မျှစ်ကိုအင်္ဂလိပ်လို (Bamboo Shoot)ဟုခေါ်သည်။ Bamboo ဆိုတာ ဝါးပင် Shoot ဆိုတာ အတက်အကင်း ကိုပြောတာပါ။ ပြောရရင် ဝါးအတက်အကင်းလေး (ဝါးပင်ပေါက်စ) ပေါ့။ ဟုတ်ပါတယ် မျှစ်ဆိုတာတစ်ချိန်ကျ ဝါးပင်ဖြစ်မယ့် အရာလေးပါ။
မျှစ်စို့သည် နုသည်။ ချိုသည့် အရသာရှိသည်။ လှပပြီး ဖွံ့ထွားသော မိန်းမပျိုလေးများကို ကာလသားများက မျှစ်စို့ကြီးအလား နုနုထွားထွား လို့တင်စားကြသည်။ ဝါးအမျိုးမျိုးရှိသလို မျှစ်အမျိုးအစားလည်း အများကြီးရှိပါတယ်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် မျှစ်ဟာအာဟာရဓါတ်များစွာပါပြီး ဈေးကလည်း အရမ်းမကြီးတဲ့အတွက် လူတန်းစားမရွေးရဲ့ ကြိုက်နှစ်သက်ခြင်းကိုလည်းခံရပါတယ်။
မျှစ်မှာ ကစီဓါတ် ၄ ရာခိုင်နှုန်းနဲ့ အမိုင်နိုအက်စစ် အမျိုးပေါင်း ၁၇ မျိုး အပါအဝင် အသားဓါတ် ၅ ရာခိုင်နှုန်းပါတဲ့အတွက် အာဟာရ တန်ဖိုးမြင့်ပါတယ်။ ဒါ့အပြင် ဆယ်လူလို့စ် ခေါ်အမျှင်ဓါတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သံဓါတ်၊ သွပ်ဓါတ်၊ ဖောလစ်အက်စစ်ဓါတ်၊ နစ်ကိုတင်းနစ်အက်စစ်၊ ဆီလီနီယံဓါတ်၊ ပိုတက်ဆီယမ်ဓါတ်တို့လည်း ကြွယ်ဝစွာပါရှိပါတယ်။
ထိုသို့ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ များစွာပါသည့်အတွက် မျှစ်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကိုပြေစေနိုင်သည်။ ကိုယ်တွင်းရှိ ဖရီးရက်ဒီကယ်ဓါတ်များကို လျော့ချပေးနိုင်သောကြောင့် မျှစ်အား ရေရှည်စားသုံးပေးပါက နုပျိုပြီး အသက်ပိုရှည်နိုင်သည်။ ပိုတက်စီယမ်ဓါတ်ကလည်း သွေးတိုးကိုလျှော့ချပေးနိုင်သည်။ မျှစ်တွင်ပါဝင်သော ဗီတာမင်ဘီနဲ့ နီကိုတင်းနစ်အက်စစ်တို့က အဆီချပေးနိုင်သည်။ မြင်းဖုခေါ် အသားလုံးတည်ခြင်း ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။
မျှစ်တွင် အမျှင်ဓါတ်ခေါ် ဆယ်လူးလို့စ်ဓါတ်လည်း များပြားစွာပါသည့်အတွက် အူမကြီးအား လှုပ်ရှားစေရန် နှိုးဆွပေးသောကြောင့် ဝမ်းချုပ်ခြင်းအား မဖြစ်စေဘဲ ဝမ်းကိုမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
မျှစ်မှာ မပြည့်ဝဆီ ခေါ် unsaturated fat သာ ပါဝင်သည့်အတွက် မျှစ်မှီဝဲသဖြင့် အဆီတက်မှာ စိုးရိမ်စရာမလိုပါ။ ဒါ့အပြင် မျှစ်စားခြင်းဖြင့် ကိုလက်စထရောဓါတ်ကိုပါ ကျစေနိုင်ပါတယ်။
မျှစ်ကိုအမျိုးမျိုးလုပ်စားနိုင်ပါတယ်။ မျှစ်ချည်းပဲပေါင်းစားတာ၊ ပြုတ်ပြီး ငပိရည်နဲ့တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာအပြင် အသားတစ်မျိုးမျိုးနဲ့ကြော်စားတာ၊ မျှစ်ချဉ်နဲ့ဝက်သား သို့မဟုတ် ငါးခေါင်းနဲ့ ဟင်းချိုချက်သောက်တာ၊ မျှစ်ကိုအခြောက်လှမ်းပြီး သုပ်စားတာစသဖြင့် စုံလင်စွာ လုပ်စားနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ မျှစ်စားမယ်ဆိုပါက အမြင်လှအောင် အနီရောင်၊ အဝါရောင် စသဖြင့် တားမြစ်ဆေးဆိုးထားတဲ့ မျှစ်တွေကို ရှောင်ပါ။ ဖြစ်နိုင်ရင် မျှစ်ချိုးရောင်းတဲ့သူဆီက တိုက်ရိုက်ဝယ်စားတာ သို့မဟုတ် သဘာဝအတိုင်းရောင်းတဲ့ဆိုင်ကပဲရှာဝယ်ပြီးစားတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။
Author: Dr 528