ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အသက်ရှင်သန်ဖို့ အစာစားဖို့လိုတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားကိစ္စပါ။
ဒါပေမဲ့ လူတိုင်းမသိတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ ကျန်းမာစွာအသက်ရှင်ဖို့အတွက်ဆိုရင် ဗိုက်ပြည့်ရုံစားသောက်လိုက်ရုံနဲ့ မလုံလောက်ဘူးဆိုတဲ့အချက်ပါပဲ။
အစာအာဟာရချို့တဲ့ခြင်းက ရောဂါဘယထူပြောခြင်းဖြစ်ပေါ်စေပါတယ်။
အာဟာရချို့တဲ့ခြင်းရဲ့ အကြောင်းရင်းမှာတော့ မြန်မာနိုင်ငံမှာ အခြေခံအကျဆုံးအချက်က ဆင်းရဲချို့တဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီနေရာမှာ ချို့တဲ့ခြင်းက နှစ်မျိုးရှိပါတယ်။
ငွေကြေးချို့တဲ့ခြင်း ဖြစ်နိုင်သလို အသိဉာဏ်ပညာချို့တဲ့ခြင်းလည်း ဖြစ်နိုင်ပါတယ်။
တစ်ခုချင်းဖြစ်နိုင်သလို နှစ်ခုလုံးလည်း တွဲဖြစ်နိုင်ပါတယ်။
အသိပညာချို့တဲ့ခြင်းကိုတော့ ငွေကြေးမချို့တဲ့သူတွေမှာတောင် တခါတရံတွေ့ရတတ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ အစားအသောက်ကို အာဟာရတန်ဖိုး ပြည့်ဝတာတွေကို ရွေးချယ်စားသုံးဖို့လိုပါတယ်။
အာဟာရဓာတ်တစ်ခုတည်းပဲ ကြွယ်ဝနေလို့လည်း မဖြစ်သေးပါဘူး။
ဘယ် ဗီတာမင်၊ သတ္ထုဓာတ်မှ ချို့တဲ့ခြင်းမဖြစ်အောင် ဘယ်အာဟာရဓာတ်မှ မချို့တဲ့အောင် ကျွေးမွေးဖို့၊ စားသောက်ဖို့လိုပါတယ်။
အစာအုပ်စုတွေဆိုတာဘာလဲ ??
ဒီနေရာမှာ Macronutrients လို့ခေါ်တဲ့ ပမာဏများများလိုအပ်တဲ့ အာဟာရဓာတ်နဲ့ Micronutrients လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ပမာဏပဲလိုတဲ့ အာဟာရဓာတ်တွေရယ်လို့ အရင် ခွဲခြားရှင်းပြချင်ပါတယ်။
Macronutrients တွေကို အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။
– ကစီဓာတ်
နေ့စဉ်လိုအပ်တဲ့ ခွန်အားအတွက် ကစီဓာတ်က အဓိကဖြစ်ပါတယ်။
ဆန်၊ဂျုံ၊ပြောင်း၊အာလူးတွေက ရပါတယ်။ ဒီတော့ ထမင်းကျွေးရခက်နေတဲ့ ကလေးတစ်ယောက်ကို ဂျုံ၊ပြောင်း၊ အာလူးတွေကျွေးလိုက်ခြင်းက ကစီဓာတ်ချို့တဲ့မှုကိုပြေလည်စေမှာပါ။
– အဆီဓာတ်
အဆီဓာတ်ကတော့ ခွန်အားတွေသိုလှောင်ပေးထားပြီး ကစီဓာတ်မလုံလောက်ချိန်မှာ လိုအပ်ရင်ပြန်ဖြိုခွဲသုံးစွဲဖို့အတွက်ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ကတော့ အဆီဓာတ်က တချို့ဗီတာမင်တွေကို ခန္ဓာကိုယ်က စုပ်ယူတဲ့နေရာမှာ လိုအပ်ခြင်းပဲဖြစ်ပါတယ်။
