တစ်ခါတစ်ရံ နေ့စဉ်ဘဝတွင် စားသုံးသည့် အစားအစာများတွင် အာဟာရဓာတ်မပြည့်ဝမှုကြောင့် ခန္ဓာကိုယ်၏ အိပ်စက်ခြင်းစက်ဝန်းများ အနည်းနှင့်အများဆိုသလို ထိခိုက်လာတတ်ပါသည်။
ထို့ကြောင့် အိပ်စက်ခြင်းကို ကူညီအားပေးသည့်အပြင် ခန္ဓာကိုယ်၏ စွမ်းအင်နှင့် ကိုယ်ခံစွမ်းအားများအား တိုးမြင့်စေရန် ကူညီပေးနိုင်သည့် သတ္တုဓာတ်များနှင့် ဗီတာမင်ဓာတ်များကို ရွေးချယ်စားသုံးသင့်သည်။
ဗီတာမင် D
ဗီတာမင် D သည် ခန္ဓာကိုယ်အတွင်းတွင် နေရောင်ခြည်၏ အကူအညီဖြင့် ပေါ်ထွက်လာသည့် ဟော်မုန်း တစ်မျိုးဖြစ်ပါသည်။လေ့လာတွေ့ရှိချက်များအရ ဗီတာမင် D ချို့တဲ့ခြင်းသည် အိမ်စက်ခြင်းဆိုင်ရာ မူမမှန်ခြင်းပြဿနာများကို ပိုမိုဖြစ်ပွားစေကြောင်းတွေ့ရှိရပါသည်။
ဗီတာမင် D ကို နေရောင်ခြည်မှ ရရှိသည့်အပြင် ကြက်ဥဘဲဥ ၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မှိုကဲ့သို့သော အစားအစာများမှလည်း ရရှိနိုင်ပါသည်။ သတိပြုရမည့်တစ်ချက်မှာ ဗီတာမင် D သည် ခန္ဓာကိုယ်တွင် လိုအပ်သည့် ပမာဏထက် အလွန်အမင်း များပြားနေပါက ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။
ဗီတာမင် E
၂၀၁၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာတွေ့ရှိချက်များအရ ဗီတာမင် E သည် အိပ်ရေးပျက်မှုကြောင့် ဖြစ်ပေါ်လာသော မှတ်ဉာဏ်ချို့ယွင်းကျဆင်းမှုများကို ကာကွယ်တားဆီးနိုင်သည့်အပြင် အိပ်ရေးပျက်နေသည့် ကာလအတောအတွင်း ဦးနှောက်၏ Hippocampus တွင် ဓာတ်တိုးဆန့်ကျင်သည့် ဖြစ်စဉ်များကို ပုံမှန်အတိုင်း ဖြစ်စေရန် ထိန်းညှိပေးပါသည်။
ထို့ပြင် ဗီတာမင် E သည် ခန္ဓာကိုယ်၏ တစ်ရှူးများကို Free Radical များကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည့် အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်၏ ခုခံအားစနစ်များ အားကောင်းစေရန်အတွက် ထိန်းသိမ်းပေးနိုင်သည့်အပြင် သွေးနီဥများ ဖြစ်ပေါ်ခြင်းတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပါသည်။
ခန္ဓာကိုယ်က ဗီတာမင် K များကို အသုံးပြုနိုင်စေရန်အတွက်လည်း ဗီတာမင် E များက ကူညီပေးပါသည်။ ဗီတာမင် E သည် နေကြာစေ့၊ အယ်လ်မွန်သီး စသည်တို့တွင်ပါဝင်သကဲ့သို့ ဗီတာမင် E ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း ဝယ်ယူသောက်သုံးနိုင်ပါသည်။
ဗီတာမင် E သည်လည်း အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ အလွယ်တကူ စွန့်ထုတ်ခြင်းမပြုနိုင်သောကြောင့် ခန္ဓာကိုယ်အတွင်း ဗီတာမင် E ပမာဏ အများအပြား ပိုလျှံမှုမရှိစေရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ဗီတာမင် E ဖြည့်စွက်ဆေးများကို သောက်သုံးသင့်ပေသည်။
ဗီတာမင် B Complex
ဗီတာမင် B Complex အုပ်စု ထဲတွင် ပါဝင်သော ဗီတာမင် B အမျိုးအစား ၈ မျိုး ရှိပါသည်။ ဗီတာမင် B များသည် ခန္ဓာကိုယ်တွင် အိပ်စက်ခြင်းကိုအားပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သော Melatonin ထုတ်လုပ်ရန်အတွက်လိုအပ်သည့် Tryptophan များ ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပါသည်။
