မြန်မာနိုင်ငံက လူနာနဲ့လူနာရှင်ကြား ဖြစ်နေကြတဲ့ ထုံးစံပါ။ လူနာကိုရောဂါပေးမသိတာပါ။ ရောဂါကြီးလေပိုဆိုးလေပါ။ လူနာအသက်ကြီးကြီးငယ်ငယ် ရောဂါ ကြီးကြီးငယ်ငယ် ကုလို့ရ မရရ ဘေးလူတွေပဲ အသိခံမယ် လူနာတော့ပေးမသိပါနဲ့တဲ့။ ဒါကလူနာအတွက်တရားမျှတလားပေါ့။
လူနာက စိတ်ကျရောဂါရှိနေလို့ ကိုယ့််ကိုယ်ကို သေကြောင်းကြံတတ်လို့ ဆိုရင်တောင် စိတ်ကျန်းမာရေးကို သေချာစစ်ဆေးပြီး စိတ်ချရရင် ပြောဖို့လုပ်ရပါတယ်။ လူနာကိုယ်တိုင်က မသိချင်လို့ တခြားသူသာပြောပါဆိုရင်တောင် စကားအဖြစ်ပဲ လက်ခံလို့မရပါဘူး။ ကိုယ်စားလှယ်လွှဲစာတွေအထိ လိုပါတယ်။ လွှဲလည်းသတ်မှတ်ထားတဲ့လူနာရှင်အဆင့်ဆင့်ရှိပါတယ်။ အဆင့်ကျော်လို့မရပါဘူး။
ရောဂါက ကြီးကြီးသေးသေး ကုလို့ရတာဖြစ်ဖြစ် မရတာဖြစ်ဖြစ် လူနာကိုယ်တိုင်သိဖို့လိုပါတယ်။
ဘယ်ရောဂါမဆို လူနာသိခွင့်ရှိတယ်။ စိတ်မကောင်းဖြစ်တာ တော့ဖြစ်နိုင်တယ်။ အချိန်တစ်ခုအထိ အတိုင်းအတာတခုအထိ စိတ်ညစ်မှာပဲ။ ဒါကြောင့်လည်းလိုအပ်တဲ့အခါ စိတ်ကျနိးမာရေးပါစစ်ဆေးဖို့လိုတယ်ပြောထားတာပါ။
လူနာကိုယ်တိုင်သိတာက ရောဂါကုသတဲ့အခါမှာလည်း အဆင်ပြေလွယ်ကူစေပါတယ်။ လူနာကိုယ်တိုင် အားတက်သရောပါဝင်လုပ်ဆောင်နိုင်တယ်။ လူနာဘက်က အပြီးမပျောက်နိုင်လို့မကုဘူးငြင်းခဲ့ရင်တောင် ဆရာဝန်တွေဘက်က လူနာကိုသက်သာစေတဲ့နည်းတွေ ထိန်းလို့ရတဲ့နည်းလမ်းတွေကို ညွှန်ပေးနိုင်တယ်။ လူနာမှာလည်းရှိတဲ့အချိန်မှာ လိုအပ်တာတွေလုပ်နိုင်တယ်။ ပြင်ဆင်နိုင်တယ်။ လူနာအတွက်အချိန်အများကြီးရပါတယ်။ တချို့ကိစ္စတွေမှာ လူနာကိုယ်တိုင်ဆုံးဖြတ်ရတာတွေရှိတယ်။
အခုတွေ့နေတာအများစုက လူနာရှင်တွေကပဲ အချင်းချင်းတိုးတိုးတိတ်တိတ်တိုင်ပင်ပြီးဆေးကုကြတယ်။ လူနာဘက်ကရော မရိပ်မိဘဲနေမလား။ လူနာဆိုတာသူခံစားရတာသူအသိဆုံးပါ။ တခြားသူတွေ သူ့အတွက်စိတ်ပူနေရတာကို လူနာကိုယ်တိုင်လည်းရိပ်မိမှာပဲ။ ဘယ်သူမှလည်းအမှန်မပြောတော့ ဘယ်လောက်အရေးကြီးလဲ တော့ မမှန်းနိုင်ဘူးပေါ့။ လူနာက ဘာမှမပြင်ဆင်လိုက်ရဘူး။
