ကလေးများတို့၏ ခန္ဓာကိုယ်တွင်ရှိသော စနစ်များအားလုံးသည် ကြီးထွားဖွံ့ဖြိုးရန်အတွက် အားယူနေကြပါသည်။
ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသော ကလေးတစ်ယောက်ဖြစ်ရန်အတွက် ခန္ဓာကိုယ်တွင်ရှိသော စနစ်များအားလုံးသည် သူ့နေရာနှင့် သူ အရေးပါကြပါသည်။
သို့သော် ထိုစနစ်များအနက် အစာခြေစနစ်သည် အခြားစနစ်များအထက် ပိုမို၍ အခြေခံကျ၊ အရေးကြီးသည်ဟု ထင်မြင်ယူဆမိပါသည်။
အဘယ်ကြောင့်ဆိုသော် အခြားစနစ်များဆက်လက် ရှင်သန်ကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်သော အာဟာရဓာတ်များကို အစာခြေစနစ်က ရယူထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
အစာခြေစနစ် ကျန်းမာသန်စွမ်းပါမှ စားသုံးလိုက်သော အာဟာရဓာတ်များကို ကောင်းမွန်စွာ ခြေဖျက်နိုင်ရုံသာမက ခြေဖျက်ပြီးသော အာဟာရဓာတ်များကိုလည်း ကုန်စင်အောင် စုပ်ယူနိုင်ပါလိမ့်မည်။
ထို့အပြင် ကောင်းမွန်သောအစာခြေစနစ်ဆိုသည်မှာ အစာအာဟာရများကို ကောင်းမွန်စွာ ခြေဖျက်ခြင်း၊ ခြေဖျက်ပြီးသော အစာအာဟာရဓာတ်များကို စုပ်ယူခြင်းအပြင် အစာခြေစနစ်နှင့် ပတ်သက်သည့် ပြဿနာများဖြစ်သော ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း စသည့်ပြဿနာများပါ မဖြစ်ပွားအောင် ပြုလုပ်ရန် လိုအပ်ပါသည်။
ထို့ကြောင့် ကလေးများအား အစာအာဟာရများကို စီစဉ်ကျွေးမွေးသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်သော အာဟာရဓာတ်များသာမက အစာခြေစနစ် တိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုသည့် အစားအစာများကိုပါ ကျွေးမွေးရမည်ဖြစ်ပါသည်။
အစာခြေစနစ် တိုးတက်ကောင်းမွန်ရန်ရွေးချယ်သော အစားအစာများတွင် အူလမ်းကြောင်းအတွင်း နေထိုင်သည့် သန်းပေါင်းများစွာသော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ပွားများရှင်သန်ရေးအတွက် လိုအပ်သော အစာအာဟာရများကိုပါ ရွေးချယ်ရန်လိုအပ်ပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားသည် ခန္ဓာကိုယ်၏ အစာခြေဖျက်ရေးနှင့် အာဟာရဓာတ်များအား ကောင်းမွန်စွာ စုပ်ယူနိုင်ရန်အပြင် အူလမ်းကြောင်း၏ ကျန်းမာရေးကိုပါ များစွာ အထောက်အကူပြုနိုင်ပါသည်။
ထိုသို့ ဘက်တီးရီးယားများ ရှင်သန်ပွားများရေးအတွက် အထောက်အကူပြုသောအစားအစာများကို prebiotics ဟုခေါ်ဆိုပါသည်။ prebiotics များစွာရှိသည့်အနက် တစ်မျိုးမှာ Long chain Fructo-oligosaccharides ဟုခေါ်ဆိုသည့် LcFOS ဖြစ်ပါသည်။
LcFOS များသည် အစာခြေစနစ်အတွက်လည်း အကျိုးကျေးဇူးများကို ဘက်ပေါင်းစုံက ပေးစွမ်းနိုင်ပါသည်။
LcFOS များသည် အကျိုးပြု ဘက်တီးရီးယားများ၏ လုပ်ဆောင်ချက်များနှင့် အရေအတွက်ကို တိုးတက်လာစေခြင်းအားဖြင့် အစာခြေဖျက်ခြင်းတွင် များစွာ အထောက်အကူပေးပါသည်။
ခြေဖျက်ပြီးသော အာဟာရဓါတ်များစုပ်ယူရာတွင်လည်း LcFOS များက များစွာ ကူညီပေးနိုင်ပါသည်။
ထို့ကြောင့် LcFOS များသည် အာဟာရဓါတ်များကို ပြည့်ဝအောင် ရရှိနိုင်ရန်အတွက် လွန်စွာမှ အရေးကြီးသော အပိုင်းမှ ပါဝင်နေပါသည်။
ထို့အပြင် အူလမ်းကြောင်းအတွင်းတွင် လေထိုး၊ လေအောင့်၊ လေပွခြင်းများကိုလည်း လျော့ပါးသက်သာအောင် ကာကွယ်ပေးနိုင်ပါသည်။
တစ်ခါတစ်ရံ အူလမ်းကြောင်းအတွင်းတွင်ရှိသော ဘက်တီးရီးယားများ မျှခြေပျက်ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းပျက်ဝမ်းလျှော ရောဂါများကိုလည်း မဖြစ်ပေါ်စေရန် LcFOS များက ကာကွယ်ပေးနိုင်ပါသည်။
ထို့ပြင် LcFOS များသည် အူလှိုင်းထခြင်း နှေးကွေးမှုကြောင့် ဖြစ်ပေါ်တတ်သော ဝမ်းချုပ်ခြင်းများကိုလည်း မဖြစ်ပေါ်အောင် တားဆီးကာကွယ်ပေးနိုင်ပါသည်။
ဤနည်းအားဖြင့် LcFOS များသည် အစာခြေစနစ်၏ လုပ်ငန်းဆောင်တာများကို မှန်ကန်စေရန် ကူညီလုပ်ဆောင်ပေးပါသည်။