ဗီတာမင် B ကို အစေ့အဆန်များ၊ အသား၊ ဟင်းသီးဟင်းရွက်များတွင် တွေ့ရှိရသကဲ့သို့ ဖြည့်စွက်အာဟာရအားဆေးအများစုတွင်လည်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်
ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် သတ္တုဓာတ်နှစ်မျိုးသည် ကြွက်သား ကျုံ့ခြင်းနှင့် ဆန့်ခြင်းများတွင် အဓိက အခန်းကဏ္ဍမှပါဝင်နေသည့်အတွက်ကြောင့် ညအိပ်ရာမဝင်ခင်တွင် သောက်သုံးရန်အတွက် အကြံပြုလေ့ရှိကြပါသည်။ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းသည် ညဘက်တွင် ကောင်းမွန်စွာ ဆက်တိုက် အိပ်ပျော်နိုင်မှုကို များစွာအနှောင့်အယှက်ပေးနိုင်ကြောင်း ယုံကြည်ကြပါသည်။
ထို့ပြင် ကယ်လ်ဆီယမ်သည်လည်း ဗီတာမင် B များကဲ့သို့ပင် အိပ်စက်ခြင်းကို အားပေးသည့် ဟော်မုန်း Melatonin ကို ထုတ်လုပ်သည့်နေရာတွင် ကူညီပေးသည့် Tryptophan ကို အားပေးကူညီမှုများ ပြုလုပ်ပေးပါသည်။ ရေရှည် အိပ်မပျော်ခြင်းများသည် မဂ္ဂနီဆီယမ် ချို့တဲ့မှု၏ ရှေးဦးလက္ခဏာများထဲမှ တစ်ခုဖြစ်ပါသည်။
အစိမ်းရောင် ရှိသော ဟင်းသီးဟင်းရွက်များ၊ အခွံမာအသီးများနှင့် အစေ့အဆန်များသည် မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ် ကြွယ်ဝသော ဖြည့်စွက် အာဟာရများဖြစ်ကြပါသည်။
သံဓာတ်
သံဓာတ်ချို့တဲ့ခြင်း၏ နံပါတ် ၁ လက္ခဏာမှာ အားအင်ကုန်ခန်းခြင်းနှင့် ကောင်းစွာအိပ်စက်၍ မရခြင်း ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့ခြင်းသည် ညဘက်အိပ်စက်သည့်အခါ အနှောင့်အယှက် များစွာဖြစ်စေနိုင်သည့် Restless Leg Syndrome ဟုခေါ်ဆိုသည့် ခြေထောက်များ အငြိမ်မနေနိုင်ဘဲ လှုပ်ရှားမှုကိုဖြစ်စေသည့် ရောဂါကို ဖြစ်စေနိုင်သည့် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။
ထို့ပြင် သံဓာတ်ချို့တဲ့မှုများသည် စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေ၍ ကောင်းမွန်စွာအိပ်စက်၍ မရစေရန် အနှောင့်အယှက်လည်း ပြုနိုင်ပါသည်။
ဗီတာမင် C သည် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုများကို အားပေးကူညီသည့်အတွက် တစ်ခါတစ်ရံ သံဓာတ်ချို့တဲ့ခြင်းသည် ဗီတာမင် C ချို့တဲ့နေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
အမဲသား၊ ကြက်သား၊ ပဲအမျိုးမျိုး၊ တို့ဖူး၊ အာလူး၊ ဟင်းနုနွယ်ကဲ့သို့သော အစိမ်းရင့်ရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ စသည်တို့တွင် သံဓာတ်ကြွယ်ဝပါသည်။
အထက်ပါ အိပ်စက်ခြင်းကို အားပေးကူညီသည့် ဗီတာမင်များနှင့် သတ္တုဓာတ်များကို စားသုံးပေးခြင်းအားဖြင့် အရည်အသွေးပြည့်ဝသည့် အိပ်စက်ခြင်းများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
Author : Dr. မိုး (ဆေး ၁)