အခုလိုမိုးရာသီမှာ မိုးမိပြီဆိုရင် ဒီအချက်တွေကို သတိထားပါ
ကားပေါ်က အဆင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ မဲမှောင်နေပြီ။ လေကလည်း ခပ်ပြင်းပြင်းတစ်ချက် တိုက်ခတ်လိုက်သည်။ မိုးမင်းကြီးက ရွာချတော့မည့် အရိပ်အရောင်တွေ ပြနေပြီ။ မနက် အိမ်ကအထွက် အမေက လှမ်းပြောသည်ကို ပြန်သတိရမိသည်။
” ဒီနေ့မိုးရွာမယ်ထင်တယ်။ ထီးယူသွားပါလား”
အမေ စကားကြောင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံး ကြည်လင်နေကာ နေမင်း၏ အလင်းရောင်ကား တောက်ပနေသည်။ မိုးရွာမည့်အရိပ်အယောင်များကို မတွေ့ရ။
ထီးကိုင်ရမည်ကို ပျင်းသောကြောင့် အမေပြောသည်ကို မကြားချင်ယောင်ဆောင်က ထွက်ခဲ့သည်။ ယခု ကားပေါ်မှ ဆင်းချိန် မိုးက ရွာတော့မလိုဖြစ်နေပြီ။ ခြေလှမ်းတို့ကို မြန်မြန်လှမ်းကာ သင်တန်းသို့ အပြေးနှင်ခဲ့သည်။ သင်တန်းသို့ရောက်ပြီးမှ မိုးကား သည်းကြီးမဲကြီး ရွာချလိုက်သည်။ ပြတင်းပေါက်မှန်သို့လာစင်သော မိုးပေါက်များကို ကြည့်ကာ ညနေမိုးမိမှာကို စိုးရိမ်နေမိသည်။
စာသင်နေချိန်အတွင်းလည်း သင်တန်းဆင်းချိန်လေး မိုးတိတ်ပါစေလို့ ကျိတ်ဆုတောင်းနေမိသည်။ ကြည်ပြာ ဆုတောင်းပြည့်ပေသည်။ သင်တန်းဆင်းချိန် မိုးတိတ်နေသည်။ ကားမှတ်တိုင်သို့ အမြန်ပြေးရသည်။ မိုးမရွာခင် ကားပေါ်ရောက်လျှင် ဒီနေ့မိုးလွတ်မည်ဖြစ်သည်။ ဒီတစ်ခါတော့ ကြည်ပြာ ဆန္ဒတို့ မပြည့်။ ဒီနေ့မှ ကားများကလည်း ရှားပါးနေသည်။ ကားတွေ မှတ်တိုင် အဝင်နည်းနေသည်။
မိုးမင်းကြီးက အငြိုးနှင့် ရွာပြီး မောသွားကာ ခဏနားနေပုံရသည်။ ယခု အမောပြေပုံရသော မိုးမင်းကြီးက နောက်တစ်ကြိမ် ပြန်လည် ရွာသွန်းပြန်သည်။ မှတ်တိုင်တွင်လည်း လူတွေကများနေသည်။ မနက်က အမေ့စကားနားထောင်လိုက်လျှင် ကောင်းလိုက်မှာပဲဟု တွေးကာ နောင်တရနေမိသည်။
အိမ်ပြန်မှာပဲလေဟု တစ်ဖက်လှည့်တွေးကာ စိတ်ဖြေနေရသည်။ မိုးရေတွေနှင့် ကားစီးကာ အိမ်သို့ပြန်ခဲ့ရသည်။ အိမ်ရောက်ရောက်ချင်း အမေက ကြည်ပြာကို ဆီး ဆူသည်။
“ထီးယူသွားပါလို့ပြောတာကို ထီးမှ ယူမသွားတာကိုး။ အခုတော့ မိုးမိတော့ ဖျားတော့မယ် ”
ရေတန်းချိုးကာ ထမင်းဝိုင်းသို့ထိုင်မိသည်။
