ကလေးငယ်များသည် သုံးနှစ်၊ လေးနှစ်အရွယ်၌ ကြောက်ရွံ့မှုရှိတတ်ကြသည်။ ခွေး၊ ကြောင်၊ ကြွက်၊ အိမ်မြှောင်၊ ပိုးဟပ်၊ တီကောင်စသည်ဖြင့် အကောင်များကို ကြောက်ရွံခြင်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ပစ္စည်း တစ်စုံတစ်ရာကို ကြောက်ခြင်းလည်းဖြစ်နိုင်သည်။ အပြုအမှုတစ်စုံတစ်ခုကိုကြောက်ခြင်း ဥပမာ ရေကူးရန်၊ ရေ ထဲဆင်းရန်၊ အမြင့်တက်ရန်မျိုးလည်းဖြစ်နိုင်ပါသည်။ အများအားဖြင့် အနည်းငယ် ကြောက်ရွံ့မှုမျိုးသာ ဖြစ် တတ်သည်။ သို့သော် တချို့ကလေးငယ်များတွင် အလွန်အကျွံကြောက်ရွံ့ခြင်းမျိုးလည်း ကြုံတွေ့ရတတ်သည်။
ကြောက်ရွံ့မှုကို စိတ်ပညာသဘောအရ လေ့လာကြည့်သောအခါ-
ကလေးငယ်ဆယ်ယောက်တွင် ကိုးယောက်မှာ တစ်စုံတစ်ခုအပေါ်အနည်းငယ် ကြောက်လန့်မှုရှိသည်။ ဤ သည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်သာလျှင်ဖြစ်သည်။
အသက်သုံးနှစ်၊ လေးနှစ်အရွယ်ဝန်းကျင်တွင် ကလေးငယ်သည် အမျိုးအစားမတူသော ကြောက်ရွံ့မှု သုံးရပ် ရှိနေတတ်သည်။
အသက်သုံးနှစ်၊ လေးနှစ်အရွယ်ကလေးငယ်သည် လေးငါးရက်တစ်ကြိမ် ကြောက်လန့်မှုပြဿနာ ကြုံတွေ့ရ လေ့ရှိသည်။ တချို့ ထို့ထက်အချိန်ပိုများပါသည်။
မိန်းကလေးများသည် ယောကျ်ားလေးများထက် ကြောက်တတ်သူ အရေအတွက်များသည်။ ကြောက်ခြင်း၌ လည်း အတိုင်းအတာ အားဖြင့်ပိုမိုပြင်းထန်တတ်သည်။
ကလေးငယ်များ အများဆုံးကြောက်တတ်သောအရာမှာ တိရစ္ဆာန်ငယ်များ၊ ပိုးမွှားကောင်များ၊ မှောင်မိုက်ခြင်း၊ လူစိမ်းများ၊ မိဘများ၏ချစ်မေတ္တာဆုံရှုံးမှုနှင့် မတော်တဆလာရောက် ထိခိုက်မှု စသည်တို့ ဖြစ်ကြ၏။
ကလေးငယ်များ ကြောက်ရွံ့မှုမှ ပပျောက်စေရန်အတွက် မိဘများအနေဖြင့် ကူညီလုပ်ဆောင်ပေးသင့်သည်မှာ- (၁) ကလေးငယ်များ၏ ကြောက်ရွံ့မှုကြုံတွေ့ရချိန်တွင် အလေးထားဂရုစိုက်ပြီး ကူညီပေးရပါမည်။
(၂) ကလေးငယ်ကြောက်သည့်အရာမှာ အမှန်တကယ်အားဖြင့် ကြောက်စရာမဟုတ်ကြောင်း ရှင်းပြပေးရပါ မည်။
(၃) ကြောက်ရွံ့မှု ခံစားရသောအခါတိုင်း အားပေးနှစ်သိမ့်ရန် လိုအပ်သည်။
(၄) ကြောက်စရာဟု ထင်သောအရာကို ရှောင်ဖယ်ခြင်းထက် ရင်ဆောင်ခြင်းပြုဆောင်ရန် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးရပါမည်။
(၅) အားပေးကူညီမှုကို အမြဲတစေ ဆောင်ရွက်ပေးထားရန် ဖြစ်ပါသည်။
(၆) ကြောက်စိတ်ဖယ်ရှားနိုင်မှုအတွက် ချီးမွမ်းဂုဏ်ပြုစကား ပြောကြရပါမည်။
(၇) ကြောက်စိတ်ကို အစဉ်အမြဲ ဖယ်ရှားနိုင်အောင်လေ့ကျင့်သင်ကြား ပေးရန်လည်းလိုအပ်သည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)