Vitamin D သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများအတွက် လွန်စွာမှ အရေးကြီးပါသည်။ ထို့အပြင် ကလေးများကျန်းမာစေရန်နှင့် အရိုးအဆစ်များသန်မာစေရန် အရေးကြီးသော Calcium နှင့် Phosphate ဓါတ်များကို အစာအိမ်နှင့်အူလမ်းကြောင်းမှ စုပ်ယူခြင်းကို Vitamin D သည် အကူအညီ ပေးပါသည်။ သို့သော် Vitamin D ကို သဘာဝအစားအစာများတွင် အနည်းငယ်သာတွေ့ရှိရသောကြောင့် အစားအစာများမှ Vitamin D ကိုလုံလောက်စွာရရှိနိုင်ရန်ခဲယဉ်းပါသည်။
ထိုအခက်အခဲကို ဖြည့်ဆည်းရန် Margarine နှင့် ကလေးများသောက်သော ဖြည့်စွက်အာဟာရနို့မှုန့်များတွင် Vitamin D ကို ဖြည့်စွက် ထည့်သွင်းပေးထားပါသည်။ ထို့ကြောင့် ထိုအစားအစာများ ကို စားခြင်းအားဖြင့်လည်း Vitamin D ကိုရရှိနိုင်ပါသည်။
ထို့ပြင်အရေပြားပေါ်သို့ နေရောင်ခြည် ထိတွေ့သောအခါမှာ Vitamin D များခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာပါသည်။ Vitamin D ချို့တဲ့လျှင် ကလေးများတွင် အရိုးနှင့်ကြွက်သားပြဿနာများ အပြင် အခြားကျန်းမာရေးဆိုင်ရာပြဿနာ အများအပြားကိုလည်း ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားကြပါသည်။
Vitamin D ချို့တဲ့ခြင်း၏ လက္ခဏာရပ်များ
ကလေးများတွင် Vitamin D ချို့တဲ့လျှင် အရိုးနှင့်ကြွက်သားများ နာကျင်တတ်ပါသည်။ အလွန်အမင်း Vitamin D ချို့တဲ့လျှင် ကလေးအရိုးပျော့ရောဂါ ဖြစ်သည့် Rickets ကိုဖြစ်ပွားစေနိုင်ပါသည်။ Rickets ရောဂါတွင် ကလေးများ၏ ခြေထောက်သည် ပျော့ပျောင်းသောအရိုးများကြောင့် ခွေကာ လေးကိုင်းပုံစံကဲ့သို့ ဖြစ်နေတတ်ပါသည်။ ထို့အပြင် Vitamin D ချို့တဲ့ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းအတွင်း Calcium ၏ စုပ်ယူမှုကိုလည်း လျော့နည်းစေသဖြင့် ကလေးများ၏ ခန္ဓာကိုယ်အတွင်းတွင် Calcium ပမာဏ လျော့နည်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ Calcium ပမာဏလျော့နည်းခြင်း သည် ကလေးများတွင် ကြွက်တက်ခြင်းနှင့် အခြားအတက်ရောဂါများကို ဖြစ်စေနိုင်ပါသည်။
Vitamin D ချို့တဲ့ရန် အန္တရာယ်ရှိသော ကလေးများ
အောက်ပါအခြေအနေရှိသော ကလေးများသည် Vitamin D ချို့တဲ့နိုင်သည့် အန္တရာယ်ရှိနေပါသည်။
- အသားအရောင်မည်းသော ကလေးများ
အသားအရောင်မည်းသော ကလေးများ၏အရေပြားတွင် အမည်းရောင်ခြယ်ဖြစ်သည့် Melanin ပမာဏများပြားနေသောကြောင့် နေရောင်ခြည်ကို ရယူအသုံးပြု၍ Vitamin D ကို ထုတ်လုပ်ရန် အခြားကလေးငယ်များထက် အချိန်ပိုမိုလိုအပ်ပါသည်။ ထို့ကြောင့် Vitamin D မလုံလောက်မှုဖြစ်ပွားကာ ချို့တဲ့နိုင်သည့် အန္တရာယ်ရှိနိုင်ပါသည်။
- နေရောင်ခြည်ထိတွေ့မှုနည်းပါးသော ကလေးများ
အိမ်ထဲတွင်အနေများသော ကလေးများနှင့် အဝတ်အထည် အနှီးအကာများဖြင့် လုံခြုံစွာ သေချာထုပ်ပိုးထားသော ကလေးများတွင် နေရောင်ခြည်နဲ့ထိတွေ့နိုင်သည့် အခွင့်အလမ်းနည်းပါး သောကြောင့် Vitamin D ချို့တဲ့နိုင်သည့် အန္တရာယ်ရှိနိုင်ပါသည်။
- လမစေ့ ပေါင်မပြည့်ဘဲမွေးဖွားသော ကလေးများ
