မျက်နှာပေါ်မှ အမဲစက်တွေဟာ သင့်ကိုမှန်ကြည့်တိုင်း စိတ်အနှောင့်အယှက်ဖြစ်စေသလို မိမိကိုယ်ကိုယုံကြည်မှု ကျဆင်းစေပါတယ်။ အမဲစက်တွေ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းကတော့ သင်ကအသားညိုသူဖြစ်စေ၊ အသားဖြူသူဖြစ်စေ၊ သင်တို့ရဲ့အရေပြားတွင် Melanin လို့ခေါ်တဲ့ ရောင်ခြယ်ဓာတ်ကြောင့်ဖြစ်ပါတယ်။ Melanin ကို အရေပြားအောက်တွင်ရှိသော Melanocytes လို့ခေါ်တဲ့ ဆဲလ်လေးများမှ ထုတ်ပေးပါတယ်။ Melanin ဓာတ်ဟာ သင့်အသားအရေအရောင်ရင့်အောင် လုပ်ဆောင်ပေးပါတယ်။ Melanin ဓာတ်များ ပိုထုတ်သည့်အခြေအနေများတွင် ထိုဓာတ်များ အနည်ထိုင်တဲ့အခါ အမဲစက်များ ထွက်ပေါ်လာပါတော့တယ်။
မျက်နှာပေါ်အမဲစက်များထွက်စေသော အဓိကအကြောင်းအရင်းများကတော့ –
(၁) နေရောင်ခြည်
မျက်နှာပေါ်အမဲစက်ထွက်စေခြင်းဖြစ်စေတဲ့ ပထမဆုံးအကြောင်းအရင်းကတော့ နေရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ အသားအရေကိုပျက်စီးစေသော နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV rays) များနှင့် ထိတွေ့တဲ့အခါMelanocytes များမှ Melanin ဓာတ်ကို ပိုမိုထုတ်လုပ်ပေးပါတော့တယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ Melanin ဓာတ်တွေဟာ သဘာဝ နေရောင်ကာ Sunscreen အနေနဲ့ လုပ်ဆောင်ပေးပြီး UV rays များကို စုပ်ယူချေဖျက်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Melanin ဓာတ်များ လွန်စွာစုပုံအနည်ကျလာတဲ့အခါ အမဲစက်များ မျက်နှာပေါ်မှာ ထွက်လာကြပါတော့တယ်။ ဒါဟာ အချိန်ကာလတစ်ခုအကြာတွင် ဖြစ်ပေါ်လာလေ့ရှိပြီး အများအားဖြင့် အသက် (၅၅)နှစ် အထက်တွင် အများဆုံးတွေ့ရလေ့ရှိပါတယ်။ နေရောင်ခြည်ဟာ အမဲစက်ထွက်စေတဲ့ ပင်မအကြောင်းအရင်းတစ်ခုဖြစ်ရုံသာမက မှဲ့ခြောက်၊ သက်ကြီးအညိုကွက်များ၊ အစက်များနှင့် တင်းတိတ်များကိုပါ ဖြစ်စေပါတယ်။ ထို့ကြောင့်လည်း အမဲစက်များ၊ မှဲ့ခြောက်များနှင့် တင်းတိတ်ကွက်များကို နေရောင်အထိဆုံးဖြစ်သော မျက်နှာ၊ ခြေ၊ လက်၊ ကျောနှင့် ပခုံးတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ နေပူထဲထွက်ပြီး အလုပ်လုပ်ရသူများတွင် ပိုမြင်တွေ့နိုင်ပါတယ်။
(၂) ဟော်မုန်း
ဟော်မုန်း level အပြောင်းအလဲ အတက်အကျဖြစ်တဲ့အခါ ဘေးထွက်ဆိုးကျိုးကတော့ Melasma လို့ခေါ်တဲ့ တင်းတိတ်ကွက်များ ထွက်လာခြင်းပဲဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်သည့်အခါနှင့် ဟော်မုန်းဆေးများသောက်နေတဲ့အခါ (ဥပမာ-ကိုယ်ဝန်တားဆေးများ) တွင် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဟော်မုန်း level တက်နေတဲ့အခါ Melanocytes များကို လှုံ့ဆော်ပေးပြီး Melanin ဓာတ်များ ပိုထွက်စေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း cholasma လို့ခေါ်တဲ့ အမဲကွက်များကို ကိုယ်ဝန်ဆောင်တဲ့အခါ နှဖူး၊ နှာခေါင်း၊ ပါးနှင့် မေးရိုးများတွင် ပေါ်ထွက်လာတတ်ပါတယ်။ Cholasma အမဲကွက်များကတော့ ကလေးမီးဖွားပြီး ဟော်မုန်းပမာဏ ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ ထို့အပြင် နေရောင်ခြည်နှင့် အပူဓာတ်တွေဟာ ဟော်မုန်းကြောင့်ဖြစ်သော အမဲစက်နှင့် အမဲကွက်တွေကို ပိုဆိုးစေတဲ့အတွက် သင်ဟာ အမဲစက်နှင့် Melasma လို့ခေါ်တဲ့ တင်းတိတ်တွေရှိနေသူဖြစ်မယ်ဆိုရင် ချွေးထုတ်ခန်းဝင်မယ်၊ Hot Yoga ဆော့ဖို့ ရည်ရွယ်ထားပါက သင့်အသားအရေအတွက် တစ်ချက်လေးပြန်စဉ်းစားဖို့ လိုပါတယ်။
