သားအိမ်ထဲတွင် အသားလုံးတည်ခြင်း
ဆေးပညာအရတော့ Myoma ( မြို့မ မဟုတ်ပါ မိုင်ယိုးမားလို့ အသံထွက်ပါတယ်) သို့မဟုတ် Fibroid လို့ခေါ်ပါတယ်။ သားအိမ်ထဲမှာ အသားလုံးတည်တာဟာ အသက် ၃၅ နဲ့ ၄၅ ကြားရှိ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဘာဖြစ်လို့ သားအိမ်ထဲမှာ အသားလုံးလာတည်ရလဲဆိုတဲ့ အကြောင်းရင်း အတိအကျတော့ မသိသေးပါဘူး။ သို့သော် သုတေသနပြုချက်တွေအရ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
၁။ အိမ်ထောင်မပြုတဲ့အမျိုးသမီးများ
၂။ အိမ်ထောင်ပြုသော်လည်း ကလေးလုံးဝမမွေးတဲ့ အမျိုးသမီးများ
၃။ တအားဝတဲ့အမျိုးသမီးများ
၄။ အဘွားတို့ အမေတို့မှာ သားအိမ်ထဲ အသားလုံးတည်ဖူးသော မိသားစုရာဇဝင် (Family History) ရှိတဲ့ အမျိုးသမီးများ
အကြမ်းအားဖြင့် ပြောရရင် သားအိမ်အလုံးဆိုတာ သားအိမ်ရဲ့အလွှာ သုံးခုထဲက တလွှာလွှာထဲကနေ ဖြစ်လာတာပါ။ ဖြစ်တဲ့အလွှာအလိုက် လက္ခဏာတွေ မတူပါ။
အတွင်းဆုံးလွှာမှာဖြစ်ရင် (submucous fibroid) လို့ ခေါ်တယ်။ ဒီအမျိုးအစားက ရာသီအဆင်းများ (Menorrhagia) တာ ဖြစ်နိုင်တယ်။ ဆိုလိုတာက ရာသီဆင်းတဲ့ရက် ကြာမယ် ရာသီလာရင် ဆင်းတဲ့ သွေးပမာဏ များမယ်။ ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားရက်မှာဖောက်ပြီး သွေးဆင်းနေတာမျိုးလည်း ရှိတတ်တယ်။ အဲလိုအမျိုးအစားက ကိုယ်ဝန်မရတတ်ပါ။
အပြင်ဆုံးအလွှာကဖြစ်ရင် (Subserosal fibroid) လို့ ခေါ်တယ်။ ကိုယ်ဝန်ရှိ မရှိ အပေါ် သိပ်သက်ရောက်မှု မရှိဘူး။ ဒါပေမယ့် အညှာပါတတ်တယ်။ ကိုယ်ဝန်ကို သက်ရောက်တာထက် သားအိမ်အနီးအနားက အင်္ဂါတွေကို ဖိအားသက်ရောက်မယ်။ ဥပမာ ရှေ့ဆို ဆီးအိမ်ဖိလို့ ဆီးခဏခဏသွားချင်တယ်။ နောက်ဖက်ဆို အစာဟောင်းအိမ်ကိုဖိလို့ ဝမ်းချုပ်မယ်။
အလယ်လွှာကဖြစ်ရင် (Intramural fibroid)လို့ ခေါ်တယ်။ ဒီအမျိုးအစားဖြစ်ရင် ရာသီဆင်းတဲ့အခါမှာ ပုံမှန်ထက် ပိုနာကျင်ကိုက်ခဲတာကို ခံစားရတတ်တယ်။ စစချင်းမှာ စမ်းသပ်ကြည့်ပါက ချက်အောက်ဆီးစပ်နေရာမှာ အလုံး တွေ့ရနိုင်တယ်။ တဖြည်းဖြည်းနဲ့ အလုံးကကြီးလာရင် ကိုယ်ဝန်ရှိသလိုပဲ ဗိုက်ဖောင်းလာနိုင်တယ်။ ဖျားတာလည်း ရှိနိုင်တယ်။
