အရေပြားနှင့် အသားအရေလှပကျန်းမာစေရန် ခန္ဓာကိုယ်ပြင်ပမှနေ၍ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နိုင်သကဲ့သို့ အာဟာရဓါတ်ပြည့်ဝအောင် စားသုံးပေးခြင်းအားဖြင့်လည်း ပြုပြင်ထိန်းသိမ်း နိုင်ပါသည်။ ယခုဆောင်းပါးတွင် အမျိုးသမီးများအတွက် အရေးကြီးသည့် အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းသက်သာစေသည့် အစားအစာများကို ဖော်ပြဆွေးနွေးသွားပါမည်။
ကော်လာဂျင်
ကော်လာဂျင်သည် အရေပြားပြန်လည်ပြုပြင်ထိန်းသိမ်းရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသော ပရိုတင်းဓါတ်တစ်မျိုး ဖြစ်ပါသည်။ ယနေ့ခေတ်အခါတွင် ကော်လာဂျင်၏ အရေးပါပုံများကို လူအတော်များများ သတိပြုမိလာကြကာ အလေးထား သုံးစွဲလာကြပါသည်။
ကော်လာဂျင်ကို အမှုန့်ပုံစံဖြင့် စားသုံးနိုင်သည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူရရှိနိုင်သကဲ့သို့ အရေပြားပေါ်တွင် လိမ်းသည့် အလှအပထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းများတွင်လည်း ထည့်သွင်းထုတ်လုပ်လာကြပါသည်။
Vitamin E နှင့် A
Vitamin E နှင့် A သည် အရေပြား အနာကျက်ခြင်းနှင့် အရေပြားဆဲလ်များ အသစ်ပြန်လည်ထုတ်လုပ်ခြင်းကို ကူညီပေးသော Vitamin များဖြစ်ကြပါသည်။ ထို့ကြောင့် Vitamin E နှင့် A ကြွယ်၀သော အစားအစာများကို စားသုံးပေးခြင်းအားဖြင့် အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းသက်သာစေပါသည်။
သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ
သန့်ရှင်းလတ်ဆတ်သည့် အစားအစာများသည် အရေပြားကို ချောမွေ့ဝင်းပစေရန် လိုအပ်သော အာဟာရဓါတ်များကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် မိမိစားသုံးသော အစားအစာများကို သန့်ရှင်းလတ်ဆတ်စေရန် ဂရုတစိုက် ထိန်းသိမ်းပေးခြင်းနှင့် ရေဓါတ်ကြွယ်ဝသောအစားအစာများကို စားသုံးပေးခြင်းက အသားအရေနှင့် အရေပြားအလှအပ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရုံသာမက အကြောပြတ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။
အသားဓါတ်
အသားဓါတ်သည် ခန္ဓာကိုယ်ကိုဖွဲ့စည်းတည်ဆောက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေပါသည်။ ထို့ပြင် အသားအရေနှင့် အရေပြားကျန်းမာရေးအတွက်လည်း အသားဓါတ်သည် မရှိမဖြစ်လိုအပ်ပါသည်။
အဆီကင်းသော ကြက်သားနှင့် ငါးတို့ကိုစားသုံးခြင်း၊ ပဲအမျိုးမျိုးကို စားသုံးခြင်းအားဖြင့် အရေပြားဆဲလ်များ အနာကျက်စေ၍ ဆဲလ်အသစ်များဖြစ်ပေါ်စေရန် အထောက်အကူပေးနိုင်သည့် အသားဓါတ်များကို ရရှိနိုင်ကာ အရေပြား အကြောပြတ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။
Micronutrients
Micronutrients ဆိုသည်မှာ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ဆောင်နိုင်ရန်နှင့် ခန္ဓာကိုယ်ရှိ အရာ၀တ္ထုများကို ဖွဲ့စည်းတည်ဆောက်ရန် လိုအပ်သည့် ဗီတာမင်နှင့်သတ္ထုဓါတ်များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဗီတာမင် ကြွယ်၀သော အစားအစာများ၊ သတ္တုဓါတ်ကြွယ်၀သော အစားအစာများကို စားသုံးပေးခြင်းအားဖြင့် အသားအရေ၊ အရေပြားတို့အပါအဝင် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ တိုးတက်ကောင်းမွန်လာကာ အရေပြား အကြောပြတ်ခြင်းကိုလည်း သက်သာ ပျောက်ကင်းစေပါသည်။
ရေ
ရေဓါတ်သည် ခန္ဓာကိုယ်ကျန်းမာစေရန်နှင့် ဇီ၀ကမ္မလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ထို့အပြင် အရေပြား၏ ရုန်းပြန်ဂုဏ်သတ္တိကို တိုးတက်စေ၍ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်းကိုလည်း လျော့နည်းစေပါသည်။
ပုံမှန်အားဖြင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ခန့် သောက်သုံးပေးသင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်သောအချိန်နှင့် ရာသီဥတုပူပြင်းသည့်အချိန်များတွင် အဆိုပါပမာဏထက် ပိုမို၍သောက်သုံးပေးခြင်းအားဖြင့် အရေပြားအကြောပြတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
အထက်ပါ အစားအစာများနှင့် အာဟာရဓါတ်များသည် အရေပြား အကြောပြတ်ခြင်းကို သက်သာပျောက်ကင်းစေရန် အထောက်အကူပေးသော အစားအစာများဖြစ်ကြပါသည်။
အထူးသတိပြုရန်မှာ အလှအပနှင့်အရေပြားကျန်းမာရေးကို ပြုလုပ်ဆောင်ရွက်သည့်အခါ သီတင်းပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ် ကြာပြီးသည့်နောက်တွင်မှ အကျိုးရလဒ်များကို တွေ့မြင်ရလေ့ရှိပါသည်။ ထို့ကြောင့် အရေပြားကျန်းမာရေး ကောင်းမွန်စေသည့် အစားအစာများ၊ နည်းလမ်းများကို စိတ်ရှည်ဇွဲရှိစွာ စားသောက်၊ လုပ်ဆောင်ပေးခြင်းအားဖြင့် အကြောပြတ်ခြင်းအပါအဝင် အခြားသော အရေပြား ပြဿနာများကို ရှောင်ကြဉ်နိုင်မည် ဖြစ်ပါကြောင်း အသိပေး ဆွေးနွေးလိုက်ရပါသည်။
Author : ဒေါက်တာမိုး (ဆေး ၁)