ကလေးမီးဖွားပြီးနောက် မွေးလမ်းကနေသွေးဆင်းတာကို ဆေးပညာအရ ‘လိုခီယာ’ လို့ခေါ်ပါတယ်။ ပုံမှန်လစဉ် ရာသီ ဆင်းသလိုပါဘဲ။ ရိုးရိုးမွေးဖြစ်ဖြစ်ခွဲမွေးတာဖြစ်ဖြစ် ဆင်းပါတယ်။ ၂ ပတ်ကနေ ၃ ပတ်ကြာမယ်။ တချို့မှာ ၆ပတ်အထိ ကြာတတ်တယ်။
လိုခီယာ ပုံမှန်မီးဖွားပြီး ဆင်းတဲ့ သွေးအမျိုးအစားများ
၁) လိုခီယာ ရူဘရာ
– ကလေးမီးဖွားပြီး ပထမ ၃-၄ ရက်မှာ ဆင်းမယ် ။
– အဓိက သွေးတွေပါမယ် ။ကလေးရဲ့ အကြွင်းအကျန်တွေ ၊သားအိမ်ထဲက ပစ္စည်းအချို့ ၊သားအိမ်ခေါင်း အကျိအချွဲများ ပါမယ် ။
-လိုခီယာ အရောင်သည် နီမယ် ။
၂) လိုခီယာ စီရိုစာ
– မွေးပြီး၄-၁ဝ ရက်ကြားမှာ ဆင်းတယ် ။
– သွေးနီဥ နည်းနည်းနဲ့ သွေးဖြူဥ များများ ပါတယ်။ အချင်းနေရာကနေထွက်တဲ့ အနာအရည်တွေရယ် ၊သားအိမ်ခေါင်း အကျိအချွဲတွေလည်း ပါသေးတယ်။
-အရောင်ကတော့ အနီကနေ နီညိုရောင် ၊အဝါရောင် အဖြစ် တဖြည်းဖြည်း ပြောင်းမယ်
၃) လိုခီယာ အယ်လ်ဘာ
– မွေးပြီး ၁၀ရက်ကနေ ၂၈ရက်ကြားမှာ ဆက်ဆင်းနိုင်တယ် ။
– သားအိမ်နံရံက ဆဲလ်သေအချို့ ၊သွေးနီဥများ ၊သွေးဖြူဥများ ၊အချွဲစများ ပါတယ်။
– အရောင်ကတော့ ဖြူဝါဖျော့ဖျော့ ဖြစ်မယ်။
လိုခီယာ ဘယ်လောက် ဆင်းသလဲ
-ပမာဏာ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ အနေအထား အချိန်နဲ့ အမျှမတူနိုင် ၊တစ်ယောက်နဲ့ တစ်ယောက်လည်း ပမာဏာ ကွဲပြားနိုင်ပါသေးတယ်။
-တချို့သော အမျိုးသမီးတွေမှာ ကလေးမွေးဖွားပြီးတဲ့အခါ သားအိမ်ညှစ်တဲ့အခါ ဗိုက်ကအောင့်ပြီး သွေးတွေ အများကြီးဆင်းမယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ရဲ့ သွေးခဲတဲ့ စနစ်ကြောင့် သူ့ဘာသူ ပြန်ရပ်သွားမယ်။
-တချို့ကျတော့ အထိုင်အထ အလဲအလျောင်းတွေမှာ သွေးဆင်းမယ်။ ဒါဟာ မွေးလမ်းကြောင်းမှာ ကျန်နေတဲ့သွေးတွေပဲ ဖြစ်တယ်။
လိုခီယာ ဆင်းရင် ဘာလုပ်မလဲ
-အဓိကက မိန်းမကိုယ်ကို သန့်သန့်ရှင်းရှင်းထားပါ။
-မိန်းမကိုယ်ကို သေချာ ဆေးကြောပါ။
-အမျိုးသမီး လစဉ်သုံး တမ်ပူးများ tampons မသုံးပါနဲ့။ လစဉ်သုံး အောက်ခံ pad သာသုံးပါ။
-သွေးဆင်းနေစဉ် လိင်မဆက်ဆံသင့်ပါ။ ဘက်တီးရီးယား ရောဂါပိုးများသည် သွေးဆင်းနေတဲ့ နေရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ဒုက္ခပေးနိုင်တယ်။
-ထို့အတူပဲ ကလေးမီးဖွားပြီးပြီးချင်း မသန့်တဲ့နေရာများမှာ ရေချိုးခြင်း ၊ရေကူးခြင်းများရှောင်ပါ။
ဘယ်အချိန်တွေဆို သတိထားဖို့ လိုမလဲ
-ကလေးမီးဖွားပြီး ၁ပတ်ကျော်တဲ့အထိ သွေးအနီရောင်များ ဆက်ဆင်းနေက
-လိုခီယာ အရောင်သည် ဖြူရာကနေ ပြန်နီလာက
-လိုခီယာသည် တစ်နာရီအတွင်း အောက်ခံတစ်ခုလုံး ရွှဲရွှဲစိုက ၊ဒါမှမဟုတ် ဂေါ့ဖ်ဘောလုံးထက် ကြီးသော သွေးခဲများ ဆင်းက
-ဗိုက်အောင့်ပိုင်း ဆီးစပ်နာ တဖြည်းဖြည်းနဲ့ ပို ပိုအောင့်လာက
-လိုခီယာသည် အနံ့မကောင်းက
-ဖျားလာ ချမ်းစိမ့် ချမ်းစိမ့်နဲ့ တုန်လာက နီးစပ်ရာ ဆေးရုံ ၊ဆေးခန်းများ ပြသသင့်ပါတယ်။
Author : ခေတ်သစ် ဇီဝက