လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်အားဖြင့် သွေးပမာဏ ၅ လီတာခန့် ရှိပြီး သွေးကြောပေါင်း မြောက်မြားစွာက ထိုသွေးတွေကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်သယ်ဆောင်ကာ အောက်ဆီဂျင်နဲ့ အာဟာရတွေကို ဆဲလ်တွေဆီ ရောက်အောင် ပို့ဆောင်ပေးပါတယ်။
အကယ်၍ သွေးတွေက ပျစ်နေမယ်၊ ခဲနေမယ် ဆိုရင်တော့ သွေးစီးဆင်းမှု နှေးတာ၊ သွေးခဲဖြစ်ကာ သွေးကြောပိတ်ပြီး သွေးမလျှောက်တော့တာတွေ ဖြစ်လာပါလိမ့်မယ်။
သွေးတွေပျစ်လာတာကို ဆေးပညာမှာ Hyperviscosity syndrome လို့ ခေါ်ပါတယ်။ သွေးပျစ်၊ သွေးခဲတာကို မကုသဘဲ ထားရင် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်နိုင်ပါတယ်။
ဘာ့ကြောင့် သွေးပျစ်တာလဲ?
ခန္ဓာကိုယ်ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးတွင်းပရိုတင်း စတာတွေ ပုံမှန်ထက် ပိုများနေရင် သွေးပျစ်လာပါလိမ့်မယ်။
• Waldenstrom macroglobulinemia လို့ခေါ်တဲ့ ရောဂါရှိတဲ့သူတွေရဲ့ ၃၀% ခန့်ဟာ သွေးပျစ်ခြင်းကို ခံစားရတတ်ပါတယ်။ (Waldenstrom macroglobulinemia က အဖြစ်နည်းတဲ့ ရောဂါပါ)။
သွေးပျစ်စေတဲ့ တခြားအကြောင်းတွေက
• Acute myeloid leukemia (AML) လို့ခေါ်တဲ့ သွေးကင်ဆာ
• Leukemia သွေးဖြူဆဲလ်ကင်ဆာ
• နှလုံးလေးဘက်နာ၊ သွေးလေးဘက်နာ ရောဂါ
• သွေးဥမွှားတွေ အဆမတန် များနေတတ်တဲ့ Essential thrombocythemia ရောဂါ
• Polycythemia vera လို့ခေါ်တဲ့ သွေးနီဥတွေ များတဲ့ရောဂါ
• Cryoglobulinemia လို့ခေါ်တဲ့ သွေးထဲမှာ ပရိုတင်းတွေ များနေတဲ့ ရောဂါ
• Paraneoplastic syndrome (ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ရမယ့်အစား ပုံမှန်ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ ရောဂါ)
• Multiple myeloma လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီထဲမှာ သွေးရည်ကြည် ကင်ဆာဆဲလ်တွေ ဖြစ်လာတဲ့ရောဂါ နဲ့
• ခန္ဓာကိုယ်က တစ်ရှူးတွေထဲမှာ အောက်ဆီဂျင် ပြတ်လပ်သွားတဲ့
• အခါ (chronic hypoxia) တွေမှာ သွေးပျစ်ခြင်း ဖြစ်တတ်ပါတယ်။
• မွေးကင်းစကလေးတွေမှာလည်း Down syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါ ရှိခဲ့ရင်၊ မွေးရာပါ ရောဂါတွေ ရှိရင်၊ အမေက ကိုယ်ဝန်ဆောင်ဆီးချို ရှိရင်၊ ချက်ကြိုးကို ညှပ်တာနောက်ကျရင်၊ အမွှာကလေးတွေ ကိုယ်ဝန်ဆောင်ချိန် ချက်ကြိုးမှာ မူမမှန်တဲ့ သွေးကြောတွေ ဖြစ်ပေါ်ပြီး တယောက်ကနေ တယောက်ကို သွေးစီးဆင်းမှု ရှိခဲ့ရင် သွေးပျစ်ခြင်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများ…
*ခေါင်းကိုက်ခြင်း
*တက်ခြင်း
*အသားအရေ နီရဲနေခြင်း
*ရင်ဘတ်အောင့်ခြင်း
*အသက်ရှူမဝခြင်း
*အကြားအာရုံ ထိခိုက်ခြင်း၊ နားအူခြင်း
*အမြင်အာရုံ ချို့တဲ့ခြင်း
*သွေးထွက်ခြင်း (ဥပမာ…နှာခေါင်းသွေးယိုတာ၊ သွားဖုံးသွေးယိုတာ)
*လမ်းမလျှောက်နိုင်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပြီး အချိန်မီကုသမှု မခံယူရင်
*ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်း
*နှလုံးသွေးကြောပိတ်ပြီး နှလုံးပျက်စီးခြင်း
*ကျောက်ကပ်သွေးကြောပိတ်ပြီး ကျောက်ကပ်ပျက်စီးခြင်းကနေ အသက်အန္တရာယ် ရှိတဲ့ထိ ဖြစ်နိုင်ပါတယ်။
သွေးပျစ်ခြင်းမှန်း သေချာသိနိုင်ဖို့က သွေးဖောက်ပြီး စစ်ဆေးမှုရန် လိုအပ်ပါတယ်။
ကုသမှု…
ကုသမှုအနေနဲ့ နောက်ခံအကြောင်းရင်းပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ သွေးပျစ်တဲ့အခါ ရေဓာတ် ဆိုးဆိုးဝါးဝါး ခန်းခြောက်နိုင်လို့ သွေးကြောမှတဆင့် ရေဓာတ်ပြန်ဖြည့်ပေးဖို့ အရေးကြီးပါတယ်။
Plasmapheresis လို့ခေါ်တဲ့ သွေးရည်ကြည် လဲလှယ်ကုသခြင်း လုပ်လေ့ရှိသလို chemotherapy (ခီမိုဆေးသွင်းခြင်း) လည်း လုပ်လေ့ရှိပြီး သွေးအထူးကု၊ ကျောက်ကပ်အထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုတွေ ပူးပေါင်းကုသတတ်ကြပါတယ်။
အချိန်မီကုသမှု ခံယူရင် သွေးပျစ်တာက ပြန်ကောင်းနိုင်ပါတယ်။ နောက်ခံရောဂါတွေကြောင့် နောက်တချိန် ပြန်ဖြစ်နိုင်ခြေလည်း ရှိတာမို့ ဂရုပြုဖို့တော့ လိုပါမယ်။
သွေးပျစ်ရာက သွေးခဲတာက အဖြစ်မများလှပေမယ့် အချိန်မီ ကုသမှုမခံယူရင် ကြီးမားတဲ့ဆိုးကျိုးတွေ ဖြစ်နိုင်တာမို့ အထက်မှာ ပြောခဲ့တဲ့ ရောဂါတွေ ရှိနေခဲ့ရင်၊ သွေးပျစ်ခြင်းလို့ သံသယရှိစရာ ရောဂါလက္ခဏာတွေ ပြနေခဲ့ရင် နှောင့်နှေးမနေဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပေးချင်ပါတယ်။
Author: Dr.Yee Mon