နှစ်အောက် ကလေးများတွင် အဖြစ်များပါသည်။ အသက်ငယ်သောကလေးများတွင်ဖြစ်ပါကအသက်အန္တရာယ်စိုးရိမ်ရပါသည်။
ရောဂါဖြစ်စေသောအကြောင်းရင်း
ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ရောဂါပိုးမွှားများကြောင့် ကလေးအသက်ရှူလမ်းကြောင်းရောဂါဖြစ်စေပါသည်။ ထိုဘက်တီးရီးယားပိုးမွှားများသည် ကလေး၏အသက်ရှူလမ်းကြောင်းမှ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပါသည်။ ဆေးလိပ်ငွေ့များ၊ ကာဗွန်ပါသောအခိုးအငွေ့များ၊ မီးခိုးများနှင့် ထမင်းဟင်းချက်ပြုတ်ရာမီးဖိုမှ ထွက်ရှိလာသောမီးခိုးငွေ့များသည် ကလေး၏ အသက်ရှူလမ်းကြောင်းကိုပျက်စီးစေပြီးရောဂါပိုးများဝင်လွယ်စေပါသည်။
ရောဂါဖြစ်တတ်သောကာလ
မိုးရာသီဥတုတွင် အဖြစ်များသော်လည်းပူပြင်းသောရာသီတွင် ပူရာမှ အေးလာပြီး ဖြစ်တတ်ပါသည်။ မိုးရာသီတွင် အကာအကွယ် ထီး၊ မိုးကာမပါရှိပဲအိမ်အပြင်သို့ ထွက်ခြင်းကြောင့် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ လည်ချောင်းယားပြီးချောင်းဆိုးရာမှ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူနှုန်းမြန်လာခြင်း (ကလေးငယ် ၅နှစ်အောက်ဆိုပါက ၁မိနစ်ကို အကြိမ်၅၀ထက်မြန်ပြီး ၅နှစ် အထက်ဆိုပါက ၁မိနစ်ကို အကြိမ်၄၀ထက် မြန်ခြင်းတို့ဖြစ်တတ်ပါသည်။
ကလေးငယ်အားအိမ်တွင်ပြုစုခြင်း
ကလေးငယ်များသည် အဖျားမရှိဘဲရိုးရိုးနှာစေးချောင်းဆိုးဖြစ်ပါကကလေးကို နွေးနွေးထွေးထွေးထားခြင်း၊ ကွမ်းရွက်ပြုတ်ရည်လေးတိုက်ခြင်းနှင့် ကလေးငယ်၏အသားကိုမလောင်စေနိုင်သောရင်လူးဆေးတစ်ခုခုလူးပေးခြင်းများ ပြုလုပ်နိုင်ပါသည်။
သို့ရာတွင် ကလေးသည် ကိုယ်ပူပြီးဖျားခြင်း၊ အန်ခြင်း၊ ဆော့ကစားနိုင်မှုမရှိခြင်း၊ ထိုင်းမှိုင်းနေခြင်းနှင့် နို့သိပ်မစို့ခြင်းများဖြစ်ပါကနားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူရပါမည်။ လိုအပ်ပါကဆေးရုံသို့တင်ပြီးကုသရပါမည်။
ရောဂါ၏နောက်ဆက်တွဲဆိုးကျိုး
အသက်ငယ်သောကလေးများတွင် ပိုပြီးသတိထားရပါမည်။ လသားအရွယ်တွင် ရောဂါကြောင့် သေဆုံးမှုအလွန်များနိုင်ပါသည်။ ရောဂါကိုစောစောသိပြီးစောစောမကုသနိုင်ပါကအသက်အန္တရာယ်စိုးရိမ်ရပါသည်။
ရောဂါကူးစက်ခြင်း
ရောဂါရှိသောကလေးမှ နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူထုတ်ခြင်းကြောင့် ကူးနိုင်ပါသည်။ ရောဂါပိုးပါဝင်သောလေကိုရှူမိပါကလည်းကူးနိုင်ပါသည်။ လူကြီးများတွင် အသက်ရှူလမ်းကြောင်းရောဂါရှိပြီးကလေးကိုချစ်၍ နမ်းမိခြင်းကြောင့်လည်းကလေးကိုပိုးများလက်ဆင့်ကမ်းပေးသကဲ့သို့ ဖြစ်ပြီးကူးစက်နိုင်ပါသည်။
ရောဂါကိုကုသခြင်းနှင့် အစာကျွေးခြင်း
၅နှစ်အောက်ကလေးများတွင် တစ်နှစ်တွင် ၂ ခါ ၃ ခါ အထိဖြစ်တတ်သောရောဂါဖြစ်ပါသည်။ ဘက်တီးရီးယား၊ ဗိုင်းရပ်ပိုးမွှားများကြောင့် ဖြစ်တတ်၍ ရောဂါပိုးဝင်ပါကနောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ပါသည်။ ပိုးမွှားများကိုထိရောက်စွာတိုက်ထုတ်ရန် ပဋိဇီဝဆေးများနှင့် အခြားဆေးများသောက်ရပါမည်။
ကလေးငယ်အားအာဟာရပြည့်ဝပြီးသန့်ရှင်းလတ်ဆတ်သောအစားအစာ၊ ကြေညက်လွယ်သောအစားအစာများကိုကျွေးရပါမည်။ အဖျားရှိပါကလည်းခုခံအားကောင်းစေရန် ပုံမှန်ကျွေးပေးရပါမည်။
ကာကွယ်ခြင်း
ကလေးကိုလေကောင်းလေသန့်များများရရှိသောနေရာနှင့် ဆေးလိပ်သောက်သုံးမှုများကင်းစင်သောနေရာတွင် ထားရပါမည်။ အသီးအရွက်၊ အသားငါးမျှတအောင် ကျွေးရပါမည်။ ရာသီပေါ်သီးနှံများကိုကျွေးရပါမည်။ ကိုယ်ခံအားကောင်းမွန်စေရန် အာဟာရပြည့်ဝသည့် အစားအသောက်များကိုရွေးချယ်ကျွေးမွေးရပါမည်။ ကာကွယ်ဆေးများ (ဆုံဆို့၊ ကြက်ညှာ၊ တီဘီ၊ ဝက်သက်) များထိုးထားရပါမည်။ မိခင်နို့တိုက်ကျွေးရပါမည်။
အကြံပြုချက်
ကလေးအသက်ရှူလမ်းကြောင်းရောဂါသည် ပေါ့ဆ၍ မရပါ။ ကာကွယ်နည်းများကိုအပြည့်အဝလိုက်နာသင့်ပါသည်။ ရောဂါဖြစ်ပါကလည်းတတ်ကျွမ်းနားလည်သောဆရာဝန်များနှင့် ပြသသင့်ပါကြောင်းအကြံပြုအပ်ပါသည်။
Credit to:
Health Care Journal (Vol-7, No-19)