ကလေးမွေးဖွားပြီးရင် မိခင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါသည်။ ကလေးမွေး ပြီး မိခင်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးက အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် မီးတွင်းကာလဟာ တစ်လမှတစ်လခွဲထိ ကြာပါတယ်။ မီးတွင်းအချိန်မှာ မိခင်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်း ဟန်ချက်ညီညီ ပြန်ဖြစ်ဖို့ အနားယူခြင်းနဲ့ သင့်လျော်သော အစားအစာစားခြင်းက အရေးကြီးဆုံး ဖြစ်တယ်။
သားအိမ်၊ အစာကြေမှု၊ သွေးနဲ့ အဘက်ဘက်က ကျန်းမာရေး ပြန်ကောင်းလာဖို့ ဆောင်ရွက်ရမယ်။ သားအိမ် – မီးအိမ်မှာ ပထမဦးဆုံးလုပ်ရမှာက သားအိမ်ထဲမှာရှိတဲ့ တစ်သျှူးနဲ့ သွေးအကြွင်းအကျန်တွေကို ထုတ်ပစ်ဖို့နဲ့ သားအိမ်နဂိုအတိုင်း ပြန်ကျုံ့လာဖို့ ဖြစ်တယ်။ အဲဒီအတွက် မြန်မာတိုင်းရင်းဆေး (အထူးသဖြင့် နနွင်း)၊ တရုတ် တိုင်းရင်းသားဆေးနဲ့ မီးယပ်နှင့် သားဖွားဆရာဝန်တွေပေးတဲ့ ဆေးတွေရှိပါတယ်။ ကလေးမွေးဖွားခြင်းက သဘာဝအတိုင်းမဟုတ်ဘဲ၊ ခွဲစိတ်ပြီး မွေးဖွားရရင်၊ သားအိမ်ကို သန့်စင်ပေးထားပေမဲ့ ဝမ်းဗိုက်မှာရှိတဲ့ လေတွေကို ထုတ်ရပါတယ်။
အစာကြေမှု ပြန်ရခြင်း ကလေးမွေးဖွားတဲ့ဖြစ်စဉ်မှာ အားအင်ကုန်ခမ်းပြီး သွေးများ ဆုံးရှုံးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ထိခိုက်စေပါတယ်။ အစာခြေခြင်းလုပ်ငန်း ပြန်ရခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဒါမှ အားပြည့်ဖြည့်နိုင်မယ့် ဖြစ်စဉ်ကို ခန္ဓာကိုယ်က စုပ်ယူထားတဲ့ အစားအစာနဲ့ အာဟာရက ကူညီပေးနိုင်မယ်။ သွေးသစ်လောင်းခြင်း တရုတ်လို (ချီ) လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း စီးဆင်းနေတဲ့ မရှိမဖြစ်တဲ့အားနဲ့ သွေးဟာ ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ် အပိုင်းတွေ ကောင်းစွာလည်ပတ်ဖို့အတွက် လိုအပ်ပါတယ်။
ဆံပင်ကျွတ်ခြင်း၊ ထိုင်းမှိုင်းခြင်းနဲ့ လုံလုံလောက်လောက် နို့မထွက်ခြင်း စတဲ့ မီးတွင်းပြဿနာတွေကို နည်းအောင် ဒါမှမဟုတ် မဖြစ်အောင်က ကာကွယ်ဖို့နဲ့ မိခင်ရဲ့ ကျန်းမာရေးကို မြန်မြန်ကောင်းမွန်လာအောင် အဆိုပါ (ချီ) နဲ့သွေးက ကူညီပါတယ်။ အဘက်ဘက်က ကျန်းမာရေး ပြန်ကောင်းခြင်း ကလေးမွေးဖွားပြီး အသက်ဘက်က ကျန်းမာရေးကောင်းဖို့ အရေးကြီးတဲ့ အချက်က မိခင်ရဲ့ အသည်းနဲ့ ကျောက်ကပ်တို့ရဲ့ ကျန်းမာစွာ လည်ပတ်နိုင်ရေး ပြန်ရရှိဖို့ဖြစ်တယ်။ အသည်းနဲ့ ကျောက်ကပ်ဟာ အင်္ဂါအစိတ်အပိုင်းတွေ သာ မဟုတ် မျိုးပွားအင်္ဂါ၊ အရိုး၊ အရွတ်၊ သွား၊ ဆံပင်၊ မျက်စေ့၊ ကြားခြင်း၊ ခါးနဲ့ ခြေလက်အင်္ဂါအောက်ပိုင်းတို့လည်း အကျုံးဝင် တယ်။
