ကာကွယ်ဆေးထိုးဖို့လိုလား
ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး ထိုးတာနဲ့ ပက်သက်လို့ လူထုထဲမှာ ပေါ်ပြူလာဖြစ်နေတာတွေ အများကြီးပါ။ ထိုးသင့်လား၊ မထိုးသင့်ဘူးလား၊ ထိုးပြီးဘာဖြစ်မှာလဲ စသဖြင့် မေးခွန်းပေါင်းမြောက်မြားစွာနဲ့ပါ။
မိဘဆိုတာ သားသမီးကို အကောင်းဆုံးတွေပဲ ဖြစ်ချင်ကြတာပါ။ ဒါကြောင့်လည်း ဒီလိုမေးခွန်းတွေ ထွက်လာကြတာပါ။ ကာကွယ်ဆေးထိုးပြီး တစ်ချို့ကလေးတွေ နာမကျန်းဖြစ်ကြတယ်။ အသက်ဆုံးရှုံးတယ်ကြားကြတော့ ကိုယ့်ကလေးကိုရောဆေးထိုးပေးသင့်လားဆိုတာတွေ ဖြစ်လာကြတယ်။ ဒါကတော့မိဘတွေရဲ့ စေတနာတစ်မျိုးပါပဲ။
ကာကွယ်ဆေး ထိုးခြင်းဆိုတာ ရောဂါတွေ မဖြစ်ပွားအောင်ကြိုတင်ကာကွယ်ပေးထားတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်တဲ့ရောဂါတွေက ကာကွယ်ဆေးထိုးရတာများတယ်။ ဖြစ်လာတဲ့အခါ သေချာပျောက်ကင်းဖို့ကုသနိုင်တဲ့ ဆေးမရှိတတ်ဘူး။ ကာကွယ်ဆေးတွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေကနေတိုက်ရိုက်ထုတ်ထားတာရှိသလို ဆင့်ပွားပြုပြင်ပြောင်းလဲပြီးထုတ်ထားတာတွေလည်းရှိပါတယ်။
ကာကွယ်ဆေးထိုးတဲ့အခါ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် မထိုးရမယ့်အခြေအနေတွေရှိပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးကနေတိုက်ရိုက်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစားတွေပါ။ ကိုယ်ခံအားကျဆင်းတဲ့ရောဂါရှိသူတွေ ကင်ဆာရောဂါ ဝေဒနာသည်တွေ မထိုးရပါဘူး။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း မထိုးရဘူး။ ကိုယ်ဝန်သည်မိခင်အပြင် သန္ဓေသားပါ ထိခိုက်နိုင်စေတာတဲ့အတွက်ကြာင့်ပါ။ လတ်တလောဖျားနာနေတဲ့လူနာတွေ တစ်ချို့တွေဆို နှစ်ပတ်အတွင်းဖျားနာနေတဲ့လူနာတွေ တီဘီရောဂါသည်တွေ မထိုးရပါဘူး။
ကာကွယ်ဆေးမှမကပါဘူး။ ဘယ်ဆေးပဲဖြစ်ဖြစ်ဘ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်။ ပြင်းထန်တာရှိသလို မပြင်းထန်တာလည်းရှိပါတယ်။ ဆေးထိုးတဲ့သူတိုင်းဖြစ်ရမယ်လည်းမဟုတ်ပါဘူး။ တစ်ချို့တွေဖြစ်တယ်။ တစ်ချို့ဘာမှမခံစားရပါဘူး။ ကြိုပြောလို့မရပါဘူး။
