လက်တလော ကူးစက်မှုများလာသည့် COVID 19 ကိုဗစ်မျိုးကွဲအသစ် အိုမီခရွန်သည် လူသားများအတွက် စိုးရိမ်စရာတစ်ရပ်အဖြစ် ဖြစ်ပေါ်လျက်ရှိပါသည်။ ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရမှုသည် အသက်အရွယ်မရွေး ကြုံတွေ့နေရလျက်ရှိရာ ကလေးများလည်း ကူးစက်သူများတွင်ပါဝင်နေပါသည်။ ကလေးအများစုတွင် ကိုဗစ်ကူးစက်ခံရပြီး တွေ့ရှိရသော လက္ခဏာများမှာ မပြင်းထန်ကြောင်း တွေ့ရသည်။
သုတေသနပြုလုပ်ချက်များအရ COVID 19 ကူးစက်ခံထားရပြီးသော ကလေးအချို့တွင် နောက်ဆက်တွဲအနေဖြင့် ကိုယ်တွင်းအင်္ဂါများရောင်ရမ်းခြင်း လက္ခဏာများ (Multisystem Inflammatory Syndrome in Children, or MIS-C) တွေ့ရတတ်သည်ဟု လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကလေးများကို ကိုဗစ်ရောဂါပိုးနှင့် ကူးစက်မြန်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မခံရအောင် ကာကွယ်ရန်သည် အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။
နေအိမ်တွင် အတူတကွ နေထိုင်သူတစ်ဦးတွင် ဖျားနာခြင်းနှင့် အခြားကိုဗစ်လက္ခဏာများ ခံစားလာရလျှင် သီးခြားစောင့်ကြည့်စစ်ဆေးပြီး ကုသမှုခံယူပါ။ ကလေးဖြစ်သူ ကိုယ်အပူချိန်ကြီးခြင်း ၊ တစ်နာရီခန့်ကြာချောင်းအလွန်ဆိုးခြင်း သို့မဟုတ် တနေ့ ၃ ကြိမ် အထက် ချောင်းဆိုးချိန် များရှိခြင်း၊ အနံမရခြင်း၊ အရသာ ခံစားမှုပျောက်ခြင်းစသည့် လက္ခဏာများ ရှိနေလျှင် ကလေးကိုဗစ်ရောဂါ ကူးစက်ခံရမှု ရှိမရှိ စမ်းသပ်စစ်ဆေး သင့်ပါသည်။ အကယ်၍ ကိုဗစ်ရောဂါကူးစက်ခံရလျှင် အခြားသူများထံ ကူးစက်မှုမရှိစေရတ် သီးသန့်နေစေရပါမည်။
အရေးအကြီးဆုံးအချက်မှာ အသက် ၅-၁၁နှစ်အရွယ်ကလေးများကို Centers for Disease Control & Prevention (CDC) ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနမှ ညွှန်ကြားချက်အရ mRNA ကာကွယ်ဆေးများဖြစ်သည့် Pfizer-BioNTech, Moderna, Johnson & Johnson’s Janssen ကာကွယ်ဆေးများကို ထိုးနှံပေးသင့်ပါသည်။ ထိုဆေးများမရရှိနိုင်လျှင်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနများမှ ကလေးများအတွက် ထိုးနှံ့ခွင့်ပြုထားသည့် လက်လှမ်းမှီပြီးစိတ်ချရသော ကိုဗစ်ကာကွယ်ဆေးကို ထိုးပေးသင့်ပါသည်။
မိမိကလေးကို အိုမီခရွန်ကူးစက်မခံရအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ သတ်မှတ်ထားသော ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို သင်ကြားထားပေးသင့်ပါသည်။ ကျောင်း၊ စာသင်ခန်းတို့တွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာ အကွာနေရန် Social Distancing နှင့် နှာချေချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးမှာနေ သင့်ကြောင်းသင်ပေးပါ။ စက္ကန့် (၂၀) ကြာအောင် လက်ဆေးခြင်းကို ကလေးစိတ်ဝင်စားအောင် သီချင်းသရုပ်ဖော်နှင့် စနစ်တကျသင်ကြားပေးပါ။ မျက်နှာကို လက်နဲ့ခဏခဏမကိုင်မိအောင် သင်ပေးထားပါ။ အပြင်ထွက်လျှင် ကလေး၏မျက်နှာ အရွယ်အစားနှင့် ကိုက်ညီမှုရှိသည့် နှာခေါင်းစည်း၊ အကာအကွယ် face Shield တို့ကို တပ်ဆင်ပေးပါ။
နေအိမ်၊ အခန်းများ၊ ကလေး၏ အသုံးအဆောင်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ကစားစရာများကို သေချာသန့်စင် လျှော်ဖွတ်ပေးပြီး ပုံမှန်ပိုးသတ်ပေးသင့်သည်။ ထိတွေ့မှူရှိသော မျက်နှာပြင်များကို အရက်ပြန်ပါဝင်သော ဆေးရည်ဖြင့် သန့်ရှင်းပေးနိုင်သည်။ကိုယ်ခံအားကောင်းမွန်အောင် လိုအပ်သော ဗီတာမင်သတ္တုဓာတ်များ စုံလင်ပြီး အာဟာရပြည့်ဝမျှတစွာစားသုံးစေခြင်း၊ရေများများသောက်ခိုင်းခြင်း၊ အိပ်ရေးဝဝပေးအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခိုင်းခြင်းစသည်တို့ကိုပြုလုပ်ပေးသင့်ပါသည်။
ကလေးများအနေဖြင့် နှစ်နှစ်နီးပါး ရင်ဆိုင်တွန်းလှန်နေရသော ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်သည့် စိတ်ဖိစီးမှုများကို နားထောင်ပေးခြင်း၊ ပူပန်မှုများ တတ်နိုင်သလောက်လျော့အောင် ဖေးမကူညီပေးသင့်သည်။ စိတ်ဖိစီးမှုများလျှင် ကိုယ်ခံအားကို ထိခိုက်စေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေ ပိုများနိုင်ကြောင်း ရှင်းပြပါ။
အချို့နိုင်ငံဒေသများတွင် ရာသီတုပ်ကွေးနှင့် ကိုဗစ်ရောဂါ ၂မျိုးတွဲပြီး ကူးစက်ခံရသောသူများ တွေ့ရပြီး Covid-flu Hybrid-Florona လက္ခဏာများပူးတွဲ ခံစားရတတ်သည်။ ထို့ကြောင့် မိသားစုဝင်များနှင့်ကလေးများကို ရာသီတုပ်ကွေး ကာကွယ်ဆေးကိုလည်း နှစ်စဉ်ပုံမှန်ထိုးပေးရန်လိုအပ်ပါသည်။