တခြားတခြားသောနိုင်ငံတွေမှာ ဆေးခန်းဆေးရုံပြတဲ့အခါ လူနာကိုယ်တိုင်သွားတယ်။ ဆေးစစ်တယ်။ အဖြေတွေယူတယ်။ ဆရာဝန်နဲ့လူနာတိုက်ရိုက်စကားပြောတယ်။ ဆရာဝန်နဲ့ ပြောတဲ့အခါမှာတောင် လူနာရှင်ဆိုတာ လူနာကိုယ်တိုင်ခွင့်ပြုမှ လိုက်နားထောင်ခွင့်ရတာပါ။ လူနာကသူ့ရောဂါနဲ့ပက်သက်လို့သူကိုယ်တိုင် အက္ခရာပဲ။
မကုနိုင်တဲ့ကင်ဆာလိုရောဂါမျိုးတွေတောင် တခြားဘယ်သူမှမသိအောင်နေသွားနိုင်ကြတယ်။ အားသာချက်ကဘာလဲ။ လူနာကစိတ်အားထက်သန်လာတယ်။ ကြိုတင်ပြင်ဆင်တတ်လာတယ်။ ဘဝကိုတန်ဖိုးထားတတ်လာတယ်။ ဘာပဲဖြစ်ဖြစ်တော့ လူနာကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချရဲလာတယ်။ ဆေးကုပေးရတဲ့ ဆရာဝန်တွေအနေနဲ့လည်း ဆေးကုသပုံတွေကို ပွင့်ပွင့်လင်းလင်းချပြလို့ရတယ်။
ရောဂါ ကြီးကြီးမားမားကင်ဆာမှမဟုတ်ပါဘူး။ တခြာတခြားသောရောဂါတွေတိုင်းအတွက်ပြောတာပါ။ တချို့ကူးစက်ရောဂါတွေဆိုပိုဆိုးတယ်။ လူနာကိုသိရင်စိတ်ဆင်းရဲမှာစိုးလို့မပြောဘူးဆိုပြီးနေလို့ရမပါဘူး။ ကူးစက်ရောဂါက တခြားသူတွေတောင်ထပ်ပြီးကူးနိုင်ချေရှိလို့ ပြောကိုပြောပြရမှာပါ။
လူနာကိုချစ်လိူ့ လူနာကိုသနားလို့ ဆိုပြီးဖုံးဖိနေကြတာက လူနာအတွက် အဖက်ဖက်ကအဆင်ပြေပါ့မလားဆိုတာတွေကိုပြန်စဉ်းစားကြပါ။ ဆရာဝန်တွေကိုလည်းလူနာကိုတော့ဖြင့်မပြောပါနဲ့ စိတ်ဆင်းရဲတာမခံနိုင်မှာစိုးလို့ပါလို့ ပြောလို့မရပါဘူး။ လူနာကိုယ်တိုင် အသိစိတ်ကောင်းနေတယ်ဆို ပြောပြရမှာပါ လူနာကိုယ်တိုင်ငြင်းတဲ့အခြေအနေကလွဲလို့ ပါ။
လူနာခွင့်မပေးဘဲလည်းလူနာအကြောင်းကို တခြားသူတွေပြောပြခွင့်မရှိပါဘူး။ ကူးစက်ရောဂါတွေတော့ချွင်းချက်ရှိပါတယ်။ ကူးစက်ရောဂါက ပြောသင့်တဲ့သူတွေကိုပြောပြရပါတယ်။
ဒါဆိုရင် လူနာရဲ့ရောဂါကို ဘယ်သူသိသင့်လဲ သိနိူင်ပါတယ်
Author : Dr. CST