သိန်းတင်တစ်ယောက် ကလေးနို့တိုက်ရင်း ကိုလှမောင် ကိုစောင့်နေမိ၏။ ဒီညနေ မမလေးကို ဆေးခန်းလိုက်ပို့ရမှာမို့ နောက်ကျမည်ဟုလည်း မှာသွားသည်။ ထမင်းစား မစောင့်တော့ပဲ သိန်းတင်တစ်ယောက် စားထားလိုက်သည်။ ကလေးနို့တိုက်မိခင်မို့ ဝမ်း ခဏခဏ ဟာသည်။ အရင်စားထားလိုက်ပြီး ထိုင်စောင့်နေမိသည်။ မိုးတော်တော်လေးချုပ်မှ ကိုလှမောင်ပြန်လာသည်။ ပြန်ပြန်လာချင်းပင် ကလေးကို ငုံ့နမ်းလိုက်သည်။ အိပ်ပျော်နေသော ကလေးကို ချီမည်လုပ်သောကြောင့် တားလိုက်ရသည်။
“မိုးချုပ်နေပြီ ရေမြန်မြန်ချိုး ကိုလှမောင်။ ကျုပ် ထမင်းပွဲ ပြင်ထားလိုက်မယ် ” ကိုလှမောင် တစ်ယောက် သားအနားမှ ထကာ ရေချိုးရန်ထွက်သွားသည်။ သိန်းတင်တစ်ယောက် ထမင်းပွဲမှာထိုင်၍ ကိုလှမောင်ကို စောင့်နေလိုက်သည်။ ဟင်းကတော့ စုံစုံလင် ချက်ထားသည်။ ကိုလှမောင်ကြိုက်သော ငါးလေးးအိုးကပ်ဟင်း ချက်ထားကာ တို့စရာအစုံအလင်နှင့် ပြင်ဆင်ထားသည်။ ကိုလှမောင် ထမင်းစားပွဲ ကို ထိုင်ထိုင်ချင်း
“ငါ့သားက သိပ်ကိုထွားတယ်။ ကိုကိုလေး ကလေးက သိပ်ကို နုတာပဲ။ ငါတို့သားထက် တစ်လလောက်ကြီးတာတောင် ငါတို့သားလေးလောက် မထွားဘူး ”
ကိုလှမောင်တစ်ယောက် ပထမဆုံး ထမင်းလုပ်ကို ပါးစပ်ထဲ ထည့်အပြီး စကားစလိုက်သည်။ မျက်နှာပေါ်တွင် ကြည်နုးနှစ်သက်ခြင်းများက ပေါ်လွင်နေသည်။
“ဟုတ်လား ကိုလှမောင် ” သိန်းတင်တစ်ယောက် အံသြော်လွန်း၍ ပြန်မေးလိုက်သည်။
“ဟုတ်တယ်။ အခုပဲ ကလေးရော အမေရော ဆေးခန်းသွားပို့နေရတာ။ ကလေးလေးကလည်း ချူချာ။ အမေကလည်း ချူချာပဲ ”
“သူတို့က သူဌေးတွေပဲလေ။ ဘာဖြစ်လို့ ချူချာရတာလဲ။ ” သိန်းတင်တစ်ယောက် တစ်ကယ်ကို သဘောရိုးနှင့် ကို လှမောင်ကို ပြန်မေးလိုက်သည်။
“ကလေးတစ်ယောက် ဖွံဖွံထွားထွားဖြစ်ဖို့ ကျန်းမာဖို့ဆိုတာက မိခင်နို့ကို မှီခိုနေရတယ်။ မိခင်နို့ကို ကလေး အသက် ၆ လအထိကို တိုက်ရမယ်။ ”
“ကျုပ်သိပါတယ်တော် ” သိန်းတင်တစ်ယောက် ကိုလှမောင်ကို စိတ်မရှည်သဖြင့် စကားဖြတ်ပြောလိုက်သည်။
” မင်းက သိတယ်။ မသိတာက ကိုကိုလေးတို့မိသားစု။ ငါတို့က လမ်းထိပ်က ဆရာဝန်မလေးက အကုန်စားလို့ရတယ်ဆိုလို့ မင်းကို ငါက အကုန်ကျွေးတာ။ မင်းလည်း ငါမရှိတုန်း မင်းစားချင်တာတွေ စားနေတာ ဟုတ်တယ်မလား” ကိုလှမောင် လှမ်းမေးလိုက်သည်။