(၃) ရောင်ရမ်းခြင်း
အမဲစက်များဟာ တစ်ခါတစ်ရံ အရေပြားရောင်ရမ်းခြင်း (သို့မဟုတ်) အရေပြားထိခိုက်ဒဏ်ရာရပြီးနောက် ပေါ်ထွက်လာတတ်ကြပါတယ်။ အထူးသဖြင့် ဝက်ခြံ၊ ezema လို့ခေါ်တဲ့ အရေပြားရောင်ရမ်းခြင်း အခြေအနေများနှင့် ဓာတ်မတည့်ခြင်း allergic စတဲ့ အခြေအနေများဖြစ်ပြီးနောက် ထွက်လာလေ့ရှိပါတယ်။ ရောင်ရမ်းခြင်း အခြေအနေများဖြစ်ပေါ်ပြီးနောက် အမဲစက်များထွက်လာခြင်းဟာ အရေပြားရဲ့ သဘာဝတုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အရေပြားဟာ ဒဏ်ရာရပြီးနောက် ရောင်ရမ်းခြင်းဖြစ်ပြီး melanin ဓာတ်များ ပိုထုတ်ပေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံများထွက်ပြီးနောက် အမဲစက်များကျန်တတ်လေ့ရှိတာကို အများဆုံးတွေ့ရပါတယ်။ ရောင်ရမ်းခြင်းပိုဆိုးလေ အမဲစက်ပိုကြီးကြီးကျန်လေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝက်ခြံထွက်တဲ့အခါ ဝက်ခြံကိုမဆွမိအောင် သတိထားခိုင်းခြင်း ဖြစ်ပါတယ်။
(၄) အသက်အရွယ်
အသက်ကြီးလာလေလေ မျက်နှာပေါ်မှာ အမဲစက်များ ဖြစ်ပေါ်လာနိုင်လေလေ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အသက်ကြီးရင့်လာတဲ့အခါMelanocytes ဆဲလ်များ အရေအတွက်နည်းပါးလာသော်လည်း အရွယ်အစားပိုကြီးလာပြီး Melanin ပိုထုတ်လာသောကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါ ကျွန်မတို့အရေပြားတွေဟာ ပိုပါးလာပြီး ပိုဖျော့လာတဲ့အတွက် အမဲစက်များပိုပေါ်လွင်လာပါတယ်။ ဒါ့ကြောင့် အသက် (၅၅) နှစ်အထက် လူကြီးအရွယ်တော်တော်များများမှာ မျက်နှာပေါ်တွင် အမဲစက်များ ပိုသိသာများပြားလာလေ့ရှိတယ်လို့ ဆိုပါတယ်။
မျက်နှာပေါ်အမဲစက်မဖြစ်စေရန်နှင့် သက်သာစေရန်အတွက် –
(၁) နေရောင်ကာပါ
နေရိပ်ထဲတွင် တတ်နိုင်သမျှနေပါ။ နေပူထဲထွက်ရင် ဉီးထုပ်နှင့် UV ကာသော Sunscreen တစ်မျိုးမျိုးလိမ်းပါ။ SPF အနည်းဆုံး (၂၀)ပါတဲ့ Sunscreen ကို ရွေးချယ်လိမ်းပေးပါ။ နေရောင်အပြင်းဆုံးဖြစ်သော နံနက် (၁၀)နာရီမှ နေ့လယ် (၃)နာရီအတွင်း နေပူထဲထွက်ခြင်းရှောင်ပါ။
(၂) ပူစေသာ ပတ်ဝန်းကျင်ကိုရှောင်ပါ
ဥပမာ – Hot yoga ၊ ချွေးထုတ်ခန်းဝင်ခြင်း
(၃) Viamin C ကို အသုံးပြုပါ
Vitamin C က Melanin ထုတ်လုပ်မှုကို နှောက်ယှက်တာကြောင့် အမဲစက်သက်သာလိုသူများ၊ ကာကွယ်လိုသူများ အသုံးပြုနိုင်ပါတယ်။ Vitamin C ပါသော Serum တွေဟာ သင့်မျက်နှာပေါ်တွင်ရှိနေသော အမဲစက်များကို သက်သာစေပါတယ်။
(၄) အခြားနည်းလမ်းများ
– Hydroquinone Creams နှင့် Serum များ အသုံးပြုခြင်း
– Retinoids ပါသော ထုတ်ကုန်များ အသုံးပြုခြင်း
- လေဆာကုသမှုများနှင့် peeling လုပ်ခြင်း
– Exfolliation လို့ခေါ်တဲ့ ဆဲလ်သေများဖယ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
Author – Dr. Yin Yin Win