အဆီဆိုပေမဲ့ ဟင်းချက်တဲ့ ဆီတစ်ခုထဲကိုပဲ မြင်လို့မရပါဘူး။ အသားငါးတွေက အဆီ၊ အစေ့အဆံတွေက အဆီတွေ၊ အုန်းသီးလို အသီးအနှံက ရတဲ့ အဆီတွေလည်း ပါဝင်ပါတယ်။
– အသားဓာတ်
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။
အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်ပါဝင်ပါတယ်။
Micronutrients တွေမှာတော့ ဗီတာမင်နဲ့ သတ္ထုဓာတ် အမျိုးပေါင်း (၃၀) ကျော်ပါဝင်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏကတော့ မများလှပါဘူး။
တစ်ခုစီတိုင်းမှာ ခန္ဓာကိုယ်အတွက် တာဝန်ကိုယ်စီရှိပြီးတော့ တစ်ခုခုချို့တဲ့တာနဲ့ ရောဂါလက္ခဏာတွေပြလာတတ်ပါတယ်။
အထူးသဖြင့် အသီးအရွက်၊ အသီးအနှံတွေ၊ အစေ့အဆံ၊ အစေ့အနှံတွေက ရရှိပါတယ်။
ဒီ Macronutrients နဲ့ Micronutrients တွေကို လူတွေအလွယ်တကူနားလည်အောင် အကျိုးကျေးဇူးတွေပေါ်မူတည်ပြီး အုပ်စုပြန်ခွဲရရင်တော့ (၃)ခုရှိပါတယ်။
၁ – ခွန်အားဖြစ်စေသောအစာများ (ကစီဓာတ်နဲ့ အဆီဓာတ်)
၂ – ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများ (အသားဓာတ်)
၃ – ရောဂါကာကွယ်စေသော အစာများ (ဗီတာမင်နဲ့ သတ္ထုဓာတ်) ရယ်လို့ဖြစ်ပါတယ်။
ဒီ (၃) အုပ်စုလုံးဟာ ကျွန်တော်တို့ နေ့စဉ်လိုအပ်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။
ဒီအစာအုပ်စုတွေ စုံလင်အောင် မစားခဲ့ရင် ချက်ချင်းတော့ မသိသာပေမဲ့ တဖြည်းဖြည်းနဲ့ ဘာချို့တဲ့တယ်ဆိုတာပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ပြလာမှာဖြစ်ပါတယ်။
ဒါကြောင့် အားရှိအောင် စားပါဆိုတာနဲ့ ထမင်းတွေပဲ အများကြီးစားလို့ မဖြစ်ပါဘူး။
အသီးအရွက်၊ အသား/ငါး၊ ပဲ၊ နို့၊ ဥ စသည်ဖြင့် စုံလင်အောင် စားပေးရပါမယ်။
ကလေးတွေဆိုရင် တစ်နေ့ကို ၃ နပ်ပြည့်ဝအောင် စားဖို့လိုသလို ကြားမှာ အဆာပြေမုန့် ၂ ကြိမ် ကျွေးပေးဖို့လိုပါတယ်။
နေ့စဉ် ပုံမှန် နို့တစ်မျိုးမျိုးတိုက်ဖို့လည်း လိုပါသေးတယ်။
အစာအုပ်စုထဲမှာ မထည့်ထားပေမဲ့ ရေဓာတ်ပြည့်ဝနေစေဖို့လည်း အမြဲဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
အစာအာဟာရပြည့်ဝနေမှလည်း နေ့စဉ်ခွန်အားအပြည့်နဲ့သွားလာလှုပ်ရှားနိုင်မှာဖြစ်သလို ရောဂါတွေကနေလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကလေးတွေလည်း အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်မြင့်မားလာမှာဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ…
Dr ဖြိုးဝေလင်း