“မျက်လုံးလည်းမဖွင့်နိုင်တော့ဘူး။ သတိတွေလစ်လစ်နေတာ။ သမီးက လက်ကလေးပွတ်ပွတ်ပြီး ငိုနေတဲ့အသံတော့ကြားရတယ်။”
ဒေါ်သန်းအေးတစ်ယောက် ကိုဗစ်၏တိုက်ခိုက်မှုကို အလူးအလဲခံနေရသည့်ကာလဖြစ်သည်။
“အမေက ငါမရတော့ဘူးလို့တော့ သူပြောတယ်။ ညဘက်ဆိုလည်း ကယောင်ကတမ်းတွေပြောတယ်။ သွား ငါမလိုက်ဘူး။ ငါ့ကိုလာမခေါ်ကြနဲ့။ ငါ့သားသမီးတွေရှိသေးတယ် ဆိုပြီးပြောတယ်။”
ဟု ဒေါ်သန်းအေး၏ သမီးငယ်က မိခင်၏အခြေအနေကို ပြန်ပြောပြသည်။
ဇူလိုင်လလယ် တစ်နိုင်ငံလုံးကိုဗစ်နှင့်စစ်ခင်းနေရချိန်တွင် ဒေါ်သန်းအေး စဖျားသည်။ အခြားသူအများစုလိုပဲ တုပ်ကွေးဟုပဲ သူထင်သည်။ မိခင်ကြီး၏နာရေးကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်ဖြစ်။ ပိုဆိုးသွားသည်က မိခင်ကြီးကိစ္စအပြီးတွင် ၈၈ နှစ်အရွယ် ဖခင်ကြီးကလည်း ကျန်းမာရေးအခြေအနေမကောင်း၊ ဝမ်းလျှောပြီး လူးလှိမ့်နေရသည်အထိ အခြေအနေဆိုးလာသည်။
တစ်ပတ်ခန့်ဖျားပြီး ဇူလိုင် ၁၇ တွင် ဒေါ်သန်းအေး အောက်ဆီဂျင် စကျသည်။ ထိုညတွင် သူ့ အသက်ရှူသံတွေက ပြင်းလာသည်။ နောက်နေ့ဆေးခန်းသွားတော့ ဆရာဝန်က အောက်ဆီဂျင်တိုင်းပြီးချိန်တွင် ဆေးပေးပြီး တစ်ခုခုဖြစ်ရင် ဒီကိုမလာနဲ့တော့ ဆေးရုံသာသွားတော့ဟု ပြောသည်အထိဖြစ်သွားသည်။ တစ်မိသားစုလုံး မျက်လုံးပြူးသွားသည်။
“အမေ မနက်ဖြန်လိုရက်လည်မယ်ဆို ဒီလိုနေ့မှာ ဆရာဝန်က ဒေါ်သန်းအေးမလာနဲ့တော့လို့ပြောတဲ့နေ့ပဲ။ ညနေပိုင်း ၅ နာရီမှာ အဖေက ဆုံးတယ်။ အဖေဆုံးသွားပြီးတော့ ကျွန်မစိတ်မကောင်းဘဲနဲ့ ပိုဆိုးသွားတယ်လေ။”
ဆရာဝန်ပေးလိုက်သည့်ဆေးများကို ဒေါ်သန်းအေး သောက်သည်။ ဆေးနာမည်တော့မသိ။ အောက်ဆီဂျင်ကျရင်သောက်လျှင်သောက်သည့်ဆေးဆို၍ သောက်သည်။ သို့သော် အဝါရောင်ဆေးလုံးတွေက ဒေါ်သန်းအေးကို သက်သာဖို့မစွမ်းနိုင်။
“အမေက နောက်နေ့မနက်ကျတော့ ဆီးချိုတွေ တက်သွားတယ် ။၄၀၀ ကျော်အထိဖြစ်သွားတယ်။ မူးလဲပြီးတော့ အဲ့မှာ ဘုံးဘုံးကျသွားတာ။ အောက်ဆီဂျင် အရမ်းကျသွားတယ်။ ၃၄ တွေဘာတွေဖြစ်သွားတယ်။”
ဟု ဒေါ်သန်းအေး၏ ကိုဗစ်နှင့် ဆီးချိုတိုက်ပွဲအကြောင်းကို သမီးငယ်က ပြန်ပြောပြသည်။
