ကိုဗစ်ရောဂါပိုး မျိုးစိတ်သစ် အိုမီခရွန်ကူးစက်ခံရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေဖြင့် အဆုတ်နှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားရနိုင်ပါသည်။ အဆုတ်အတွင်းရှိ ပိုးမွှားများကိုဖယ်ရှားသော လုပ်ဆောင်မူဖြစ်သည့် ချောင်းဆိုးခြင်းလက္ခဏာသည် အဖြစ်များဆုံးဖြစ်ပါသည်။ချောင်းဆိုးခြင်းကြောင့် အသက်ရှူပုံမမှန်ဖြစ်ပြီး လေများအသက်ရှူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ အဆုတ်နှင့်လေပြွန်ကို လှုံဆော်ခြင်းကြောင့် ချောင်းဆိုးခြင်းပိုဆိုးလာတတ်ပါသည်။ ကိုဗစ်ဖြစ်ပြီးသူများ၏ ၅၀-၇၀% ခန့်သည် ချောင်းခြောက်ဆိုးခြင်းဝေဒနာ ခံစားရတတ်ကြောင်း တွေ့ရှိချက်များကဖော်ပြကြသည်။
အချို့သူများတွင် အိုမီခရွန်ဖြစ်ပြီးနောက် ချောင်းဆိုးခြင်းကို ရက်သတ္တပတ် ၈ ပတ်ကျော် ခံစားနေရလျှင် နာတာရှည်ချောင်းဆိုးခြင်း ဟု သတ်မှတ်ပါသည်။ ကိုဗစ်ဖြစ်ပြီးလူမမာများတွင် ပျမ်းမျှ ၁၉ ရက်ခန့်ထိ ချောင်းဆိုးကျန်နေနိုင်သည်ဟု ၂၀၂၁၊ ဧပြီလထုတ် Lancent အသက်ရှူလမ်းကြောင်း ဆေးပညာဂျာနယ်တွင် ဖော်ပြထားပါသည်။ ကိုဗစ်ဖြစ်ပြီးနောက် ချောင်းဆိုးခြင်းသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းအတွင်းရှိ ချွဲ၊ သလိပ်များကို စွန့်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် တတ်နိုင်သမျှ လှဲမနေဘဲ ထိုင်နေခြင်း၊ ညအိပ်လျှင် ခေါင်းအုံးမြင့်မြင့်ထားအိပ်ခြင်း၊ ခန္ဓာကိုယ်ကို မှောက်လျက်နေခြင်း ၊ဘေးတစောင်းနေခြင်းကဲ့သို့ ကိုယ်နေဟန်ထား အပြောင်းအလဲပြုပြီး ကမ္ဘာ့ဆွဲအားအကူဖြင့် အဆုတ်ထဲရှိ ချွဲများကို ထွက်အောင်ပြုလုပ်ပေးနိုင်ပါသည်။
ဆရာဝန်ညွှန်ကြားသည့် ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး စသည့်ဆေးများကိုသောက်ခြင်း၊ ချွဲသလိပ်များကို ဟပ်ထုတ်ပေးခြင်း၊ ချွဲများပျော်အောင် ရေများများသောက်ပေးခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနှင့် အသက်ရှုလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် ချွဲများပျော်အောင် ပြုလုပ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မလိုသည့် (Over the counter-OTC ) ချောင်းဆိုးပျောက်ဆေးများ( Cough Suppressants/ Antitussives, Mucolytic )၊ငုံဆေးများကို သောက်သုံးနိုင်ပါသည်။
ရေနွေး၊ စွပ်ပြုတ်ပူနွေးနွေး၊ ရေနွေးနှင့်ပျားသံပရာရည်၊ ဂျင်းပြုတ်ရည်နွေးနွေး၊ ဓာတ်ဆား စသည့်အရည်များကို ပိုသောက်ပေးခြင်းဖြင့် လည်ချောင်းခြောက်သွေ့ပြီး ချောင်းဆိုးခြင်း သက်သာစေနိုင်သည်။ အခန်းတွင်းရှိ လေထုတွင်စိုထိုင်းမှုမရှိဘဲ ခြောက်သွေ့လျှင် လည်ချောင်းယားယံ ချောင်းဆိုးခြင်းပိုဆိုးစေနိုင်သည်။ ထို့ကြောင့် လေထု၏အစိုဓာတ်ကို ထိန်းညှိပေးပြီး လေသန့်စင်ပေးနိုင်သည့် ရေနွေးငွေ့လွှတ် အစိုဓာတ်ထိန်းစက် Humidifier ကို အသုံးပြုပေးသင့်သည်။
အဆုတ်၏ဇီဝလုပ်ငန်းလုပ်ဆောင်မှု ကျဆင်းခြင်း ရှိသောကြောင့် မိမိခန္ဓာကိုယ်နှင့် အဆုတ်ကျန်းမာရေး အခြေအနေအလိုက် လေ့ကျင့်ခန်းကုသမှုများ ပါဝင်သော ပြန်လည်သန်စွမ်းရေးကုသမှုကိုလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ပြုလုပ်နိုင်ပါသည်။ အသက်ရှုလမ်းကြောင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည့် Percussion ခေါ် လက်ဖမိုးကိုခွက်ပုံသဏ္ဍာန်ခုံးအောင်ပြုလုပ်ပြီး နောက်ကျောအောက်ဘက်တစ်လျှောက် ပုတ်ပေးခြင်းဖြင့် ချွဲသလိပ်တွေမခဲအောင် ထွက်အောင်ပြုလုပ်နိုင်ပါတယ်။
အိုမီခရွန်မျိုးစိတ်သည် မူလကိုဗစ်မျိုးစိတ်နှင့် ဒယ်လ်တာမျိုးစိတ်များထက် အဆ ၇၀ ပို၍ အသက်ရှူလမ်းကြောင်းတွင် ပြန့်ပွားနိုင်ပြီး အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်သည့်လက္ခဏာများကို ခံစားရနိုင်ပါသည်။ ထို့ပြင် ကိုဗစ်ကာကွယ်ဆေး မထိုးထားသူများတွင် ရောဂါလက္ခဏာပြင်းထန်ခြင်းအပြင် ရောဂါဖြစ်ပြီးနောက် ချောင်းဆိုးကျန်ခြင်း ပို၍များသည်ကို တွေ့ရပါသည်။ ထို့ကြောင့်အထက်ပါ အိမ်တွင်းကုသနည်းများဖြင့် ကုသနိုင်ပြီး မသက်သာခဲ့လျှင် သို့မဟုတ် ပြင်းထန်လာလျှင် ဆေးရုံ၊ဆေးခန်းသို့သွားရောက် ပြသရန်လိုအပ်ပါသည်။
Author: Dr. Yee Mon