အသည်းနဲ့ ကျောက်ကပ်ကို ဂရုစိုက်ခြင်းဖြင့် မိခင်အနေနဲ့ ခါးနာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရိုးအဆစ်တွေကိုက်ခဲခြင်း တွေမှ ကာကွယ်ပေးနိုင်တယ်။
အထက်ပါ ကျန်းမာရေးပြဿနာတွေကို မီးဖွားမည့် မိခင်တိုင်း သိရှိထားပြီး၊ မြန်မာတိုင်းရင်းဆေးတွေ၊ တရုတ် တိုင်းရင်းဆေးနဲ့ မီးယပ်သားဖွားဆရာဝန်တွေရဲ့ ဆေးအညွှန်းတွေထဲမှ ကြိုက်နှစ်သက်ရာကို လိုက်နာပြီး၊ မီးတွင်းအခါရှောင် ရန်၊ ဆောင်ရန်များကို သိထားစေလိုပါတယ်။
မီးတွင်းအခါ ဆောင်ရန်၊ ရှောင်ရန်များ
- မီးနေခန်းဟာ သိပ်မပူ၊ သိပ်မအေးဘဲ၊ သက်တောင့်သက်သာနေနိုင်တဲ့ အပူချိန်ရှိပါစေ။
- မီးနေခန်းသည် လေဝင်လေထွက်ကောင်းရမယ်။ တိုက်ရိုက်လေစိမ်းကို ရှောင်ပါ။
- ကောင်းကောင်း အနားယူပါ။
- မိုဘိုင်းလ်ကိရိယာတွေကြည့်ခြင်း၊ ကြာမြင့်စွာ စာဖတ်ခြင်းစတဲ့ မျက်စိအားစိုက်ခြင်းကို ရှောင်ပါ။
- ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင်ထားပါ။ အထူးသဖြင့် အနာရှိတဲ့နေရာကို အထူးဂရုစိုက်ရန် လိုတယ်။ သန့်ရှင်းရေးနဲ့ ရေချိုးခြင်းအတွက် ရေနွေးကိုသာသုံးပါ။
- ရေချိုးပြီးလျှင် ခန္ဓာကိုယ်ကို ကိုယ်သုတ်ပဝါဖြင့် ခြောက်အောင်လုပ်ပါ။
- လေးတဲ့အရာဝတ္ထုများနဲ့ အားစိုက်ခြင်းကို ရှောင်ပါ။ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုကိုသာ လုပ်ပါ။
- ပိန်အောင်မလုပ်ပါနဲ့။ မီးတွင်းကာလကုန်ဆုံးမှသာ လုပ်သင့်တယ်။ လျော်ကန်တဲ့ အစားအစာနဲ့ အာဟာရဟာ မိခင်နို့တိုက်ကျွေးရင် အထူးအရေးကြီးပါတယ်။
- တစ်ခါတည်း အဝအပြဲမစားပါနဲ့၊ နည်းနည်းနဲ့ ခဏခဏစားပါ။
- ရေနွေး၊ စွပ်ပြုတ်ရည်တို့ကို လုံလုံလောက်လောက် သောက်ခြင်းဖြင့် ခန္ဓာကိုယ်မှ ရေဓာတ်အပြည့်အဝရှိပါစေ။
- အေးနေတဲ့ အစားအစာနဲ့ အရည်ကို မစားသုံးသင့်ပါ။ ငှက်ပျောသီး၊ ဖရဲသီး၊ လက်ဖက်စိမ်းစတဲ့ အအေးစာတွေကို သိပ်မစားပါနဲ့။
- တောနစ်နဲ့ ဝိုင်တွေကို သတိနဲ့သုံးပါ။ အထူးသဖြင့် အနာကရောင်ရမ်းရမ်းနေလျှင် ဂရုစိုက်ပါ။
Author: နှင်းအေးဝင်း, Healthcare Journal, vol 8,no 34 (8.9.17)