မိုးတွင်းကာလရောက်ပြီဆိုလျှင် ကလေးရှိတဲ့အိမ်တိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်မှာ သိပ်ကြောက်ကြတာ။ ကိုယ့်ကလေးဖျားပြီဆိုတာနဲ့ သွေးလွန်တုပ်ကွေးဖြစ်မှာကြောက်နေကြတာ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်လျှင် လက္ခဏာမပြတာရယ် ရိုးရိုးအဖျားရောဂါပြတာရယ်၊ သွေးလွန်တုပ်ကွေးဖြစ်ပြီး သတိလစ်ခြင်းမရှိတာရယ်၊ သွေးလွန်တုပ်ကွေးဖြစ်ပြီး သတိလစ်တဲ့အဆင့်ဆိုပြီး ရှိပါတယ်။
မေး – သွေးလွန်တုပ်ကွေးရောဂါရဲ့ သဘောသဘာဝက ဘာလဲ။
ဖြေ – 1,2,3,4 ဆိုပြီးမျိုးကွဲရှိပါတယ်။ DENGUE VIRUS မျိုးကွဲတွေပေါ့။ မိုးစတာနဲ့ခြင် (AEDES AEGYPTI) တွေစပြီးပေါက်ပွားကြပါတယ်။ ခြင်နဲ့လူက အဲဒီဗိုင်းရပ်စ်ပိုးကို လက်ခံပြီး လူမှာဖျားနေတဲ့အချိန် ၅ ရက်မြောက်နဲ့ ရောဂါလက္ခဏာမပြခင်မှာ လူ့သွေးထဲမှာ ဗိုင်းရပ်စ်ပိုးရှိပြီး ခြင်က အဲဒီလူနာကို ကိုက်လိုက်တော့ ခြင်ဆီကို ရောဂါပိုးတွေကူးစက် ခြင်ကနောက်လူသစ်တစ်ယောက်ကို ကိုက်ပြန်တော့ ရောဂါကပွားသွားပြန်ရော
မေး – ရိုးရိုးသွေးလွန်တုပ်ကွေးလက္ခဏာတွေက ဘာလဲ။
ဖြေ – ခြင်ကိုက်ခံရပြီး ရောဂါက လူ့ကိုယ်ထဲဝင်ပြီး ပိုးမွေးချိန် (၅-၆) ရက်ကြာပြီး ရုတ်တရက်ချမ်းခြင်း၊ အပူချိန်ကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်ကိုက်ခြင်း၊ အားနည်းခြင်း၊ မစားမသောက်ချင်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ လည်ချောင်းနာခြင်း၊ ၈၀ ရာခိုင်နှုန်းမှာ အရေပြားနီရဲပြီး အနီစက်များ ဝမ်းဗိုက် ရင်ဘတ် ခြေလက်တွင်ထွက်ပြီး ခြောက်ပြီး အနာဖေးဖြစ်ခြင်း ရောဂါပိုးတစ်မည်ဝင်ပြီ အဲဒီတစ်မျိုးအတွက် ခုခံအားစနစ်ဖြစ်ပြီး ကျန် ၃ မျိုးအတွက်ကတော့ ခုခံအားစနစ် အနည်းငယ်သာ ရနိုင်ပါတယ်။
မေး – ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ။
ဖြေ – ဗိုင်းရပ်စ်ပိုးတစ်မျိုးထက် ပိုဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။ သတိမေ့ပြီး သွေးရည်ကြည်က သွေးကြောမျှင်ကနေ အပြင်ကို စိမ့်ထွက်တဲ့အတွက် သွေးကပျစ်လာပါတယ်။ ဗိုင်းရပ်(စ်)ပိုး တစ်မျိုးဝင်ပြီး ခန္ဓာကိုယ်က ခုခံပစ္စည်းထွက်လာတယ်။ အဲဒီခုခံပစ္စည်းက သွေးဖြူဥတွေကိုု ရောဂါပိုးရစေပြီး အဲဒီဆဲလ်တွေကနေ CYTOKINE ဓာတ်ပစ္စည်းတွေ သွေးကြောလှုံ့ဆော်ဓာတ်တွေ သွေးခဲစေတဲ့ပစ္စည်းတွေထွက်ပြီး သွေးခဲကာ တစ်ခြားတစ်နေရာမှာ ပိတ်ဆို့စေတဲ့ရောဂါ D/C တွေဖြစ်ပြီး သေတတ်ပါတယ်။
