မျက်လုံးထဲ သန်ကောင်ရောက်နေတယ်
ကျော်ကျော်တစ်ယောက် အလုပ်မှ အပြန် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း တစ်နေ့တာ အမောတွေကို ဖြေဖျောက်ရန်အလို့ငှာ လမ်းမဖက်သို့ မျက်နှာမူ၍ရသော ထိုင်ခုံ၌ နေရာယူထားလိုက်သည်။ လက်ဖက်ရည်သောက်ရင်း ရောက်တတ်ရာရာပြောနေကြသည်။
“ငါ့ ညာဖက် မျက်စိက ကြည့်လို့မကောင်းပါလား။ ဘယ်လိုဖြစ်နေတာလဲ မသိဘူး ”
ကျော်ကျော်တစ်ယောက် ငြီးတွားလိုက်သည်။
“ကန်းချင်လို့ထင်တယ် ” ထွန်းထွန်း တစ်ယောက် ဝင်အုပ်သည်။
” တခုခု ဝင်သွားလို့ထင်တယ် ” မျိုးကြီး ကတော့ စာနာစိတ်နှင့် ထင်မြင်ချက်ပေးသည်။
မနေ့ညကလည်း ဒီလိုမျိုးဖြစ်တယ်။ အမှုန်ဝင်သွားတယ်ထင်ပြီး ကြည့်တော့လည်း အမှုန်လည်း မတွေ့ဘူး။
“ကဲ ပြ စမ်း ငါ ကြည့်ပေးမယ်။ ” မျိုးကြီးက ကျော်ကျော် မျက်လုံးကို ဖြဲကြည့်သည်။ ဖုန်းမီးလေးထွန်းပြီး ကြည့်သည်။
” ဘာမှ တော့ မရှိဘူး ” သူ့ကိုယ်သူ ဆရာဝန်ကြီးလေသံနှင့် ပြောနေသည်။
” အမြင်ဝါးနေလား။ အခုရော ဘယ်လိုခံစားနေရလဲ။ ” မျိုးကြီးက သူငယ်ချင်းတွေ အပေါ်မှာ သနားကြင်နာတတ်သည်။
” မျက်မှန်တက်ဖို့လိုပြီလား မသိဘူး။ မင်းမြင်ရော မြင်ရလား ” ထွန်းထွန်းတစ်ယောက် နောက်တစ်ကြီမ် ထပ် အုပ်ပြန်သည်။
” မြင်ရတယ်။ မနက်က ငါအကုန်မြင်ရတယ်။ ” ကျော်ကျော်တစ်ယောက် ထွန်းထွန်းကို စိတ်ပေါက်ပေါက်နှင့် ဘုတောလွတ်လိုက်သည်။
” ဒီမျက်လုံးကို ပဲ စိတ်ရောက်မနေနဲ့ ။ခဏနေရင် ကောင်းသွားလိမ့်မယ် ” မျိုးကြီးက အကြံဉာဏ်ပေးသည်။
” ဆရာဝန်သွားပြကြည့်ချင်လည်း သွားပြလေ ”
” စောင့်ကြည့်လိုက်ပါဦးမယ်။ ကောင်းချင်လည်း ကောင်းသွားမှာပေါ့ ” ကျော်ကျော်တစ်ယောက် မျက်လုံးကို လက်နှင့် ပွတ်ကာ ပြန်ပြောလိုက်သည်။
သူငယ်ချင်းများနှင့် လမ်းခွဲကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့လည်း မျက်စိကို စိတ်မရောက်နေတော့ ခိုးလိုးခုလု ဖြစ်မနေတော့ပါ။ မျက်လုံးက ပြန်ကောင်းနေပြန်သည်။
နှစ်ရက်လောက်ကောင်းသလိုဖြစ်နေပြီး ညာဖက်မျက်လုံးက ကြည့်လို့မကောင်းတော့။ ဝါးတားတား ဖြစ်နေသည်။ မျက်မှန်တက်ဖို့လိုတာဖြစ်နိုင်သည်ဟု ပြောကြသည်နှင့် မျက်စိဆေးခန်းသို့ ညနေဖက် ထွက်လာခဲ့သည်။ ဆေးခန်း ဝင်ခါနီးကျတော့ မျက်စိက ကြည့်လို့ကောင်းသွားသလိုလို ဖြစ်နေပြန်သည်။
မျက်စိစမ်းသပ်သည့်အနေနှင့် စာဖတ်ခိုင်းသည်။ အားလုံးဖတ်နိုင်သည်။ ဆရာဝန်မှ မျက်စိကို သေချာ စစ်ဆေးပြီး မျက်လုံးထဲ သန်ကောင်သေးသေးလေး တစ်ကောင်ရောက်နေတယ်လို့ပြောတော့ ကျော်ကျော်တစ်ယောက် လန့်သွားသည်။
