အသည်းဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လူတိုင်း နေ့စဉ်နဲ့အမျှ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အသည်းကျန်းမာရေးက အဓိကကျပါတယ်။ အသည်းဟာ ခန္ဓာကိုယ်တွင်းလုပ်ငန်းဆောင်တာတွေ ပုံမှန်ဖြစ်စေဖို့ နေ့စဉ် ၂၄ နာရီပတ်လုံး လုပ်ဆောင်နေပါတယ်။
အသည်းရဲ့ အဓိကကျတဲ့ လုပ်ငန်းဆောင်တာတွေအနေနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဓာတုဗေဒအဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ဆေးဝါးအမျိုးမျိုးကို ဖြိုခွဲပေးခြင်း၊ အစာခြေဖျက်ရာမှာလိုအပ်တဲ့ အင်ဇိုင်းဓာတ်တွေကို ထုတ်လွှတ်ပေးခြင်း၊ အဆီဓာတ်ခြေဖျက်ဖို့ သည်းခြေရည်ထုတ်လွှတ်ပေးခြင်း၊ အသားဓာတ်ဖွဲ့စည်းခြင်း၊ ကစီဓာတ်ကို သိုလှောင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း စတာတွေအပြင် ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အခြားသောလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။
ဘယ်လိုအရာတွေက အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်သလဲ?
အသည်းကျန်းမာရေးက လူတိုင်းရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံပေါ်မှာ မူတည်ပါတယ်။ အောက်ပါအချက်တွေက အသည်းကို ထိခိုက်စေနိုင်ပြီး အချိန်ကြာလာရင်တော့ အသည်းကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။
• အရက်အလွန်အကျွံသောက်သုံးခြင်း၊
• ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်း၊
• ဆေးဝါးတွေကို မဆင်မခြင်သောက်သုံးခြင်း၊
• ဆေးလိပ်သောက်ခြင်း၊
• အိပ်ရေးပျက်ခြင်း၊
• အဝလွန်ခြင်း စတာတွေအပြင်
• အသည်းကိုထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်လာခြင်း (ဥပမာ – အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး)နဲ့ အသည်းရောဂါအမျိုးမျိုးဖြစ်ခြင်း စတဲ့အချက်တွေကြောင့် အသည်းကျန်းမာရေးထိခိုက်ပျက်စီးလာနိုင်ပါတယ်။
အသည်းကျန်းမာရေး ကောင်းမွန်စေဖို့
အသည်းကျန်းမာရေး ကောင်းမွန်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ဒါ့ပြင် သာမန်လူတွေအပြင် အသည်းရောဂါအခံတစ်ခုခု ရှိနေသူတွေအနေနဲ့ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အသည်းကိုအားဖြည့်ပေးတဲ့ ဖြည့်စွက်အာဟာရဓာတ်တွေကိုလည်း မှီဝဲသောက်သုံးသင့်ပါတယ်။
Author: ဒေါက်တာကောင်း (ဆေး – ၂)