“ကိုယ့်ရှေ့ကလူတွေလည်း သက်ကြီးရွယ်အိုတွေသေလိုက်ကြတာ။ ငါလည်း ဒီအုပ်စုထဲပါမလားဆိုပြီး စိတ်ထဲဒွိဟဖြစ်တာပေါ့”
ကိုဗစ်ဖြစ်တာ ရက်တွေသာကြာလာသော်လည်း အဖျားက လုံး၀မကျသဖြင့် ဦးကြည်လွင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် စိုးရိမ်နေမိသည်။
ဦးကြည်လွင် ကိုရိုနာဗိုင်းရပ်စ် စအကူးခံရသည်မှာ ဇူလိုင်လကုန်ပိုင်း။ COVID-19 တတိယလှိုင်း မြန်မာပြည်တွင် အပြင်းထန်ဆုံးရိုက်ခတ်ခဲ့သည်က ဇူလိုင်၊ ဩဂုတ်လများဖြစ်ပြီး ကျေးလက်တောရွာများဘက်တွေတော့ ဩဂုတ်လထဲအဆိုးဆုံးခံခဲ့ကြရသည်။
ကိုဗစ်အကူးခံရမှန်းသိလိုက်ရချိန်တွင် ဦးကြည်လွင်နှင့် သူ့မိသားစု ထူပူသွားသည်။ ဦးကြည်လွင်က အသက် ၇၄ နှစ်ရှိပြီဖြစ်သလို နှလုံးဆေးနေ့စဉ်သောက်နေရသူလည်းဖြစ်သည်။
“အသက်လည်းကြီးတယ်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဖြစ်သွားတာ”
သမီးဖြစ်သူ မစန္ဒာက ပြန်ပြောပြသည်။
တကယ့်မြေမြင်တွင်လည်း ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရသူများတွင် သက်ကြီးရွယ်အိုများက အများဆုံးဖြစ်သည်။ စိုးရိမ်စိတ်ကြောင့်ပင် သိလျှင်သိချင်း ဦးကြည်လွင် ကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်းရမည့်နေရာကို စဉ်းစားကြည့်သည်။ သူနေထိုင်ရာ ရှမ်းကန်ရွာကလေးတွေ Quarantine Center မရှိ။ ကိုဗစ်အကူးခံရသူအားလုံးက ကိုယ့်အိမ်တွင်ကုနေရသည့်အခြေအနေဖြစ်သည်။
သူ့အတွက် ရွေးချယ်စရာက ရှမ်းကန်နှင့် အနည်းငယ်လှမ်းသည့် မကြက်ကြီးဆိုသည့်ရွာကြီးဖြစ်သည်။ မကြက်ကြီးတွင် ပရဟိတအသင်းက ဦးဆောင်ဖွင့်လှစ်ထားသည့် Q စင်တာက အောက်ဆီဂျင်၊ ဆေးဝါးနှင့် ပြုစုစောင့်ရှောက်မှုအထိုက်အသင့်ပေးနိုင်သဖြင့် လူမမာများအတွက် အားကိုးရသည်။
အိမ်ကစထွက်တုန်းက ကားပေါ် ကိုယ့်ဘာသာတက်၊ ကိုယ့်ဘာသာဆင်း၊ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး သွားနိုင်ခဲ့သော်လည်း တစ်ပတ်ခန့်အကြာတွင် ကိုဗစ်က စတင်တိုက်ခိုက်တော့သည်။ ဦးကြည်လွင် အပြင်းအထန်ဖျားသည်။ အထူးသဖြင့် ညနေဆို အဖျားက ပူခြစ်နေအောင်တက်သည်။
“အဖျားက အမြင့်ဆုံး ၁၀၃ အထိအောင် ရောက်တယ်။ ၇၊၈၊ ၉ ရက်တွေမှာ ၁၀၁၊ ၁၀၂ ကနေ အောက်ကို မဆင်းတော့ဘူး။ ဘယ်လိုမှဖိုက်လို့မရတော့ဘူး။ သူတို့ပြောတဲ့ အဖျားပျောက်ဆေးတွေသောက်ပေမဲ့ ချွေးထွက်အောင်လုပ်မရဘူး။ သူ့ရက်နဲ့သူ ရောဂါပိုးက ပြင်းထန်လို့လားမသိဘူး အလူးအလဲခံရတာ။”
