စားလို့ရတဲ့ပင်လယ်ရေညှိဟာ ရေငံဒေသတဝိုက်မှာ ပေါက်ရောက်တတ်ပါတယ်။ စားလို့ရတာ ၆ မျိုးလောက်ရှိပြီး လူကိုအကျိုးပြုတဲ့ဓာတ်တွေ အစုံအလင်ပါဝင်ပါတယ်။ အစားအသောက်တွေမှာ ရေညှိကိုထည့်သွင်းတွဲဖက်စားသုံးတာ ( ဥပမာ ဆူရှီ)ဟာ ကိုယ်အလေးချိန်ကို လျော့ကျစေပါသတဲ့။ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလန်းကိုအကျိုးပြုသလို အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မြန်မာပြည်မှာလည်း ခုဆို ဆူရှီဟာ လူအတော်လေးကြိုက်တဲ့အစားအစာတခုအဖြစ် ရပ်တည်နေတာတွေ့နိုင်ပါတယ်။ ရေညှိမှာလူနဲ့မတည့်တဲ့အချက် အတော်လေး ရှားပါတယ်။
ရေညှိစားတာ ဘာတွေကောင်းသလဲ?
၁) အာဟာရဓာတ်ပြည့်စုံကြွယ်ဝခြင်း
ရေညှိမှာ အာဟာရဓာတ်တွေ အစုံအလင်နီးပါးကို ပါပါတယ်။ ဘာတွေပါလည်းဆိုတော့
- အသားဓာတ်
- ကစီဓာတ်
- အမျှင်ဓာတ်
- သတ္ထုဓာတ်နဲ့
လူကို ကောင်းကျိုးဖြစ်စေတဲ့အဆီတွေ ပါပါတယ်။ Vit A,B,C,E နဲ့ သံဓာတ် အိုင်အိုဒင်းဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် Antioxidant ပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေလျော့ကျစေပြီး အရွယ်တင်နုပျိုစေပါတယ်။
၂) သိုင်းရွိုက်ဂလန်းအား ပုံမှန်လုပ်ဆောင်စေနိုင်ခြင်း
သိုင်းရွိုက်ကထုတ်တဲ့ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ကြီးပုံမှန်လည်ပတ်နိုင်ဖို့ အရေးပါပါတယ်။ အဲ့ဒီဟော်မုန်းတွေထွက်ဖို့ အိုင်အိုဒင်းဓာတ်ကို လိုပါတယ်။ ရေညှိမှာ အိုင်အိုဒင်းအလျှံအပယ်ပါရှိတာကြောင့် အိုင်အိုဒင်းချို့တဲ့လို့ဖြစ်တဲ့လည်ပင်းကြီးရောဂါကနေ ကာကွယ်ပေးပါတယ်။ တစ်ခုသတိထားရမှာက လည်ပင်းဟော်မုန်းများတဲ့ရောဂါရှင်တွေ(Hyperthyroidism) ကတော့ အိုင်အိုဒင်းဓာတ်အများကြီး မစားသင့်ဘူးဆိုတာကိုပါ။
၃) ဆီးချိုရောဂါသက်သာစေခြင်း
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ဆီးချိုရောဂါသည်တွေနဲ့ အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်းအချိုဓာတ်မတက်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆူရှီလိုမျိုး အမျှင်ဓာတ်အများကြီးပါတဲ့အစားအစာတွေစားသင့်ပါတယ်။
၄) အစာအိမ်နဲ့အူလမ်းကြောင်းကိုသန့်စင်ပေးနိုင်ခြင်း
ရေညှိစားခြင်းဟာ အစာကြေလွယ်စေပြီး အူလမ်းကြောင်းမှာရောဂါပိုးတွေမခိုအောင်းနိုင်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဝမ်းခဏခဏချုပ်တတ်တဲ့သူတွေရော ဝမ်းခဏခဏလျောတတ်တဲ့သူတွေရောအတွက် သင့်တော်ပါတယ်။
၅) ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း
ဝလွန်းလို့ ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက်လည်း ရေညှိဟာ အထူးကောင်းမွန်ပါတယ်။ သူ့မှာပါတဲ့အမျှင်ဓာတ်ဟာ ဗိုက်ပြည့်တဲ့ခံစားမှုကို ရစေလို့ အပိုတွေထပ်မစားဖြစ်တော့တာကြောင့်ပါ။
၆) နှလုံးကိုကာကွယ်ပေးခြင်း
ရေညှိဟာ သွေးတွင်းကိုလက်စထရောဓာတ်ကို လျော့ချပေးတဲ့အပြင် သူကိုယ်တိုင်ကလည်း ကယ်လိုရီအနည်းငယ်သာပါဝင်ပါတယ်။ ဒါကြောင့်နှလုံးသွေးကြောကျဉ်းရောဂါတွေမဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒီနေ့ခေတ်ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုအဖြစ် ရေညှိဟာ ရေပန်းစားနေပါပြီ။ ဒါကြောင့် မြန်မာပြည်သူတွေလည်း ရေညှိရဲ့ အကျိုးအာနိသင်ကို သိနိုင်စေဖို့ရာ ရေးသားဝေမျှလိုက်ခြင်းပဲဖြစ်ပါတယ်။
Author: Dr.KG