အဆင့် (၃) ဆင့်ရှိပါတယ်။
(၁) ဖျားတဲ့အဆင့် (ရောဂါပိုးဝင်ပြီး ၄-၆ ရက်ရောက်တော့ အပူကြီးမယ် မျက်နှာရဲမယ်၊ ခေါင်းကိုက်ခြင်း၊ မစားချင် မသောက်ချင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း နောက်တော့ သွေးခဲစေတဲ့ ဆဲလ်တွေလျော့နည်းခြင်းဖြစ်လာပါမယ်။
(၂) အဆိုးဆုံးအဆင့် ဖျားပြီး (၃-၇) ရက်ကြာတော့ အပူချိန် ၃၇.၅ မှ ၃၈ စင်တီဂရိတ်ထိကျပြီး သွေးရည်ကြည်က သွေးကြောမျှင် အပြင်ဘက်စိမ့်ထွက် သွေးဖြူဥနည်းခြင်း သွေးခဲသောဆဲလ်များ ကျဆင်းခြင်းဖြစ်လာပါတယ်။ သွေးကြောမျှင်ကနေ အပြင်စိမ့်ထွက်မှု သိပ်မဆိုးလျှင် နလန်ပြန်ထနိုင်ပါတယ်။ ဝမ်းဗိုက်က အလွန်နာမယ်။ တောက်လျောက် အန်မယ်။ သွားဖုံးသွေးယိုမယ်။ ဂဏှာမငြိမ်ဖြစ်မယ်။ သတိလစ်လာလျှင် ကိုယ်ပူချိန်ကျမယ်။ ဝမ်းတွင်းကလီစာထိမယ်။ သတိမလစ်ပဲနဲ့တောင် အသည်းပြင်းထန်စွာ ရောင်မယ်။ ဦးနှောက်ယောင်မယ်။ နှလုံးရောင်မယ်။ သွေးယိုစီးမှုစတာတွေ ဖြစ်တတ်ပါတယ်။
(၃) နလန်ထအဆင့် – အဆိုးဆုံးအခြေအနေကနေ (၁-၂)ရက်လောက်ဖြစ်ပြီး (၂-၃)ရက်ကြာတော့ သွေးကြောငယ်ကနေ အပြင်ကိုစိမ့်ထွက်နေတဲ့အရည်တွေ သွေးကြောထဲပြန်ဝင်မယ်။ နေထိုင်ကောင်းလာမယ်။ ဗိုက်နာတာ ပျောက်မယ်။ ထမင်းပြန်စားမယ်။ သေးပေါက်လာမယ်။ အသည်းအသန်ဖြစ်နေစဉ်မှာ သွင်းထားတဲ့ပုလင်းက များတတ်တဲ့အတွက် အဆုတ်ထဲရေဝင်တာ ရေဖျင်းစွဲတာတွေ ဖြစ်တတ်ပါတယ်။
(၄) ပြင်းထန်တဲ့ရောဂါ သတိလစ်ခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းတွင်းကလီစာများ ပျက်စီးခြင်းဖြစ်တတ်ပါတယ်။ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ နောက်ဆုံးအပေါ်သွေး အောက်သွေး ပမာဏကျပြီး ကလီစာပျက်သွားပါတယ်။
မေး – သွေးလွန်တုပ်ကွေးဖြစ်မှန်း ဘယ်လိုသိနိုင်သလဲ။