“ကျုပ်စားချင်လို့စားနေတာ မဟုတ်ဘူးနော်။ လမ်းထိပ်က ဆရာဝန်မလေးက စားခိုင်းလို့စားနေတာ။ ကျုပ်များများစားမှ ကျုပ်တို့ကလေး ကျန်းမာမယ်။ အားရှိမယ်။ ဖျားနာတာတွေ မဖြစ်ဖူးဆိုလို့ ကျုပ်က စားတာ ” သိန်းတင်တစ်ယောက် ကိုလှမောင်ကို သေချာပြန်ရှင်းပြနေသည်။
” အေး မင်းက အစားမျိုးစုံကို စားနေရသလောက် မမလေးက ယောက္ခမအိမ်မှာနေရတာဆိုတော့ မင်းလိုမျိုးမစားရရှာဘူး။”
“သူတို့က သူဌေးတွေပဲလေ။ ”
“တခြားသူတွေ အကုန်လုံးကတော့ စားလို့ရတယ်။ မမလေးက ကလေးနို့တိုက်နေလို့ဆိုပြီး အစားကောင်းကောင်းမစားရဘူး။ အစားရှောင်ရတယ်။ ”
“ဘယ်လိုဘယ်လို ” သိန်းတင်တစ်ယောက် မရှင်းသဖြင့်ပြန်မေးလိုက်သည်။
“ကလေး သန်ထမှာ စိုးလို့ဆိုပြီး မမလေးကို အသား မကျွေးဘူး ”
” ဘယ်သူက မကျွေးတာလဲ” သိန်းတင်တစ်ယောက် အားမလို အားမရဖြစ်လာသဖြင့် မေးလိုက်သည်။
” မမလေး ယောက္ခမကပေါ့။ ကလေးနဲ့မတည့်မှာ စိုးလို့ဆိုပြီး မမလေးအတွက် အစားအသောက်ကို သူကိုယ်တိုင် စီစဉ်တာ။ မမလေးအတွက် ထမင်း ဆီစမ်းနဲ့ ငါးခြောက်ဖုတ် ငါးကြော်လေး ဒါပဲ စားရတယ်”
“ကျုပ်ကတော့ အသားငါး အကုန်စားတာပဲ။ နို့တိုက်မိခင်က ကလေး အားရှိအောင် အကုန်စားလို့ရတယ်လို့ ဆရာဝန်မလေးက မှာထားတယ် ”
” နောက်ပြီး နို့ထွက်ကောင်းအောင်ဆိုပြီး နေ့တိုင်း ဟင်းခါး သောက်ရတယ်တဲ့။ နေ့တိုင်းနီးပါး သောက်နေရတော့ မမလေးလည်း မသောက်နိုင်တော့ဘူးပေါ့” ကိုလှမောင်ကား သူသိခဲ့ရသမျှကို သိန်းတင်အားပြန်ပြောပြနေသည်။
“ကျုပ်ကတော့ အမျိုးစုံလုပ်သောက်တာပဲ ” သိန်းတင်တစ်ယောက် သူအဖြစ်ကို သူ ကျေနပ်နေမိသည်။
” ကိုကိုလေးက ရော ဘာမှ ဝင်မပြောဘူးလား။ မမလေးကရော သူစားချင်တာ ကို မပြောဘူးလား”
” ကိုကိုလေးက သူ့အမေသဘောပေါ့။ ရှေးလူကြီးဆိုတော့လည်း ရှေးက အယူအဆတွေပေါ့။ ဟိုဟာမစားရဘူး ကလေး လေထမယ်။ ဒီဟာ မစားရဘူး ကလေး သန်ထမယ်နဲ့ မမလေးက အစားအသောက် သိပ်ကို ဆင်းရဲရှာတယ်”
“သူတို့က ခေတ်ပညာတတ်တွေ ဖြစ်ပြီး ဒါလောက်လေးတောင် မသိဘူးဆိုတော့ အံပါရဲ့တော် ”
သိန်းတင်တစ်ယောက် လှမ်းပြီး အပြစ်တင်လိုက်သည်။
“ကလေးက ခဏခဏဖျားတော့ ဒီနေ့ဆေးခန်းသွားပြတယ်လေ။ ဆရာဝန်က မမလေး ကို အစားရှောင်လို့ ကလေး ခဏခဏ ဖျားတာဆိုပြီး ပြောတယ်တဲ့။ မမလေးကို အစားမရှောင်ဖို့လည်း မှာလိုက်တယ်။ မမလေးက ဆေးခန်းထဲမှာ ငိုတောင်ငိုတယ်တဲ့။ ”