ဟု ဦးကြည်လွင်က ရက်တွေလက်ချိုးရေရင်း ပြောပြသည်။
ထိုရက်များတွင် အနံ့လည်းပျောက်သလို အရသာလည်း ခံစားလို့မရတော့။ ပိုဆိုးတာက ဦးကြည်လွင် မောလာသည်။ နည်းနည်းလှုပ်ရှားလိုက်တာနှင့် အသက်ပြင်းပြင်းရှူရသည့်အခြေအနေဖြစ်လာသည်။ တဖြည်းဖြည်း အောက်ဆီဂျင်က စိုးရိမ်ရေမှတ်အောက် ၉၀ အနားထိ ရောက်လာသည်။
“တအားပင်ပန်းနေတဲ့အခါကျတော့ သုံးရက်လောက်ကြာတော့ သူ့ကိုယ်သူ သေမှာပဲအောက်မေ့နေတာ။ အဖျားကျသွားရင် နေသာတယ်၊ အဖျားတက်လာတာနဲ့ နေလို့မကောင်းတော့ဘူး။ နောက်ပိုင်း ချမ်းတာတွေဘာတွေဖြစ်လာတယ်။”
ဟု ကိုယ်တိုင်အနီးကပ်မပြုစုနိုင်သော်လည်း အဝေးမှအချိန်ပြည့်စောင့်ရှောက်ပေးခဲ့သူ မစန္ဒာက ပြောသည်။
ထိုအချိန်တွင် ရှမ်းကန်၊ မကြက်ကြီးကျေးရွာများတွင် ကိုဗစ်ကြောင့်သေဆုံးမှုအချို့ရှိနေသလို အနီးနားဝန်းကျင်ကျေးရွာအချို့တွင် ကိုဗစ်နှင့်တဖြုတ်ဖြုတ်သေဆုံးနေသည့်သတင်းများကြားရသဖြင့်လည်း မစန္ဒာတို့ ပိုပြီး စိုးရိမ်သည်။ ဆရာဝန်နှင့် အနီးကပ်ကုသခွင့်မရှိသည့်အခြေအနေတွင် သူတို့ ညီမတစ်တွေ အွန်လိုင်းက ကိုဗစ်ဆိုင်ရာကုသရေးနည်းလမ်းများဖြင့် ကုသပေးကြရသည်။
“ရေနွေးငွေ့ကတော့ ခွေးတောက်ရွက်နဲ့ မတ်ခွက်ထဲထည့်ပြီး အချိန်တော်တော်များများရှူတယ်။ သမီးကလည်း ၁၈ နာရီမှောက်ရမယ်ဆိုလို့ မှောက်နေတဲ့အချိန်ကများတယ်။ အားနဲ့ပဲတိုက်ရမယ်ဆိုလို့ ပေတေပြီးလုပ်တယ်။ကျောကုန်းပုတ်ခိုင်းတယ်။ ရေနွေးအိတ်ကပ်တယ်။”
အနီးကပ်ပြုစုသည့် မြေးမလေးက စီစဉ်ပေးသည့်အတိုင်း ဦးကြည်လွင် ကြိုးစားကုသည်။ လိုအပ်သည့် အဖျားပျောက်ဆေး၊ ပိုးသတ်ဆေးများကို ဆေးပတ်လည်အောင်သောက်သည်။ အောက်ဆီဂျင်မကျအောင် မှောက်သည်။ မှောက်ရုံနှင့်မရလျှင် အောက်ဆီဂျင်အိုးဖြင့် ရှူသည်။ အနံ့အရာမရှိသည့်ကြားထဲက အစားအသောက်ကို မဝင်ဝင်အောင်စားသည်။
“ရေနွေးငွေ့ကတော့ ခွေးတောက်ရွက်နဲ့ မတ်ခွက်ထဲထည့်ပြီး အချိန်တော်တော်များများရှူတယ်။ သမီးကလည်း ၁၈ နာရီမှောက်ရမယ်ဆိုလို့ မှောက်နေတဲ့အချိန်ကများတယ်။ အားနဲ့ပဲတိုက်ရမယ်ဆိုလို့ ပေတေပြီးလုပ်တယ်။ကျောကုန်းပုတ်ခိုင်းတယ်။ ရေနွေးအိတ်ကပ်တယ်။”
