“အဲဒီအချိန်မှာ (ဗိုက်ထဲက) ကလေးက အရမ်းကြီးမလှုပ်ဘူး။ နည်းနည်းငြိမ်တယ်။”
မဝင်းမေသန်း ပူထူနေသည်။ ကိုယ်ဝန် ၈ လအချိန်တွင်မှ ကိုဗစ်အကူးခံရသည့်သူ့အနေဖြင့် အပူက နှစ်ပူ။ တစ်ပူက မိမိအတွက်ဖြစ်ပြီး တစ်ပူက ဗိုက်ထဲက ရင်သွေးလေးအတွက်ဖြစ်သည်။
သူစိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာ။ ပုံမှန်ဆိုလျှင် ဗိုက်ထဲကသန္ဓေသားက လေးလကျော်လျှင် စလှုပ်လေ့ရှိတတ်ပြီး နောက်ပိုင်းတောက်လျှောက် တိုးလှုပ်လေ့ရှိသည်။ အထူးသဖြင့် မီးဖွားဖို့နီးလာသော ၈-၉ လတွင် အတိုးဆုံးဖြစ်သည်။
“ဖြစ်ပြီး ၈-၉ ရက်လောက်မှာ အသက်ရှူကျပ်တယ်။ မောတယ်။ အောက်ဆီဂျင်ရှူလိုက်ရတယ် ၃ ရက်။ အောက်ဆီဂျင်ကျတာကလည်း သိပ်အဆင်မပြေဘူး။ ချောင်းအရမ်းဆိုးတာနဲ့ အရမ်းမောလာပြီ။”
သာမန်လူများပင် အောက်ဆီဂျင် ၉၀ လောက်ဆိုလျှင်ပျာယာခတ်နေရချိန်တွင် အောက်ဆီဂျင် ၈၅ လောက်ထိကျသွားသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အဖို့ ပိုပြီးစိုးရိမ်စရာဖြစ်သည်။
ရန်ကုန်တွင် ကိုဗစ်ပြင်းထန်ကာလဖြစ်သည့် ဇူလိုင်လနှောင်းပိုင်းတွင် မဝင်းမေသန်း ကိုဗစ်စအကူးခံရသည်။ စဖြစ်ပြီးတစ်ပတ်လောက်နေတော့ သူ ချောင်းနည်းနည်းဆိုးနေပြီ။ နောက်တစ်ပတ် ၁၀ ရက်လောက်ကျတော့ ဖျားပြီ။ ဖျားတာကိုမှ အဖျားက ၁၀၃-၁၀၄ လောက်ထိတက်တယ်။
“အဲဒီအချိန်မှာ ညီမ OG က ဆေးခန်းလုံး၀မထိုင်တော့ဘူးလေ။ ဆေးခန်း နှစ်ပတ်ပိတ်မယ်ဆိုတော့ ညီမ သူစပိတ်တဲ့အချိန်မှာ ကွက်တိဖြစ်တာ။”
အသက် ၃၅ နှစ်အရွယ်ရှိ မဝင်းမေသန်းအတွက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာအဖြစ်နှင့် ကြုံနေရသည်။ မြန်မာပြည်တွင် ကိုဗစ်တတိယလှိုင်းက ရိုက်ခတ်မှုပြင်းသည်။ အဆိုးဆုံးကာလဖြစ်သော ဇူလိုင်၊ ဩဂုတ်လများတွင် ဆေးရုံတက်ဖို့မလွယ်သလို ရပ်ကွက်ထဲဆေးခန်းများပင် ပိတ်ကုန်သည်အထိဖြစ်သည်။ ဆရာဝန်နှင့်ပြသဖို့ခက်ခဲနေသည့် ထိုအခြေအနေတွင် လူနာများမှာ ကိုယ့်အားကိုယ်ကိုးပြီး Home Quarantine ကိုသာ ရွေးချယ်စရာရှိနေသည်။
“အဲဒီအချိန်မှာ OG နဲ့ကလည်းပြလို့မရဘူးဆိုတော့ အွန်လိုင်းကနေ OG တစ်ယောက်နဲ့ချိတ်ပြီးတော့ ပြရတာပေါ့နော်။”