အခြေအနေပိုဆိုးလာသဖြင့် သူတို့ အခြားဆရာတစ်ယောက်နှင့် ပြောင်းပြီးပြကြည့်သည်။ ဆရာဝန်က ဆေးသာထိုးပေးလိုက်သော်လည်း ရောဂါက မသက်သာ။ နောက်ရက်များတွင် ဒေါ်သန်းအေး ပိုမောလာသည်။ ချောင်းတွေဆိုးလာသည်။ နောက်ဆုံးအပေါ့အပါးသွားဖို့တောင် ခက်လာသည်။ အောက်ဆီဂျင်ကျလျှင် မှောက်အိပ်ရသည်ဟု သိသော်လည်း အသည်းတွင်အနာဖြစ်ထားသည့် ဒေါ်သန်းအေးခမျာ မမှောက်နိုင်။
“လှဲအိပ်နေရင်တော့ ကျွန်မအသက်ထွက်မှာ။ လှဲအိပ်လိုက်ရင် အသက်ရှူလို့မ၀ဘူး။ အသက်ကလည်းပင်းနားရောက်နေသလိုပဲ။ အသည်းမှာအနာရှိနေတဲ့အတွက် မှောက်အိပ်လို့ရလည်းမရဘူး။”
နောက်ဆုံး ကုလားထိုင်မှာ ခေါင်းအုံးနှစ်လုံးလောက်ဆင့်ပြီး ထိုင်လျက်ငုတ်တုတ်အိပ်ရသည်။ ထိုနေ့ရက်များက ဒေါ်သန်းအေးအတွက် ကိုဗစ်နှင့် ဘတစ်ပြန်ကြားတစ်ပြန် စစ်ခင်းရသည့်ကာလများဖြစ်သည်။ တစ်ခါတစ်ခါ တစ်ကိုယ်လုံးပြာနှမ်း၊ နှုတ်ခမ်းတွေ၊ လက်တွေ ခြေထောက်တွေ ညိုမည်းပြီး တစ်ကိုယ်လုံး အေးစက်သွားသည်အထိ အခြေအနေဆိုးလာသည်။
“အမျိုးတွေထဲမှာလည်း တစ်ယောက်ပြီးတစ်ယောက်ဆုံးနေတော့ ကိုယ့်အမေကိုလည်း အရမ်းစိုးရိမ်နေတာ။ နောက်ဖေးမှာ သွားငိုရတဲ့အထိဖြစ်သွားတယ်။”
ဟု မိခင်ဖြစ်သူလက်ကိုကိုင်ရင်း ပြောသည်။
“အမေက အစားအသောက်ကျွေးရင် ပုတ်ပုတ်ထုတ်တယ်။ ကိုယ်ကတော့ ဝင်အောင်တော့ ဖြည့်စွက်စာ ထမသောက်နိုင်ဘူးဆို ဖျောပြီးအအေးခံပြီး ပိုက်နဲ့ထည့်တယ်။ ဆန်ပြုတ်ဆိုလည်း ဗမာကြက်တွေဘာတွေပြုတ်ပြီးတော့ သူက ကြက်သားနဲ့တော့မခံနိုင်ဘူး။ ဒါပေမဲ့ ညီမက ခိုးခိုးထည့်တယ်။ ဆန်ပြုတ်ကို ဝင်သလောက်ထည့်တယ်။ ကြက်ဥ တစ်နေ့နှစ်လုံးဝင်အောင်ကျွေးတယ်။”
အောက်ဆီဂျင်မှာရွှေထက်ရှားပါးနေသည့်အချိန်ဟုပြောရမည့် ဇူလိုင်၊ ဩဂုတ် လများတွင် ဒေါ်သန်းအေးအတွက် အောက်ဆီဂျင်က သိပ်လုံလောက်လှသည်တော့မဟုတ်။ Oxygen Concentrator မဝယ်နိုင်သည့်သူတို့မိသားစုအတွက် ပိုလို့တောင်ခက်ခဲသည်။
“အသည်းအသန်ဖြစ်ချိန်မှာ ညီမတို့က လက်ထဲမှာ ငွေလုံလုံလောက်လောက်မရှိဘူး။ မနက်ဆို အောက်ဆီဂျင်အိုးလိုက်ရမယ့် အပူရှိတယ်။ ညဆို ၂ နာရီလောက်ဆို ကုန်သွားပြီ။ တစ်ရက် လေးခေါက်လောက်သွားရတယ်။ အရမ်းခက်ခဲတယ်။ အောက်ဆီဂျင်ရယ် မကုန်ပါနဲ့လို့တောင် ထိုင်ဆုတောင်းမိတယ်။”