ဟု ဦးကြည်လွင်က ကိုဗစ်ကိုကျော်လွှားနိုင်ခဲ့သည့် သူ့တွေ့အကြုံများကို ပြောပြသည်။
“အာဟာရကပဲ နိုင်သွားသလားမသိဘူး။ ခွန်အားနဲ့တိုက်ရတာပေါ့။”
၁၀ ရက်ကျော်ကာလတွင် သူ သက်သာစပြုလာခဲ့သည်။ အသက်ရှင်သန်ခွင့်ရဖို့အတွက် ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့သည်။ ၁၆ ရက်မြောက်တွင်တော့ သူ အိမ်ပြန်ခဲ့သည်။
အိမ်ပြန်ရောက်ချိန်တွင်လည်း သူလေ့ကျင့်ခန်းများ ဆက်လုပ်သည်။
“တစ်နေ့ကို ပူဖောင်း ၅ လုံးမှုတ်ရတယ်။ ပူဖောင်းမှုတ်တာရယ် မှောက်တာရယ်ကတော့ ယနေ့အထိလုပ်တုန်းပဲ။ တစ်ခါမှောက်ရင်း တစ်ခါမှုတ်ရင်းပေါ့။”
ဟု ရယ်မောရင်း ပြောသည်။ ထို့ပြင် ၁၇၊ ၁၈ ရက် လောက်က ရေချိုးပြီးခေါင်းလျှော်လိုက်လို့ ပြန်ဖျားတာကိုလည်း သတိထားစရာအတွေ့အကြုံအဖြစ် သူကပြန်လည်ဝေမျှသေးသည်။
ရောဂါအပြင်းအထန်ခံခဲ့ရသည့် ဖခင်ကြီး ပြန်ကောင်းလာသည်နှင့်ပတ်သက်ပြီး မစန္ဒာကတော့ အခုလိုယုံကြည်သည်။
“အချိန်မီသိလိုက်တော့ ကာကွယ်သွားနိုင်သလိုဖြစ်တာပေါ့။ ကြိတ်ကုရင်လည်း တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တာပေါ့။”
COVID-19 နှင့်ပတ်သက်လျှင် သတိပြုသင့်သည့် အချက်တစ်ချက်ပင်ဖြစ်သည်။
ကိုဗစ်ကို ကျော်လွှားနိုင်ပြီးချိန်တွင် ဦးကြည်လွင် ကျန်းမာရေးကိုလည်း အရင်ကထက် ပိုဂရုစိုက်ဖြစ်လာသည်။ အိပ်ရေး၀အောင်အိပ်သည်။ ချိန်မှန်စား၊ အချိန်မှန် လေ့ကျင့်ခန်းလုပ်ဖြစ်သည်။ ပြီးတော့ ကိုဗစ်အတွက် ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့ အမြဲသတိထားသည်။ “အပြင်ထွက်ရင် လက်ကိုပိုးသတ်တာတို့၊ အပြင်ကနေ ကိုယ့်အိမ်ကို ပစ္စည်းတစ်ခုခုရောက်ရင် ပိုးသတ်တာတို့ အဲ့လိုဟာလေးတွေ အသိတရားနဲ့ကာကွယ်ဖြစ်တယ်။”
၂၅ ရက်ကျော်ကာလတွင်တော့ ဦးကြည်လွင် တော်တော်လေးထူထူထောင်ထောင်ဖြစ်လာသည်။ ခြံထဲတွင် လမ်းဆင်းလျှောက်နိုင်ပြီဖြစ်သလို တောက်တိုမည်ရလျှောက်လုပ်လို့ရနေပေပြီ။ အခြားသူများကိုတော့ ကိုဗစ်နှင့်ပတ်သက်ပြီး သူက အခုလိုဝေမျှသည်။
“ဒီရောဂါဖြစ်နေတာ မပပျောက်သေးတော့ သွားတဲ့လာတဲ့နေရာဆင်ခြင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ဖို့တိုက်တွန်းချင်ပါတယ်။”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)