အွန်လိုင်းက သားဖွားမီးယပ်ဆရာဝန် ညွှန်ကြားသည့်ဆေးများကို သူသောက်သည်။ တစ်ပတ်ခန့်ဆေးသောက်သော်လည်း ရောဂါက မသက်သာ။ ကိုယ်ဝန်ဆောင်ဖြစ်သဖြင့် ဆရာဝန်များကလည်း ထိုးဆေးထက် သောက်ဆေးကိုသာ ညွှန်သည်။ အဖျားပျောက်ဆေး၊ ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး စသဖြင့် သောက်ဖို့ညွှန်ကြားထားသော်လည်း ကလေးထိမှာကြောက်သောကြောင့် ညွှန်ကြားချက်၏တစ်ဝက်လောက်သာ သူသောက်ဖြစ်သည်။
“ဓာတ်ဆားရည်တွေဘာတွေလည်း ဘာမှသောက်ဘူး။ ဒီကြားထဲမှာ အရမ်းမောလာတယ်ဆိုရင် ရေနွေးငွေ့ကတော့ တစ်နေ့သုံးလေးကြိမ်လောက်တော့ရှူတယ်။ ရေနွေးငွေ့ကို ဆားထည့်ပြီးရှူတယ်။”
ကိုယ်ဝန် ၆ လကာလက နှလုံးအထူးကုနှင့်ပြခဲ့ရသည့် မဝေင်းမေသန်းက သူ့နှလုံးအခြေအနေအပေါ် ပိုစိတ်ပူမိသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်များ ကိုဗစ်ဖြစ်ပါက ကလေးစောမွေးတတ်သည်ဟု ကြားဖူးထားစကားများကလည်း သူ့ကိုခြိမ်းခြောက်နေပြန်သည်။
“ချောင်းဆိုးတယ်။ ဝမ်းသွားတယ်။ အန်တယ် အဲ့သုံးခုကတော့ ဆက်တိုက်ဖြစ်တယ်။ ချောင်းအရမ်းဆိုးရင် အောက်ဆီဂျင်ဆက်တိုက်ကျတယ်။ ၅ ရက်လောက် တော်တော်ခံလိုက်ရတယ်။”
အိပ်ရာပေါ်မှာလှဲလိုက်သည်နှင့် ချောင်းတော်ကလျှောက်ဆိုး။ ချောင်းဆိုးလျှင် အောက်ဆီဂျင်ကလိုက်ကျသည်။ မဝင်းမေသန်း လှဲဖို့တောင်ကြောက်လာသည်။ နေက်ဆုံး ခုံပေါ်မှာပဲလှဲနေလိုက်ရသည်။
“တကယ်အောက်ဆီဂျင်ကျတဲ့အချိန်မှာ အရမ်းမောပြီး ကိုယ့်ကိုယ်ကိုယ်မရတော့ဘူးလို့ပဲ စိတ်ထဲမှာထင်တာ။”
ချောင်းက ဗိုက်ကြောတွေတင်းသည်အထိ တော်တော်ဆိုးသည်။ အဖျားကြီးသဖြင့် ဖြစ်ပြီး ၅ ရက်ခန့်တွင် မဝင်းမေသန်း အစားပြတ်လာသည်။ ဘာမှမစားချင်ရသည့်အထဲ အဖျား ၁၀၃ အထိတက်တက်နေသဖြင့် ထမင်းမစားရဲ။ ဓာတ်ဆားရည်ကိုပင် ကလေးထိမှာစိုးက၍ သူရှောင်သည်။
သို့သော် ကိုဗစ်ကိုတွန်းလှန်နိုင်ဖို့ အားရှိမှဖြစ်ဆိုသည့်စိတ်ကို သူအနုလုံပဋိလုံရွတ်သည်။ ဆန်ပြုတ်၊ ကြက်ပြုတ်ရည် ကြိုးစားသောက်သည်။ ပေါင်မုန့်စားသည်။ ကိုယ်ဝန်ဆောင်နို့မှုန့် သောက်သည်။ ပြဿနာက ဘာစားစားအန်သည်။ သို့သော် သူမှိတ်ကြိတ်ပြီး ရသလောက်စားသည်။
“အဲဒီအချိန်မှာ ဘာမှကိုမစားနိုင်တာ။ ဆန်ပြုတ်တစ်ဇွန်းပါးစပ်ထဲထည့်ပြီးရင် ရေနဲ့မျှောမျှောချရတယ်။ အစားကို လုံး၀ မဝင်ချင်တော့တာ။”
အထဲကရင်သွေးလေး ကျန်းမာဖို့ သူ အားတင်းရသည်။ ပြီးတော့ သူ့တွင် လေးနှစ်အရွယ်သားဦးလေးအတွက်လည်း သူရှင်သန်ရဦးမည်။ သူ အစားကို ရသလောက်စားသည်။ ဆေးကို သတိထားသောက်သည်။ ပြီးတော့ ဘုရားကို အာရုံပြုသည်။ ဘေးနားက ခင်ပွန်းသည်၏ အားပေးစကားများကလည်းလည်း သူ့ကိုအားတက်စေသည်။