” မှန်းစမ်း။ အဖျားရှိလား။” ထမင်းဝိုင်းအရောက် အမေက ကြည်ပြာ နှဖူးကို စမ်းကြည့်နေသည်။
“ထမင်းစားပြီးရင် နွေးနွေးထွေးထွေးနေ။ နွားနို့ပူပူလေးလည်း သောက်လိုက်ဦး ”
မိုးမိလာလို့ထင်သည်။
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသည်။ ကြည်ပြာတစ်ယောက် အိပ်ယာစောစော ဝင်ခဲ့သည်။ နောက်တစ်နေ့ မနက်အိပ်ယာထတော့ အမေက ကြည်ပြာကို ပြောသည်။
” ဒီနေ့လည်း မိုးရွာဦးမယ်ထင်တယ်။ သင်တန်းမသွားချင် မသွားနဲ့ ” အမေက ကြည်ပြာကို လှမ်းတားလိုက်သည်။
“သင်တန်းက ပျက်လို့မဖြစ်လို့ပါ အမေ။ ဒီနေ့တော့ သွားတက်လိုက်ပါဦးမယ် ” ကြည်ပြာတစ်ယောက် အမေ့ကို ပြန်ရှင်းပြကာ အိမ်မှထွက်လာခဲ့သည်။ ဒီနေ့တော့ အိမ်ကထွက်ကတည်းက မိုးလေး ဖွဲဖွဲရွာနေသည်။ ညနေ အိမ်ပြန်တော့လည်း မိုးများသည်းထန်စွာရွာသွန်းနေသည်။ ဒီနေ့လည်း အမေက အိမ်ရှေ့ထွက်ကာ ကြည်ပြာကို မျှော်နေသည်။
အိမ်ထဲဝင်ဝင်ခြင်းပင် ရေချိုးခန်းထဲ ပြေးဝင်ကာ ရေချိုးလိုက်သည်။ အမေက ထမင်းစားပွဲ အဆင်သင့်ပြင်ထားသည်။
“ဒီနေ့ထမင်းမစားချင်ဘူးအမေ။ ဖျားချင်သလိုလိုဖြစ်နေလို့ ခေါက်ဆွဲပြုတ်လေးသောက်ချင်တယ် ”
“ဒါဆိုလည်း ခဏစောင့်ဦး ” အမေကား ပြာပြာသလဲနှင့် မီးဖိုချောင်ထဲသို့ပြေးဝင်သွားသည်။ အမေလုပ်ပေးသော ခေါက်ဆွဲပြုတ်လေးသောက်ကာ ကြည်ပြာတစ်ယောက် အိပ်ယာထက်လှဲနေလိုက်သည်။
အမေကား ကြည်ပြာ နဖူးကို မနေ့ကလိုပဲ စမ်းလိုက်သည်။
“ဒီနေ့လည်း အဖျားမရှိပါဘူး ” ပြောပြောဆိုနှင့် ပြန်ထွက်သွားသည်။
ကြည်ပြာဆီ နေက်တစ်ကြီမ်လာကာ ဆေးလုံးလေးတွေလာပေးသည်။
” မိုးမိတာ ၂ ရက်ရှိပြီဆိုတော့ မဖျားပေမဲ့ အဖျားပျောက်ဆေးလေးကြိုသောက်ထားလိုက်။ ဒါက ကိုယ်ခံအားကောင်းအောင် vitamin C ဆေးလည်း သောက်ထားလိုက် ”
အမေကား ဆေးများကြိုတိုက်နေသည်။
” ဟုတ်ကဲ့အမေ သမီးသောက်လိုက်ပါမယ်” ကြည်ပြာတစ်ယောက် အမေပေးသော ဆေးပြားများကို ယူထားလိုက်သည်။ ဆေးသောက်ရမည် ကြောက်သော ကြည်ပြာတစ်ယောက် ဘာဆေးမှ မသောက်ပဲ အမေမမြင်အောင်လွင့်ပစ်လိုက်သည်။
နောက်တစ်နေ့ မနက် ကြည်ပြာတစ်ယောက် မထနိုင်ပဲ အိပ်ယာထဲလဲနေမိသည်။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသည်။ သင်တန်းလည်း မတက်နိုင်တော့။