” ဘုရားဘုရား ”
” မျက်နှာသစ်ရင်း ရေချိုးရင်းနဲ့များ သန်ကောင် က ဝင်သွားတာလားဆရာ ” ကျော်ကျော် အမေးကြောင့် ဆရာဝန်ကြီးမှ ပြုံးကာ
” မျက်နှာသစ်ရင်း ရေချိုးရင်းနဲ့ ဝင်တာမဟုတ်ပါဘူး။ ”
” အသားစိမ်း ငါးစိမ်းတွေ အကင်တွေ စားတတ်တဲ့ အကျင့်ရှိလား ”
” အကင်တော့ ကြိုက်တော့ စားဖြစ်တယ်ဆရာ။ ငါးစိမ်းဆိုလို့ တစ်ခါတစ်လေ suishi တော့ စားဖြစ်တယ်ဆရာ။ အမြဲ မဟုတ်ပေမဲ့ စားတော့ စားဖြစ်ပါတယ်။ ”
“ဒါအဓိကပဲ။”
” ဟုတ်ကဲ့ ဆရာ။ ကျွန်တော် နားမလည်လို့ပါ”
” ငါးအစိမ်းတွေထဲမှာ သန်ကောင်တွေ ပါတတ်တယ်။ အရမ်းသေးတော့ သာမန်မျက်စိနဲ့တစ်ခါတစ်လေ မမြင်ရတတ်ဘူး။ ကိုယ်စားလိုက်တော့ အူလမ်းကြောင်းထဲ ရောက်သွားရော။ အဲဒီ သန်ကောင်သားလောင်းလေးတွေဟာ လူခန္ဓာကိုယ်ထဲမှာ လျှောက်သွားနေတတ်တယ်။ အခုလည်း သန်ကောင်လေးက လျှောက်သွားနေရင်းနဲ့ မျက်လုံးထဲရောက်လာတာပေါ့။ ဒါကြောင့်လည်း မျက်လုံးက ကြည့်မကောင်းပဲ ခိုးလိုးခုလု ဖြစ်နေတာပေါ့။ ဒါက အခုတစ်လော မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ ရောဂါလို့တောင်ပြောလို့ရပါတယ်။ ”
” ဟုတ်လားဆရာ ”
” ကျွန်တော်တို့ မျက်စိဆရာဝန်တွေဆီ ခဏခဏ ရောက်လာတတ်တယ်။”
” ဟုတ်ကဲ့ ဆရာ။ အဲဒီတော့ အဲဒီသန်ကောင်ကို ဆေးသောက်ပြီး သတ်ရမှာပေါ့နော် ”
ဆရာဝန်ကြီးမှ ပြုံးလိုက်သည်။
” မဟုတ်ပါဘူး။ သန်ကောင်ကို ပြန်ထုတ်ရမှာပါ။ ”
” ဒါဆိုနာမှာလား ဆရာ။ တခြားနည်းလမ်းမရှိတော့ဘူးလား ” အလန့်တခြားမေးမိသည်။
“မျက်လုံးထဲမှာ သွားနေတဲ့သန်ကောင်ကို ဆွဲထုတ်ပစ်မှာပါ။ အရမ်းကြီးမနာပါဘူး။ ”
” ဟုတ်ကဲ့ဆရာ။ ဒီနေ့လုပ်ရမှာလား ဟင် ” အိမ်မှ အဖော် လည်းမပါသဖြင့် ကျော်ကျော်တစ်ယောက် ကြောက်နေမိသည်။
” ဒီနေ့ မလုပ်ပါဘူး။ နက်ဖြန် ကန်တော်လေးက အစိုးရ မျက်စိဆေးရုံကိုလာခဲ့ပါ။ ” ကျော်ကျော်တစ်ယောက် ပျော်ရွှင် သွားသည်။ နက်ဖြန်တော့ အမေတို့ အဖေတို့နဲ့အတူသွားမည်။
” ဟုတ်ကဲ့ပါ ဆရာ။ နက်ဖြန် လာခဲ့ပါမယ်။ ဒီလိုမျိုး သန်ကောင်ကိုထုတ်လိုက်ရင်ကောင်းသွားမှာပေါ့နော်။ ” စိုးရိမ်မကင်းသဖြင့် ဆရာဝန်အား မေးကြည့်မိသည်။
“ဟုတ်ပါတယ်။ သန်ကောင်ကို ထုတ်လိုက်ရင် ကောင်းသွားမှာပါ။ နောက်ကို အသားစိမ်း ငါးစိမ်းတွေကို မစားပါနဲ့။ ”
” ဟုတ်ကဲ့ပါ ဆရာ ”
ကျော်ကျော်တစ်ယောက် ခြေလှမ်းများကား နှေးကွေးလျက် အိမ်သို့ပြန်လာခဲ့သည်။ ရင်ထဲတွင် စိုးရိမ်စိတ်တို့က ပြည့်နှက်လျှက်။
Author : Dr. အေးချမ်းမိုး