၁၂ ရက်လောက်တွင် မဝင်းမေသန်း အစား နည်းနည်းပြန်ဝင်လာတယ်။ ၁၄ ရက်ရောက်လာတော့ သူ ပြန်လန်းလာသည်။ ယခင်ပြနေကျ ဆရာဝန်နှင့်ဆက်ပြပြီး လိုအပ်သည့်ဆေးများသောက်သည်။ မဝင်းမေသန်းကံကောင်းသည်။ မိခင်ကနေပြန်ကောင်းလာသလို ကလေးကိုလည်း ထိခိုက်မှုမရှိ။
“Ultrasound က ဖြစ်ပြီးရက် ၂၀ လောက်မှ ရိုက်ဖြစ်တယ်။ ကလေးကပုံမှန်ပဲ။ ဘာ Side Effect မှတော့မရှိဘူး။ တခြားစစ်ဆေးတာတွေဘာတွေကတော့ ဘာမှမလုပ်ခိုင်းဘူး။ ပြီးတော့ ညီမက အခုမွေးတော့မှာဆိုတော့ Safety ဖြစ်အောင်ဆိုပြီး Positive/ Negative စစ်ခိုင်းတယ်။”
သူ မဝင်းမေသန်း အပူလုံးကြီးကျသွားသည်။ ၂၁ ရက်မြောက်တွင် သူစစ်ဆေးမှုများလုပ်သည်။ Negative လည်းဖြစ်၊ Antibody ထွက်သွားပြီ။ စက်တင်ဘာ ၃ ရက်နေ့တွင် ခွဲခန်းဝင်ဖို့အတွက် သူ ထပ်စစ်ရသည်။
၂၂ လောက်ကျတွေင် သူ ရေစချိုးလို့ပင်ရသည်အထိ နာလန်ထလာသည်။ သို့သော် နောက်ဆက်တွဲအနေဖြင့် မောတာ၊ ချောင်းဆိုးတာ ကျန်သည်။ ခေါင်းလျှော်လျှင်တော့ နှုတ်ခမ်းတွေဖြူပြီး မောသည်ဟုဆိုသည်။
“နောက်ဆက်တွဲအနေနဲ့ နည်းနည်းမောတယ်၊ ချောင်းဆိုးတာ နည်းနည်းကျန်တယ်။”
မွေးခါနီး နှစ်ပတ်သုံးပတ်လောက်အလိုတွင် OG က အရှင်းပျောက်အောင် ပိုးသတ်ဆေးထပ်တိုက်သည်။ ခွဲမွေးမည့် ကိုယ်ဝန်ဆောင်တစ်တယောက်အဖို့ ချောင်းဆိုးတာလိုနောက်ဆက်တွဲတွေ မဖြစ်ဖို့လိုသည်မဟုတ်ပါလား။
မည်သို့ဆိုစေ ကိုယ်ဝန်ဆောင် မဝင်းမေသန်းတစ်ယောက် ကိုဗစ်ကို အခက်အခဲများကြားက အလဲထိုးနိုင်ခဲ့သည်။ ဩဂုတ်လ ၃ ရက်တွင်တော့ သူ သမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။
မ၀င်းမေသန်းက အခြားကိုယ်ဝန်ဆောင်မိခင်များကို အတတ်နိုင်ဖို့ ကိုဗစ်အကူးမခံရအောင် နေထိုင်ဖို့နှင့် ဖြစ်လာလျှင်လည်း မှန်ကန်တဲ့အသိပညာနဲ့ စဉ်းစားချင့်ချန်ပြီး ဆရာဝန်နှင့် စနစ်တကျကုသမှုခံယူဖို့ သတင်းစကားဝေမျှသည်။
“မဖြစ်အောင်တော့ ကာကွယ်ပါ။ ဖြစ်ခဲ့ရင်လည်း (အွန်လိုင်းမှာ ကိုယ်ဝန်ဆောင် Page တွေ၊ Group တွေရှိတယ်) အဲဒီမှာကျတော့ ဖြစ်ဖူးတဲ့အမေတွေလည်း အများကြီးရှိတယ်လေ။ လုံး၀သူတို့လိုမျိုးလိုက်လုပ်ရမယ်လည်းမဟုတ်ဘူး။ သူတို့ဆီက ယူစရာရှိတာ နည်းနည်းယူ။ ပြီးတော့ အွန်လိုင်းကနေလည်း ဆရာဝန်တွေနဲ့ပြလို့ရတယ်။”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)
#ကိုဗစ်ကိုအခက်အခဲကြားကအနိုင်တိုက်ခဲ့ကြသူများ