- အထက်ဖော်ပြပါ အချက်များထဲမှ တစ်ချက်ချက်နှင့် ကိုက်ညီသည့် အပြင် မိခင်နို့တိုက်ကျွေးနေသော ကလေးများ
မိခင်နို့သည်ကလေးများအတွက် အကောင်းဆုံးအစားအစာဖြစ်ပါ သည်။ သို့သော် ထိုမိခင်နို့တွင် လုံလောက်သော Vitamin D ပါ ဝင်ခြင်းမရှိပါ။ ကလေးများသည် ၎င်း၏ Vitamin D ကို ဘဝ၏ ကနဦးအစတွင် မိခင်နို့မှရရှိကာ အသုံးပြုကြပါသည်။ အကယ်၍ မိခင်၏နို့ရည်တွင် Vitamin D ပမာဏနည်းပါးနေပါက ကလေးများတွင်လည်း Vitamin D ချို့တဲ့နိုင်သည့် အလားအလာလည်း ရှိနိုင် ပါသည်။
- Vitamin D စုပ်ယူခြင်းနှင့် ခန္ဓာကိုယ်အတွင်း အသုံးပြုခြင်းဆိုင်ရာတွင် အခက်အခဲရှိနေ သောကလေးများ
ဥပမာ – အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအာဟာရများကို ကောင်းစွာမစုပ်ယူနိုင်သောရောဂါများရှိသော ကလေးများနှင့် Vitamin D စုပ်ယူမှုကို အနှောင့်အယှက်ပေးသော ဆေးဝါးများကို သုံးစွဲနေသော ကလေးများ စသည့် ကလေးများသည် Vitamin D ချို့တဲ့ရန် အန္တရာယ်ရှိသော ကလေးများဖြစ်ကြပါသည်။
ကလေးများတွင် Vitamin D ချို့တဲ့ခြင်းကို ဘယ်လိုကုသမလဲ
- Vitamin D ပါဝင်သော အားဆေးများနှင့် ဖြည့်စွက်အာဟာရများဖြင့် ကုသနိုင်ပါသည်။ အကယ်၍ ကလေးသည် Vitamin D ပါရှိသော အခြားဆေးဝါးများနှင့် ဖြည့်စွက်အာဟာရများကို စားသုံးနေပါက ထိုသို့စားသုံးနေကြောင်းကို မိမိ၏ဆရာဝန်ကို ပြောပြရန်လိုအပ်ပါသည်။ သို့မှသာလျှင် Vitamin D ပမာဏလိုတာထက်ပိုသည့် အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိဆရာဝန်နဲ့ ပြသ တိုင်ပင်သောအခါတွင် ကလေးသောက်သုံးနေသော သို့မဟုတ် စားသုံးနေသော ဆေးဝါးများနှင့် ဖြည့်စွက်အာဟာရနမူနာများအား ဆရာဝန် ထံ ယူသွားပြသသင့်ပါသည်။
Vitamin D ချို့တဲ့သည့် ပြဿနာ သည် ရေရှည်ကုသရမည့် ပြဿနာဖြစ်ပါသည်။ ထို့ကြောင့် ကလေးများကို Vitamin D လုံလောက်စွာ ရေရှည် ဖြည့်စွက် ကျွေးမွေးနိုင်ရန်အတွက် ဆရာဝန်နှင့် သေချာစွာပြသတိုင်ပင်သင့်ပါသည်။ ထို့အပြင် Vitamin D ချို့တဲ့သော ကလေးများကိုလည်း Calcium ပမာဏကို လုံလောက်စွာ ကျွေးမွေးရန်လိုအပ်ပါသည်။ Calcium ပမာဏလုံလောက်စေရန်အတွက် နို့နှင့် နို့ထွက် ပစ္စည်းများကို ကလေးများအား တိုက်ကျွေးနိုင်ပါသည်။
ကလေးများ အများစုအတွက်မူ Vitamin D ချို့တဲ့လျှင် နေအိမ်ပြင်ပတွင် ကလေးများအား ပိုမိုထားရှိခြင်းအားဖြင့် Vitamin D ချို့တဲ့ခြင်းကို ကုသနိုင်ပါသည်။ ကလေးများအား နေအိမ်ပြင်ပတွင် နေစေသောအခါတွင် အရေးကြီးသောအချက်မှာ နေရောင်ခြည်ကာကွယ်ပေး သော Cream များအား ကလေးများကို လိမ်းပေးရန် ဖြစ်ပါသည်။ သို့မှသာလျှင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီး အန္တရာယ်ဖြစ်ခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ နေ့တစ်နေ့၏ မနက်ခင်းပိုင်းနှင့် ညနေခင်းပိုင်းများသည် ကလေးငယ်များအား နေအိမ်ပြင်ပတွင် ထားရှိဆော့ကစားစေရန် အကောင်း ဆုံးအချိန်ဖြစ်ပါသည်။
ကလေးငယ်များအားလုံး Vitamin D ချို့တဲ့ သည့်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။