ဖြေ – (၁) ရုတ်တရက် တောက်လျှောက်ဖျားမယ်။ လက်မောင်းမှာ သွေးပေါင်ချိန်တပ်ပြီး အပေါ်သွေး၊ အောက်သွေးကြားတွင် သွေးပေါင်ချိန်ဖိအားထားပြီး ၁ လက်မပတ်လည်မှာ အနီစက် ၂၀ ခုထက်ပိုထွက်မထွက်သိနိုင်ရန် ၁၅ မိနစ်ကြာညှစ်ထားပါ။ အသည်းကြီးမကြီးလည်း စမ်းသပ်ရပါမယ်။ ရောဂါပြင်းထန်မှု အဆင့် (၄)ဆင့်ရှိပါတယ်။ အဆင့်(၁)က ဖျားမယ်။ လက်မောင်းကို သွေးပေါင်ချိန်နဲ့ညှစ်ပြီးစမ်းလျှင် အနီစက်ပေါ်ပါမယ်။ အဆင့်(၂)က အရေပြားအေးစက်ခြင်း၊ သွေးခုန်နှုန်းပျော့ခြင်းနှင့် မြန်လွန်းခြင်း၊ ဂဏှာမငြိမ်ခြင်း၊ အဆင့်(၄)က သွေးခုန်နှုန်းနဲ့ သွေးပေါင်တိုင်းမရပဲ သတိလစ်ခြင်းဆိုပြီး ရှိပါတယ်။
မေး – ရောဂါကို ဘယ်လိုရှာဖွေသလဲ။
ဖြေ – သွေးခဲစေတဲ့ ဆဲလ်ပမာဏ ကျဆင်းခြင်း၊ သွေးပျစ်မှုမြန်ခြင်း (၂၀ ရာခိုင်နှုန်းများနေခြင်း)၊ ဗိုင်းရပ်စ်ပိုးမွေးခြင်း ELISA နည်းဖြင့် ဗိုင်းရပ်စ် ANTIGEN စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ရဲ့ RNA ကိုစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါတယ်။
မေး – ဘယ်လိုကုသသလဲ။
ဖြေ – လူနာက ဆီးသွားတယ်။ အရည်သောက်နိုင်တယ်။ အဖျားကျချိန်ဘာမှ အရေးကြီးတဲ့ လက္ခဏာမှ မပြလျှင် ဓာတ်ဆားရည်တိုက်နိုင်ပါတယ်။ အဖျားသိပ်ကြီးလျှင် ပါရာစီတမောတိုက်နိုင်ပါတယ်။ အက်စပရင်ဆေးမျိုး မတိုက်ရ၊ ရေပတ်တိုက်တာလုပ်နိုင်ပြီး အိမ်မှာထားနိုင်သော်လည်း ဗိုက်အလွန်အမင်းနာနေခြင်း၊ အန်ခြင်း၊ လက်ဖျားခြေဖျားအေးစက်ခြင်း၊ ဂဏှာမငြိမ်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ နောက်ဖေးသွားခြင်း၊ ၆ နာရီကြာသည်အထိ ဆီးမသွားခြင်းဖြစ်လျှင် အမြန်ဆေးရုံတင်ပါ။
နောက်တစ်မျိုးက အန္တရာယ်ရှိတဲ့လက္ခဏာပြနေပြီး နေထိုင်ရာ အရပ်ကဆေးရုံနဲ့ အလှမ်းဝေးကွာနေမယ်ဆိုလျှင် ဆေးရုံတင်ပြီး ကုသရပါမယ်။နောက်တစ်မျိုးက သွေးရည်ကြည်စိမ့်ထွက်လက္ခဏာပြမယ်။ အဆုတ်ထဲ ရေဝင်နေမယ်။ သွေးယိုစီးမှုများမယ်။ ဝမ်းတွင်းကလီစာ ထိခိုက်မယ်။ သတိလစ်တော့မယ်ဆိုလျှင် အကြောဆေးအရည်သွင်းတာ သွေးသွင်းတာ လုပ်ရပါတယ်။မေး – ဘယ်လိုကာကွယ်မှု လုပ်ရပါသလဲ။ ဖြေ – ခြင်နှိမ်နင်းရေး၊ ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း၊ ခြင်မပေါက်ပွားအောင် ရေအိုးရေကန်တွင် အဖုံးဖုံးခြင်း၊ ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းခြင်း၊ ရေမဝပ်အောင် ထားခြင်း၊ ရေစီးရေလာကောင်းစေခြင်း စတာတွေကို လုပ်ရပါမယ်။
Author: အေးကမ္ဘာဒေါက်တာချစ်, Healthcare Journal ,vol 8,no 38 (6.10.17)