ကြီးလာတဲ့အလုံးကြောင့် တင်ပဆုံထဲမှာ လေးလေးကြီးဖြစ်နေတာ၊ သွေးကြောထုံးတာ၊ ခြေထောက်တွေရောင်တာ၊ အစာမကြေတာ စသဖြင့်လည်း ခံစားရတတ်တယ်။ ဒီလက္ခဏာတွေရှိခဲ့ရင် သားအိမ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သိအောင် Ultrasond ရိုက်ကြည့်သင့်ပါတယ်။ အသားလုံးလို့ တွေ့ခဲ့ရင်လည်း ရိုးရိုးအသားလုံးလား သို့မဟုတ် ကင်ဆာလား ဘာအမျိုးအစားလဲ သေချာအောင် စမ်းသပ်မှုတွေ ထပ်လုပ်ရတယ်။ သွေးစစ်တာ ဆီးစစ်တာ အီးစီဂျီဆွဲတာ ရင်ဘတ်ဓါတ်မှန်ရိုက်တာ စသဖြင့်လည်း လုပ်ဖို့လိုနိုင်ပါတယ်။
သားအိမ်ထဲ အလုံးတည်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
အညှာပါတဲ့ အသားလုံး (Subserous Pedunculated fibroid) ဆိုရင် အလုံးက တအားကြီးလာတဲ့အခါမှာ အညှာက လိမ်သွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့အခါကျ အရမ်းမခံမရပ်နိုင်အောင် နာတဲ့အတွက် အရေးပေါ်ခွဲရတာမျိုး ရှိနိုင်တယ်။ အလုံးကနေသွေးထွက်ပြီး ဝမ်းတွင်းခေါင်းအမြှေးလွှာ (peritoneum) ထဲ သွေးယိုတာ ဖြစ်နိုင်ပါတယ်။ ပိုးဝင်တာလည်း ဖြစ်နိုင်တယ်။ သားအိမ်လုံးကနေ ကင်ဆာအဖြစ် ပြောင်းသွားနိုင်တယ်။ သို့သော်အလွန်ရှားပါတယ်။ ၀ ဒသာမ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
သားအိမ်ထဲမှာ အသားလုံးနဲ့ ကိုယ်ဝန်တွဲဖြစ်ပါက
အသားလုံးက ကြီးလာတဲ့အခါမှာ ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက်ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။ ခွဲမွေးရတတ်တယ်။ မွေးပြီးနောက်လည်း အလုံးကြောင့် သားအိမ်ကောင်းကောင်း မကျုံနိုင်ဘဲ သွေးဆင်းတာမျိုးလည်း ရှိတတ်တယ်။
တချို့ကျတော့လည်း ဗိုက်ခွဲမွေးရင်းနဲ့ အလုံးကိုပါ တစ်ခါတည်း ထုတ်လိုက်တာမျိုးလည်း ရှိတယ်။သို့သော် ခုနောက်ပိုင်း အယူအဆတွေအရ ဗိုက်ခွဲရင်းနဲ့ တစ်ခါတည်းဖြတ်ရင် သွေးထွက်လွန်တာ သွေးထွက်များတာတွေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် တစ်ခါတည်းမခွဲဘဲ နောက်မှပြန်ခွဲတာမျိုးလည်းရှိပါတယ်။
သားအိမ်အသားလုံးကို ကုသရာတွင် အမျိုးအစားရယ် လူနာအခြေအနေရယ် ဖြစ်တဲ့လက္ခဏာရယ်ပေါ်မူတည်ပြီး သောက်ဆေးနဲ့ကုတာ ခွဲစိတ်ကုသတာ စသဖြင့် ရှိပါတယ်။ ခွဲတဲ့နေရာမှာလည်း သမာရိုးကျခွဲကြောင်းပေး ခွဲစိတ်တာအပြင် ခွဲကြောင်းမပေးဘဲ မိန်းမကိုယ်ကနေတဆင့် သားအိမ်ထဲကို ခွဲစိတ်ကိရိယာပါ မှန်ပြောင်းထည့်ကာ ခွဲတဲ့ (Hysteroscopic Removal) နည်းလည်း ရှိပါတယ်။
Author : Dr. 528