ကိုဗစ်ရောဂါပိုး မျိုးကွဲသစ်အိုမီခရွန်အကူးခံရလျှင် ရောဂါလက္ခဏာများ မပြင်းထန်သောကြောင့် အိမ်၌ပင် ကုသ၍ရနိုင်မလား သို့မဟုတ် ဆေးရုံဆေးခန်းသို့ မည်သည့်အချိန်သွားရောက်ရမလားဆိုသည်ကို သိရှိရန်လိုအပ်လာပါသည်။ ရောဂါပြင်းထန်မှုအဆင့်၊ အသက်အရွယ်၊ ရောဂါအခံတို့ပေါ်မူတည်ပြီး ကုသမှုများမှာ ကွာခြားနိုင်ပါသည်။ အိုမီခရွန်အကူးခံရလျှင် ကုသမှုနည်းလမ်းများအနေဖြင့် ခံစားရသည့် ရောဂါလက္ခဏာများ သက်သာအောင်ကုသမှု၊ ကိုဗစ်ဖြစ်ပြီး နောက်ဆက်တွဲဝေဒနာတွေကို ကုသမှုနှင့် ခန္ဓာကိုယ်တွင်းရှိ ကိုဗစ်ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို တားဆီးခြင်းနှင့် တိုက်ရိုက်ကုသမှုဟု၍ ရှိပါသည်။
ကူးစက်ခံရမှု ရောဂါလက္ခဏာများရှိလျှင် နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ သွားရောက်ပြီး ကိုဗစ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးသင့်သည်။ ရောဂါလက္ခဏာများ သက်သာအောင်ကုသမှုအနေဖြင့် လက္ခဏာပေါ်မူတည်၍ အဖျားကျဆေး၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ဓာတ်ဆားနှင့် Probiotics ဆေးများကဲ့သို့ အလွယ်တကူရနိုင်သည့်အိမ်တွင်းဆေးများဖြင့် ကုသနိုင်ပါသည်။ လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ပဋိဇီဝပိုးသတ်ဆေးများ၊ ကိုယ်ခံအားကိုထိန်းပေးသော စတီးရွိုက်ဆေးများ၊ Monoclonal Antibody ဆေးများ၊ Remdisevir နှင့် Flavipiravir ကဲ့သို့ Antiviral ဆေး၊ Chloroquine ဆေးများကို ဆွေးနွေးကုသမှုခံပြီး အသုံးပြုနိုင်ပါသည်။
သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ အသက်ရှူမဝမောခြင်း၊ သတိလစ်ခြင်း၊ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အနေနဖြင့် အိုမီခရွန်အကူးခံရလျှင် အောက်ဆီဂျင်၊ အသက်ရှူစက် Ventilator နှင့် အထူးကြပ်မတ်ကုသမှုလိုအပ်သည်ထိ ပြင်းထန်နိုင်၍ ဆရာဝန်နှင့်အမြန်ပြသရန် လိုအပ်ပါသည်။
ယခင်ကိုဗစ်မျိုးကွဲများ ကူးစက်မှုကုသရာတွင် အသုံးပြုခဲ့သည် Monoclonal Antibody ဆေးများသည် အိုမီခရွန်ပိုးအပေါ် ထိရောက်မှုနည်းသည်ဟု လေ့လာတွေ့ရှိချက်များက ဖော်ပြကြသည်။ Pfizer ဆေးဝါးကုမ္ပဏီမှ ကိုဗစ်ကုသဆေး သောက်ဆေး အမျိုးအစား ဖြစ်သည့် (PAXLOVID™ritonavir)ကို US FDA မှ အသိအမှတ်ပြု အရေးပေါ်အသုံးပြုခွင့်ရအောင် ကြိုးပမ်းလျက်ရှိပါသည်။ကိုယ်ခန္ဓာတွင်း ဗိုင်းရပ်စ်ပွားခြင်းကို တားဆီးနိုင်သည့်ဆေး ဖြစ်သည့်အတွက် ရောဂါလက္ခဏာ ပြပြီး ၃-၅ရက်အတွင်း ဆရာဝန်ညွှန်ကြားချက်ဖြင့်၊ တစ်နေ့ ၂ကြိမ်၊ ၅ရက်သောက်ရမည်ဖြစ်ပါသည်။
ဗြိတိန်အစိုးရက အမေရိကန်ဆေးကုမ္ပဏီ Merck & Co Inc နှင့် Ridgeback Biotherapeutics တို့ ပူးပေါင်းထုတ်လုပ်ထားသည့် Lagevrio အမည်နှင့် ဗိုင်းရပ်စ်ပိုးဆန့်ကျင်ဆေး Antiviral (Molnupiravir) ကို အရေးပေါ်အသုံးပြုရန် ၂၀၂၁၊ နိုဝင်ဘာလတွင် ခွင့်ပြုခဲ့သည်။ ကိုဗစ်ရောဂါပိုးမျိုးဗီဇကို ပြောင်းလိုက်ပြီး ဗိုင်းရပ်စ်ကို ဆက်မပွားနိုင်အောင် တားဆီးပေးသည့် Antiviral ဆေးအမျိုးအစား ဖြစ်ပါသည်။ Molnupiravir ကို ကိုယ်ခံအားယိုယွင်းသည့်ရောဂါ၊ ဆီးချို၊နှလုံး စသည့်ရောဂါအခံရှိ၊ သာမန်နဲ့ မပြင်းထန် ကိုဗစ်ကူးစက်လူနာများတွင် ရောဂါလက္ခဏာ ပြပြီး ၅ရက်အတွင်း ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုနိုင်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ဗိုင်းရပ်စ်ဆေး အုပ်စုများဖြစ်သည့် Remdesivir၊ Favipiravir နှင့် အခြားခုခံအားထိန်းညှိပေးသည့် ဆေးများကို ကိုဗစ်ရောဂါကုသရေးတွင် အသုံးပြုရန်တိုက်တွန်းထားခြင်း မရှိပါ။ သို့သော် လူ့ခန္ဓာကိုယ်တွင်းနှင့်ဓာတ်ခွဲစမ်းသပ်ချက်များအရ Remdisevir, Paxlovid and Molnupiravir တို့သည် ယခင်မျိုးစိတ်များကဲ့သို့ပင် Omicron မျိုးကွဲ အပေါ်မှာ အစွမ်းထက်လျက်ရှိကြောင်း သုတေသနလေ့လာချက်များကဖော်ပြကြပါသည်။
အိုမီခရွန်အကူးခံရလျှင် ရောဂါအခြေအနေအပေါ်မူတည်၍ အထက်တွင်ဖော်ပြထားသည့်အတိုင်း အိမ်တွင်ကုသမှုခံယူခြင်းမှ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသခြင်းထိ ခံယူနိုင်သည်ဖြစ်ရာ ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု သံသယရှိသည်နှင့် နီးစပ်ရာ ကျန်းမာရေး စောင့်ရှောက်မှု နေရာများသို့ အမြန်ဆုံးသွားရောက် စစ်ဆေးပြသရန်လိုအပ်ပါသည်။