မိတ်ကပ်တွေအများကြီးလိမ်းစရာမလိုဘဲ သဘာဝကျကျလှပစိုဝင်းတဲ့ မျက်နှာလေးဖြစ်ဖို့ဆိုတာ အမျိုးသမီးတိုင်း တန်ဖိုးထားတဲ့အရာတစ်ခုပါ။ အဲ့လိုသဘာဝကျကျ စိုပြေလှပတဲ့ မျက်နှာလေးဖြစ်ဖို့ ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ စိုပြေလှပတဲ့ မျက်နှာအသားအရေပိုင်ဆိုင်မှုရဲ့ နောက်ကွယ်မှာရှိတဲ့ အဓိကအချက်ကတော့ အိပ်စက်ခြင်းပါ။
သုတေသနလေ့လာချက်တွေအရ ညဘက်မှာ Anti-aging လို့ခေါ်တဲ့ အရွယ်တင်နုပျိုစေတဲ့ ဓာတ်လေးတွေဟာ ခန္ဓာကိုယ်ကနေ ထုတ်လွှင့်ပေးပါတယ်။ အဲဒီဓာတ်လေးတွေဟာ မျက်နှာမှာအရေးအကြောင်းဖြစ်ပေါ်မှုကို လျော့ကျစေပြီး မျက်နှာအသားအရေ တင်းတင်းရင်းရင်းနဲ့ လှပအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် အိပ်ချိန်မှန်ဖို့ဆိုတာ မျက်နှာအသားအရေအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
လူတစ်ယောက်မှာ အိပ်ချိန်မမှန်ဘူး၊ အိပ်ရေးဝဝမအိပ်ရဘူးဆိုရင် မျက်နှာအသားအရေ ဘယ်လိုပြောင်းလဲမှုရှိလဲဆိုတာ ဆက်ပြီးကြည့်ကြည့်ရအောင်။ သုတေသနလေ့လာချက်တွေအရ – တစ်ညတာ ကောင်းကောင်းအိပ်စက်အနားယူမှု မရဘူးဆိုလျှင် မျက်ကွင်းတွေညိုလာမယ်။ မျက်လုံးတဝိုက်အရေးအကြောင်းတွေ ထင်းလာမယ်၊ မျက်လုံးအရောင် စိုစိုပြေပြေမရှိတော့ဘဲနဲ့ အားနည်းနေသလိုခံစားရမယ်၊ အသားအရေတွေလည်း ခြောက်လာမယ် စတဲ့ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာကို တွေ့ရပါတယ်။
အဲ့ဒါကြောင့် မနက်တိုင်း မျက်နှာလေးစိုဝင်းပြီး လှပစေဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်လေးတွေကတော့
(၁) ညဘက်အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝအိပ်ပေးပါ
အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝ အိပ်မယ်ဆိုလျှင် – ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုတွေ ဟော်မုန်းတွေကို ကျဆင်းစေပြီး အိုမင်းရင့်ရော်မှုကို လျော့နည်းစေတဲ့အတွက် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ မျက်နှာအသားအရေ စိုပြေလှပဖို့အတွက် ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။
(၂) မျက်နှာသေချာသန့်စင်ပြီးမှ အိပ်ရာဝင်ပါ
မျက်နှာမသန့်စင်ဘဲ အိပ်ရာဝင်တာလည်း အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အဓိကအချက်တစ်ခုပါ။ အဲ့ဒါကြောင့် ညစဉ် မျက်နှာသစ်ဆပ်ပြာအပြင် မျက်နှာသန့်စင်ဆေးရည်နဲ့ ဂရုတစိုက် သေချာသန့်စင်ပေးမှ မျက်နှာအသားအရေအတွင်းပိုင်းအလွှာထိ သန့်စင်စေပြီး နောက်တစ်နေ့မနက်မှာ ကြည်ကြည်လင်လင်နဲ့ လှပနေတဲ့ မျက်နှာလေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ မျက်နှာမသန့်စင်ဘဲ အိပ်ရာဝင်တဲ့ရက်တွေ ကြာလာတဲ့အခါ ချွေးပေါက်ကျယ်လာခြင်း၊ အသားအရေခြောက်သွေ့လာခြင်း၊ အနီစက် အမဲစက်တွေ ပေါ်လာခြင်း၊ ဝက်ခြံတွေ အများအပြားထွက်လာခြင်း စတဲ့ ဆိုးကျိူးတွေ ခံစားရနိုင်ပါတယ်။
(၃) ရေဓာတ်လုံလောက်မှုရှိပါစေ
ခန္ဓာကိုယ်မှာ တစ်နေ့တာ လိုအပ်တဲ့ ရေဓာတ်ပမာဏ ပြည့်ဝနေမှ ခန္ဓာကိုယ်အတွင်းအင်္ဂါတွေရော ခန္ဓာကိုယ်ပြင်ပ အရေပြားအလွှာများပါ ကျန်းမာလှပနေမှာပါ။ အဲ့ဒါကြောင့် တစ်နေ့ရေဖန်ခွက် ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကိုလည်း နေ့စဉ်ပုံမှန်စားပေးပါ။
(၄) အိပ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိပါစေ
မိမိအိပ်တဲ့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စတဲ့ အိပ်ရာပတ်ဝန်းကျင်ကို တစ်ပတ်တစ်ခါ ပုံမှန်မလဲပေးဘူးဆိုလျှင် ဗက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနိုင်ပြီး မျက်နှာမှာ ဝက်ခြံတွေထွက်တာ၊ မျက်နှာအသားအရောင် မညီတာ စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ အိပ်ရာပတ်ဝန်းကျင် သန့်ရှင်းမှုရှိအောင် အထူးဂရုစိုက်သင့်ပါတယ်။
(၅) ညစဉ် Skin Care မှန်မှန်လုပ်ပါ
နေ့ဘက်မှာ နေလောင်ခံခရင်မ်တွေ၊ အစိုဓာတ်ထိန်းပေးတဲ့ moisturizer တွေ ဘယ်လောက်လိမ်းပေးလိမ်းပေး ညဘက်မှာ မျက်နှာအသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘူးဆိုရင် စိုဝင်းလှပတဲ့ မျက်နှာပိုင်ရှင်လေး မဖြစ်နိုင်ပါဘူး။ ညဘက်မှာအစိုဓာတ်ထိန်းပေးတဲ့ moisturizer လိမ်းပေးတာမျိုး စတဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုမျိုး သေချာလေး ပြုလုပ်ပေးသင့်ပါတယ်။
(၆) အားကစားလှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ
နေ့စဉ် နာရီဝက်ခန့် အားကစားပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်ချွေးပေါက်ပွင့်စေပြီး သွေးလှည့်ပတ်မှုကောင်းစေကာ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အပြင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းစေပါတယ်။ အဲဒါကြောင့် အသားအရေလှပဖို့အတွက် အားကစားလုပ်ခြင်းကိုလည်း ထိန်ချန်ထားခဲ့လို့ မရပါဘူး။
အထက်ဖော်ပြပါ အချက်လေးတွေကိုသာ နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင် မနက်လင်းတိုင်း စိုဝင်းလှပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရရှိနိုင်မှာပါလို့ အကြံပြုလိုက်ပါတယ်။
Author: Dr.Khaing