ဟု သမီးဖြစ်သူက မျက်ရည်ဝဲကာ ပြောပြာသည်။ အောက်ဆီဂျင်ပြတ်သည့်အချိန်များတွင်တော့ နောက်ဆုံး ကြံရာမရသည့်အဆုံး အွန်လိုင်းပေါ်တွင် လူပြောများသည့်ခွေးတောက်ရွက်ရှူတာ၊ နနွင်းနှင့် ဂျင်း၊ ဆား ရောရှူတာမျိုးတွေ လုပ်ဖြစ်ခဲ့သည်။
အသက် ၆၂ နှစ်အရွယ် ဒေါ်သန်းအေးမှာ သေကံမပါသေးဟုပြောရမလား။ ပြနေကျဆရာဝန်နှင့် ပြန်ကုသခွင့်ရသည်။ ထိုးဆေးတွေ ထိုးသလို ကိုယ်ခံအားကောင်းဆေး၊ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သည်။ လေ့ကျင့်ခန်း အားတင်းလုပ်သည်။
“ရေနွေးငွေ့ရှူတယ်။ Dryer ကြီး ပါးစပ်ထဲမှုတ်ထည့်တယ်။ အဲဒါမှ ကျွန်မနေလို့ရတာ။ ကျောကုန်းကို မုန့်ညင်းဆီတွေလိမ်းပေးပြီး ရေနွေးအိပ်လေးကပ်ပေးတာလည်း သက်သာတယ်။”
ဟု ဒေါ်သန်းအေးက သူ့ကျောသူပုတ်ရင်း ပြောပြာသည်။
အရေးပေါ်အချိန်တွင် ဘာသာရေးကလည်း သူ့အတွက်အားကိုးစရာတစ်ခုဖြစ်သည်။
“ဘယ်လိုအားတင်းလဲဆိုတော့ ကျွန်မ စိတ်ထဲကနေ သမ္ဗုဒ္ဓေရွတ်တယ်၊ သရဏရုံတွေတင်တယ်။ ကုသိုလ်ကောင်းမှုလုပ်ခဲ့တာတွေ ပြန်တွေးတယ်။”
တစ်လခန့် အကြာတွင်တော့ ဒေါ်သန်းအေး သက်သာစပြုလာသည်။ အောက်ဆီဂျင်လည်း ၉၆ အထိ ပြန်တက်လာပြီ။ နောက်တွဲအနေဖြင့်တော့ သူသိပ်မလှုပ်ရှားနိုင်၊ ယခင်က လမ်းဟိုဘက်ထိပ်ဒီဘက်ထိပ် အခေါက် ၂၀ လောက်သွားလာတတ်သော ဒေါ်သန်းအေးမှာ လမ်းထိပ်ခဏထွက်တာတောင် နေလို့သိပ်မကောင်းသေး။ များများလှုပ်ရှားပါက မောသည်၊ အားနည်းသလိုခံစားရသည်ဟု ဆိုသည်။
အခုဆို သူ ဆရာဝန်နှင့် အသည်းရောဂါကို ဆက်ကုသည်။ လိုအပ်သည့် လေ့ကျင့်ခန်းများလည်း ဆက်လုပ်သည်။
“အခု ဆရာက ဘောလုံးတွေမှုတ်ဆိုလို့ ကျွန်မ ဘောလုံးတွေမှုတ်တယ်။ အပြင်မထွက်ခိုင်းဘူး။ ကျွန်မကို သုံးလေးလ အိမ်ထဲမှာပဲနေဦးတဲ့။”
ဒေါ်သန်းအေးသည် အခက်အခဲကြားထဲက ကိုဗစ်ကို ကျော်လွှားနိုင်ခဲ့သည်။ အသည်းကအနာကိုကုနေရလျက်နှင့်ပင် အသည်းမာစွာဖြင့် ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးအရာတစ်ခုမှာ ကျန်းမာသောဘ၀သာဖြစ်သည်။
“ကျွန်မအားခဲထားတယ်။ လှုပ်လှုပ်ရှားရှားလုပ်မယ်။ ကျန်းမာရေးကောင်းအောင်လုပ်မယ်။”
OnDoctor Team
…………………….
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)