စိတ်ဓာတ်ခိုင်မာမှုနဲ့ ကိုဗစ်ကို အလဲထိုးခဲ့သူ ဒေါ်တင်တင်ထွေး
“စစ်ကြည့်တော့ အောက်ဆီဂျင်က ၇၄ ပဲရှိတယ်။”
ဒေါ်တင်တင်ထွေးက သူကိုဗစ်စစ်သည့်အချိန်ကအခြေအနေကို ပြန်ပြောပြသည်။
“နှာခေါင်းပိတ်ပြီးဖျားလာတော့ ဒါ(ကိုဗစ်)များဖြစ်နိုင်မလားပေါ့။ ရက်လေးနည်းနည်းတော့ကြာသွားတော့ မောလာတယ်။ ပရဟိတအဖွဲ့ကိုဆက်သွယ်ပြီးစစ်လိုက်တော့ ပေါ်သွားတာပေါ့။”
ပဲခူးတိုင်း၊ က၀မြို့နယ်၊ သမဲ့ချောင်းကျေးရွာကလေးတွင် ပထမဆုံးကိုဗစ်လူနာဖြစ်သည့် ဒေါ်တင်တင်ထွေး၏ဆေးစစ်ချက်က တစ်ရွာလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ကိုဗစ် Positive အပြင် စစချင်း ဆောက်နဲ့ထွင်းဆိုသလို အောက်ဆီဂျင်အခြေအနေက အနားကလူများကိုဖျားသွားမလောက်ဖြစ်စေသည်။ ဆရာဝန်များက အောက်ဆီဂျင် ၉၄ အောက်ရောက်လျှင် မကြိုက်ကြ။ ၉၀ အောက်ရောက်လျှင် စိုးရိမ်ကြပြီဖြစ်သည်။
“တို့အဖွဲ့ဆိုလည်း ပထမဦးဆုံးဆိုတော့ လန့်သွားတာပေါ့။ တစ်ဦးဖြစ်ပြီဆိုတာနဲ့ တစ်ဦးကနေ တစ်ရာဖြစ်လာမယ်ဆိုတာ ကြိမ်းသေတွက်ထားပြီပြီ။ ကိုယ့်ရွာအတွက်ကို မနိုင်မနင်းဖြစ်သွားမှာလည်းကြောက်တယ်။” ဟု ရွာရဲ့ပရဟိတအဖွဲ့ဖြစ်သည့် လောကပါလပရဟိတအသင်း၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုဟန်မင်းဦးက သူတို့ရှော့ခ်ရခဲ့သည့်အတွေ့အကြုံကို ပြန်ပြောပြသည်။
မည်သို့ဆိုစေ လာမယ့်ဘေးပြေးတွေ့ဆိုသလို ကိုဗစ်ကို ဘယ်လိုအနိုင်တိုက်မလဲဆိုသည်ကိုသာစဉ်းစားရတော့မည်။ အောက်ဆီဂျင်ကျနေသည့်သူ့ကို မြို့နယ်ဆေးရုံပို့မလား၊ ဘယ်လိုကုသမလဲ စဉ်းစားရအတော်ကျပ်သည်။
“ဆေးရုံဆေးခန်းကို မသွားလည်းမသွားနိုင်တော့ မသွားချင်ဘူး။”
ဒေါ်တင်တင်ထွေးက ခေါင်းခါပြီးပြောသည်။
ဆရာဝန်နှင့် ဆေးဝါးမျှော်လင့်ချက်အတွက်မြို့နယ်ဆေးရုံသွားဖို့ တိုက်တွန်းမှုများရှိသည့်တိုင် ကားလမ်းတိုက်ရိုက်မပေါက်သလို မသေချာမရေရာမှုများရှိနေသည့် အခြေအနေအရပ်ရပ်ကြောင့် နောက်ဆုံး မိမိရပ်ရွာမှာသာ အဆင်ပြေသလိုဆက်ကုဖို့ ဒေါ်တင်တင်ထွေးဆုံးဖြတ်လိုက်သည်။
ပရဟိတအဖွဲ့၏ စီစဉ်ပေးမှုအရ ကိုဗစ်စင်တာတဖြစ်လဲ စာသင်ကျောင်းတွင် သီးသန့်သွားနေလိုက်သည်။ ကိုဗစ်စင်တာတွင် ပရဟိတအဖွဲ့နှင့် အလှူရှင်များကျေးဇူးဖြင့် သူ အောက်ဆီဂျင်ရှုခွင့်ရသည်။
“အောက်ဆီဂျင်ရှုလိုက်ရတယ်။ ဒါပေမဲ့ အောက်ဆီဂျင်ကို အားမကိုးဘူး။ နည်းနည်းလေးမောလာရင် အောက်ဆီဂျင်ကို ရှုလိုက်တယ်။ ၁၀-၁၅ မိနစ်ရှုပြီးရင် ဖြုတ်ပြီး ကိုယ့်အားကိုယ်ကိုးလိုက်တာပေါ့။ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ခန်းပဲအားကိုးတယ်။ မောလာရင် ဝမ်းလျားပြေးမှောက်လိုက်တာပေါ့။
အခြားသူများထက် ပိုပြီးစိတ်ပူစရာကောင်းသည်က အသက် ၄၀ ကျော် ဒေါ်တင်တင်ထွေးတွင် ဆယ်နှစ်ကျော်ကြာခံစားခဲ့ရသည့် နှလုံးရောဂါနှင့် လည်ပင်းအဆိပ်အိတ်ရောဂါများရှိသည်။ ကိုဗစ်က ရောဂါအခံရှိသူများကို ပိုပြီးနှိပ်စက်တတ်သည်မဟုတ်လား။