အမေက ကြည်ပြာကို ဆေးခန်းသွားရန်လာခေါ်မှပဲ အိပ်ယာမှ ထကာ ဆေးခန်းသို့ထွက်ခဲ့သည်။ ဆရာဝန်မလေးကား စမ်းသပ်စစ်ဆေးပြီး ဆေးများပေးလိုက်သည်။
“ဒီ ဆေးလုံးလေး မနေ့က အမေတိုက်တဲ့ ဆေးနဲ့တူတယ်ထင်တယ် ” ကြည်ပြာတစ်ယောက် စပ်စပ်စုစု ဆရာဝန်မလေးအားလှမ်းပြောလိုက်သည်။
” ဒီဆေးပြားက vitamin C ဆေးပြား။ သူက ကိုယ်ခံအားကို မြင့်တက်စေတယ်။ ဒါကြောင့် ဒီလိုမျိုးဖျားနာနေတဲ့ အချိန်မှာ တိုက်တာပါ။ ပြီးတော့လည်း အခုလိုမျိုး မိုးတွင်းကာလမှာ မိုးမိတာတွေကြောင့် တုပ်ကွေးဖြစ်တာတွေ ဖျားနာတာတွေ ခဏခဏ ဖြစ်တတ်ပါတယ်။ ဒီအတွက် ဒီ vitamin C ပါတဲ့ ဆေးကို နေ့စဉ် သောက်သုံးရင် ကိုယ်ခံအားတွေ မြင့်တက်ပြီး ဖျားနာတာတွေ ကင်းဝေးမယ်”
” မနေ့ည က အမေတိုက်တဲ့ ဆေးတွေ လွှင့်ပစ်တာ အမေမသိဘူးထင်တယ်” ကြည်ပြာတစ်ယောက် စိတ်ထဲမှနေ၍ တွေးနေမိသည်။ အမေက ကြည်ပြာစိတ်ကို သိပုံမရ။
“မိုးတွင်းကာလဆိုတော့ တုတ်ကွေးရောဂါတွေ ဖြစ်တတ်တယ်။ ဒါကြောင့် မိုးတွင်းကာလမှာ ကိုယ်ခံအားကောင်းအောင် နေပါ။ အိပ်ရေး ၀၀ အိပ်ပါ။ ကိုယ်လက်လှုပ်ရှားပေးပါ။” ၏ဆရာဝန်မလေးမှ ကြည်ပြာကို ထက်မှာသည်။
” အိပ်ရေးလည်း မဝဘူးလေ။ ညဖက်ညဖက်ဆိုရင် တယ်လီဖုန်း သုံးနေတာနဲ့ ညအိပ်ချိန်တွေ သိပ်နောက်ကျတယ်။ ဆရာဝန်မလေး ပြောတာကြားတယ်နော် ညဖက် ဖုန်းသုံးတာလျော့။ အိပ်ရေး၀ ၀ အိပ်။ ကိုယ်လက်လှုပ်ရှားဖို့ဆိုတာလည်း မရှိပါဘူး။ သင်တန်းတွေတက်ရ စာကျက်ရနဲ့ သူမအားရှာဘူး။ အမေကို အိမ်အလုပ်တွေ ကူလုပ်ဖို့လည်း သူ့မှာ စိတ်ကူးမရှိဘူး။ ” အမေက ကြည်ပြာကို ဝင်၍ ဆူလိုက်သေးသည်။
“ပညာရှာတာလဲရှာတာပေါ့။ ကိုယ်လက်လှုပ်ရှားလေးလည်းလုပ်ပေးပါ။ ညဖက်ကိုလည်း စောစောအိပ်ပါ။ ညဉ့်သိပ်နက်အောင် ဖုန်းမသုံးပါနဲ့။ အိပ်ရေးပျက်တာက လူကို သိပ်ထိခိုက်ပါတယ်။ အိပ်ရေး၀၀ လည်း အိပ်ပါ။ ”
“ဟုတ်ကဲ့ပါဆရာမ ”
ကြည်ပြာတစ်ယောက် ဆရာဝန်မလေးအားကတိပေး၍ ဆေးခန်းထဲမှ ထွက်လာခဲ့သည်။ ဆေးကြောက်တတ်သော ကြည်ပြာတစ်ယောက် ဆရာဝန်မလေး ပေးလိုက်သော ဆေးများကို သောက်ဖို့ အားယူရပေဦးမည်။ ဆေးတွေကလည်း များလိုက်တာဟု တွေးရင်း ဆိုက်ကားပေါ်သို့ တက်လိုက်သည်။
Author: Dr.အေးချမ်းမိုး