ကာကွယ်ဆေးတွေထိုးပြီးတဲ့ အခါ ဖျားနာနိုင်တယ်။ ကိုယ်လက်ကိုက်ခဲတတ်တယ်။ ခေါင်းမူးတတ်တယ်။ ခေါင်းကိုက်တတ်တယ်။ ပျို့အန်ချင်တတ်တယ်။ တစ်ချို့တွေမှာတော့ ဆေးနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်တွေမှာဆိုရင် အပေါ်မှာပြောထားတာတွေအပြင် အင်ပြင်တွေထွက်တာ အသက်ရှူကျပ်တာ ဗိုက်အောင့်တာ သွေးပေါင်ကျတာတွေပါ ဖြစ်လာနိုင်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့အခါတွေမှာ ဒီလိုဘေးထွက်ဆိုးကျိုးတိုင်းကိုထည့်စဉ်းစားရပါတယ်။ ဆေးထိုးပြီးလူနာကို ခဏစောင့်ကြည့်ရပါတယ်။ ဓာတ်မတည့်တာဖြစ်လာတဲ့အခါမှာ ချက်ချင်းဆေးကုသမှုပေးနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ထားကြရပါတယ်။
မြွေကိုက်ခံရတဲ့အခါမြွေစိတ်ဖြေဆေးထိုးသလိုပါပဲ။ မြွေဆိပ်ဖြေဆေးထိုးကြတဲ့အခါလည်း ဓာတ်မတည့်တာအနည်းနဲ့အများဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဖြစ်နိုင်တတ်ပါတယ်။ ဒါပေမယ့် မြွေကိုက်ခံရတဲ့အခါ မြွေဆိပ်ဖြေဆေးထိုးကြရမှာပါပဲ။ အဆိပ်ပြင်းတဲ့မြွေဆို မဖြစ်မနေကို ထိုးကြရမှာပါ။ မြွေဆိပ်ဖြေဆေးကြောင့်ဓာတ်မတည့်တာဖြစ်နိုင်တာသိလည်း သိသိကြီးနဲ့ ထိုးကြရမှာပါပဲ။
ကာကွယ်ဆေးထိုးတာမှာလည်း မထိုးလိုက်ရင်ဖြစ်လာမယ့်ရောဂါအခြေအနေနဲ့ ထိုးသင့်မထိုးသင့်ပြန်စဉ်းစားပါ။ ကာကွယ်ဆေးထိုးလို့ ဖြစ်လာတာတွေကြောင့် မထိုးဘူးဆိုခဲ့ရင် ရောဂါ ဖြစ်လာတဲ့အခါ ထိခိုက်နစ်နာတာတွေလည်းဖြစ်လာနိုင်ပါတယ်။
တစ်ခါက အသိလူကြီးတစ်ယောက်ပြောဖူးတယ်။ သူ့သမီးငယ်ငယ်တုန်းက ကာကွယ်ဆေးထိုးရင် ကလေးငိုလို့ဆိုပြီး ကာကွယ်ဆေးထိုးရမှာစိုးလို့ဆိုပြီး ကာကွယ်ဆေးထိုးရတော့မယ်ဆိုရင် ကလေးကိုရွာတွေဘက်ခေါ်သွားတယ်တဲ့။ အချိန်တန်တော့ ကလေးဖျားနာလာတယ်ဆို ဘာများဖြစ်တာလဲ ဆိုပြီး ဟိုပြေးဒီပြေးနဲ့ ဖြစ်ရတော့ ကလေးအငယ်အလှည့်ကျတော့ ကာကွယ်ဆေးတိုင်းလိုက်ထိုးဖြစ်တယ်တဲ့။
ကာကွယ်ဆေးထိုးတဲ့ အခါ ဘေးထွက်ဆိုးကျိုးကို မကြောက်ရဘူးလားဆိုတော့ကြောက်ရမှာပါ။ ဒါပေမယ့် ကာကွယ်ဆေးမထိုးတဲ့အခါ ရောဂါခံစားခဲ့ရရင် ကုလို့ မလွယ်တာတွေ ဖြစ်နိုင်ပါတယ်။ အသက်မစိုးရိမ်ရရင်တောင်မှ တစ်ချို့ကလေးတွေမှာ အာရုံကြောထိခိုက်တာတွေထိ ဖြစ်နိုင်ပါတယ်။
ကာကွယ်ဆေးအစုလိုက်အပြုံလိုက်ထိုးပေးခြင်းကြောင့်တစ်ချို့သောရောဂါတွေကို အပြီးတိုင်ကာကွယ်လိုက်နိုင်တာတွေရှိပါတယ်။ တစ်ယောက်တစ်လေမထိုးဘဲကျန်တော့ ဘာဖြစ်သလဲပေါ့။ မထိုးရင်မကာကွယ်နိုင်ဘူးပေါ့။ ကိုယ်တိုင်ထိုးမှ ကာကွယ်နိုင်မှာပါ။
ကာကွယ်ဆေးထိုးလို့ ဘေးထွက်ဆိုးကျိုးက လူတိုင်းမဖြစ်ပေမယ့် ကာကွယ်ဆေးမထိုးထားတဲ့အခါ ရောဂါပိုးကူးစက်ခံလိုက်ရတာနဲ့ ရောဂါခံစားရမှာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုတယ်မလိုဘူးဆိုတာကို မိမိတို့ရဲ့ ကလေးတွေအတွက် အကောင်းဆုံးစဉ်းစားနိုင်ကြပါစေ။
Author : Dr. CST