သည်လိုအခြေအနေတွင် ဆေးဝါးကုသမှုဘယ်လိုပေးကြမလဲ။ သူတို့မိသားစု ရန်ကုန်က အသိသူနာပြုတစ်ယောက်ဆီ ဆက်သွယ်အကူအညီတောင်းကြည့်သည်။ သူနာပြုဆရာမက လူနာအကြောင်းမေးမြန်းပြီး ဆရာဝန်နှင့်တိုင်ပင်ကြည့်တော့ ဆရာဝန်က ပိုးသတ်ဆေးထိုးဆေးပေးဖို့ ညွှန်ကြားသည်။ သို့သော် မြို့နှင့်အလှမ်းဝေးသော လူနာအတွက် ထိုးဆေးထက် သောက်ဆေးကသာ လက်တွေ့ကျနေသည်။
“Dexa 6mg, Curam 625 mg, Pantocid 40 mg ၇ ရက်သောက်ရတယ်။ ဒီကြားထဲ Becozinc သောက်တယ်၊ C-VIT သောက်တယ်။ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေးသောက်တယ်။ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးသောက်တယ်။”
ပိုးသတ်ဆေး၊ အရောင်ကျဆေး၊ ကိုယ်ခံအားကောင်းဆေး၊ အားဆေး စသည်ဖြင့် လိုအပ်သည့်ဆေးအစုံကို ဒေါ်တင်တင်ထွေးသောက်သည်။ ထိုကာလ အောက်ဆီဂျင်က တက်လိုက်ပြန်ကျလိုက်၊ လူက မောပြီး ချောင်းဆိုးသည်။
သို့သော် ဒေါ်တင်တင်ထွေး စိတ်ဓာတ်မကျ။ သူအသက်ဆက်ရှင်လိုသည်။ ကိုဗစ်ကိုအနိုင်တိုက်လိုသည်။
“စိတ်ထဲတော့မကောင်းဘူး၊ ဒါပေမဲ့ စိတ်ဓာတ်မကျအောင်နေတယ်။ ရအောင်ကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်ကို အပြည့်အ၀ထားတယ်”
လိုအပ်သည့် လေ့ကျင့်ခန်းများကိုလည်း ဆရာမညွှန်ကြားသည့်အတိုင်း ပုံမှန်လုပ်သည်။
“သူက အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်တယ်၊ ရေနွေးငွေ့ရှူဆိုလည်းရှူတယ်၊ မှောက်အိပ်ဆိုလည်း မှောက်အိပ်တယ်၊ ပြောစကားနားထောင်တယ်” ဟု သူနာပြုဆရာမလေး မခိုင်က ဒေါ်တင်တင်ထွေးအပေါ် မှတ်ချက်ပြုသည်။
စင်တာရောက်ပြီး တစ်ပတ်ကျော်လောက်တွင် ဆေးပတ်လည်းလည်ပြီ။ အောက်ဆီဂျင်ကလည်းပုံမှန် ပြန်ဖြစ်လာသည်။ နေရထိုင်ရလည်း လန်းလာသည်။ ပြောရလျှင် ဒေါ်တင်တင်ထွေး နာလန်ပြန်ထလာသည်။ ၁၁ ရက်မြောက်နေ့ တွင်တော့ ဒေါ်တင်တင်ထွေး အိမ်ပြန်ခဲ့သည်။
သူအိမ်ပြန်ရောက်ပြီးနောက်ပိုင်းတွင်တော့ သူ မကြားချင်သည့် သတင်းများကို ဆက်တိုက်ကြားလာရသည်။ ကိုဗစ်ကြောင့် တစ်ယောက်ဆုံးသည်။ နှစ်ယောက် ဆုံးသည်။ နှစ်ယောက်မှသည် လက်ရှိအချိန်ဆိုလျှင် တစ်လအတွင်း ကိုဗစ်လူနာ ၆ ယောက်ထိ ဆုံးပါးသွားခဲ့သည်။ လူဦးရေ ၂၀၀၀ ခန့်သာရှိသော ကျေးရွာကလေးတွင် ကူးစက်ခံရသူ ၈၀၊ သေဆုံးသူ ၆ ဦး ဆိုသည့်ကိန်းဂဏန်းမှာ မနည်းလှ။ ပထမဦးဆုံးအကူးခံရသူမိမိ ပြန်ကောင်းလာသော်လည်း မိမိရွာသူရွာသားတွေထိခိုက်မှုအတွက်တော့ သူလည်း ဝမ်းနည်းရသည်။ သူ့ကိုဂရုစိုက်ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း သူက အဝေးကိုငေးကြည့်ရင်း ပြောသည်။
အခုတော့ နောက်ဆက်တွဲအနေဖြင့် လှုပ်လှုပ်ရှားရှားလုပ်လျှင် အနည်းငယ်မောသည်မှလွဲ၍ သူကျန်းကျန်းမာမာရှိသည်။ အောက်ဆီဂျင် စိုးရိမ်မှတ်အောက်ထိုးကျသွားသည့်အခြေအနေကြုံတွေ့ခံစားခဲ့ရလင့်ကစား ကိုဗစ်ကို ဒေါ်တင်တင်ထွေး အနိုင်တိုက်နိုင်ခဲ့သည်။
သူက အခြားသူများကိုလည်း သူ့အတွေ့အကြုံကို ဝေမျှလိုက်သေးသည်။
“ကိုဗစ်လူနာတွေဖြစ်ခဲ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ မစားချင်လည်း အားရှိမယ့်အစားအစာတွေ များများစားပါ။ ကျွန်မကတော့ အစာများများစားပြီး အားတွေရှိလာတာပဲ(ရယ်လျက်)”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)