“ကိုကိုလေးရော မသိဘူးလား ”
” ကိုကိုလေးကိုလည်း ဆရာဝန်မကြီးက သေချာရှင်းပြလိုက်တယ်။ နို့တိုက်မိခင်တစ်ယောက်ကို အစားအစာ ကို အဟာရပြည့်အောင်ကျွေးမွေးဖို့နဲ့ အားရှိအောင်ထားဖို့မှာလိုက်တာပေါ့”
” ကိုကိုလေးက ဆရာဝန်မကြီး စကားကို နားထောင်ပါ့မလား”
” နားထောင်မယ်လို့တော့ ထင်တာပါပဲ။ ကိုကိုလေး လည်း သူ့အမေကို သေသေချာချာ ပြန်ရှင်းပြမယ်လို့ပြောနေတယ်.”
“ကျုပ်က မမလေးထက်စာရင် ကံကောင်းတယ်လို့ပြောလို့ရတာပေါ့နော် ”
” အေးပေါ့” ကိုလှမောင်တစ်ယောက် ဆေးပေါလိပ်ကို ဖွာရင်း သိန်းတင်ကို ပြန်ပြေလိုက်သည်။
သိန်းတင်တစ်ယောက် ထမင်းဝိုင်းသိမ်းရင်း ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးတောနေမိသည်။ မိဘက သဘောတူသော ကိုလှမောင်ကို လက်ထပ်ခဲ့သည်။ ကိုလှမောင်က ရိုးရိုးသားသား မိမိတို့သားအမိပေါ်တွင် တာဝန်ကျေပွန်လှသည်။ ကိုယ်ဝန်ဆောင်စဉ်တွင်လည်း သိန်းတင်တစ်ယောက် အဟာရရှိတာများကို ကျွေးမွေးခဲ့သည်။ ယခု ကလေးနို့တိုက်နေစဉ်တွင်လည်း ကိုလှမောင်တစ်ယောက် ချိုးခြံ ချွေတာ၍ သားနှင့် မယားအား ကျွေးမွေးနေသည်ကို သိန်းတင်တစ်ယောက်အသိ။ မိမိအဖြစ်ကို မိမိ ကျေနပ်နေမိသော သိန်းတင်တစ်ယောက် ကလေးနို့ဆာလို့ အော်မှပဲ အတွေးစရပ်ကာ ကလေးဆီ အပြေးနှင်ခဲ့သည်။
ကိုလှမောင်က ကလေးကို အရင် ကောက်ချီပြီးပြီ။
” နို့ဆာလို့ထင်တယ်။ နို့တိုက်လိုက်ဦး” ကိုလှမောင် က ကလေးကို သိန်းတင်လက်ထဲ ထည့်လိုက်သည်။
ကလေးကို ကြည့်၍ သိန်းတင်တစ်ယောက် ကြည်နုးနေမိသည်။ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့ မိခင်နို့တိုက်ကျွေးရသည်။ ထိုမိခင်နို့တွင် အဟာရပြည့်ဝစွာ ပါဝင်ဖို့ အရေးကြီးကြောင်း မိမိလို လူတစ်ယောက်ကတောင် သိပြီး မမလေး ယောက္ခမက ဘာကြောင့် မသိရသလဲဆိုတာကို သိန်းတင်တစ်ယောက် စဉ်းစားလို့မရဖြစ်နေသည်။ သူလည်း ယောက္ခမနှင့် နေရလျှင် မမလေးလိုပဲ အစားဆင်းရဲဖြစ်နေမလားစဉ်းစားရင်း ကိုလှမောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကိုလှမောင်ကား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်။
Author : Dr. အေးချမ်းမိုး