အရေပြားဆိုင်ရာကျန်းမာရေးပြဿနာများစွာ ရှိသည့်အနက် အရေပြားခြောက်သွေ့ခြင်းသည်လည်း အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပါသည်။
၎င်းပြဿနာကို ထိရောက်စွာ ကုသခြင်းမရှိပါက အရေပြားများအက်ကွဲလာပြီး အရေပြားရောဂါပိုးဝင်ခြင်း ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် ခြောက်သွေ့သော အရေပြားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးရန်မှာ အလွန်အရေးကြီးပါသည်။
အောက်ပါနည်းလမ်းများဖြင့် ခြောက်သွေ့သော အရေပြားများကို ပြန်လည်စိုပြည်စေရန် ရေဓာတ်ပြန်လည်၍ ဖြည့်တင်းပေးနိုင်ပါသည်။
( ၁ ) နေကြာဆီ
လေ့လာတွေ့ရှိချက်များအရ နေကြာဆီသည် ခြောက်သွေ့သော အသားအရေကို ရေဓာတ်ပြန်လည်၍ ဖြည့်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
( ၂ ) အုန်းဆီ
အရေပြားကို ရေဓာတ်ပြန်၍ ဖြည့်ပေးနိုင်သောအခြား သဘာ၀အဆီတစ်မျိုးမှာ အုန်းဆီဖြစ်ပါသည်။
အုန်းဆီသည်လည်း အရေပြားမျက်နှာပြင်ရှိ အဆီဓာတ်များကို များပြားလာစေနိုင်သော အာနိသင်ရှိကြောင်း လက်ခံယုံကြည်ထားကြပါသည်။
( ၃ ) နွားနို့
သုတေသနလေ့လာတွေ့ရှိချက်များအရ နွားနို့တွင် ပါဝင်သည့် Phospholipid ဟုခေါ်သော အဆီဓာတ်တစ်မျိုးသည် စိုပြည်လှပသော အသားအရေကို ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် နွားနို့ကို အသားအရေစိုပြည်လှပစေသော အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။
( ၄ ) ပျားရည်
ပျားရည်သည် အရေပြားရောဂါများစွာအတွက် သက်သာပျောက်ကင်းစေသော အစားအစာ အဖြစ် လေ့လာတွေ့ရှိချက်များအရ တွေ့ရှိရပါသည်။
၎င်းတွင် အရေပြားရေဓာတ်ဖြည့်ပေးခြင်း၊ အနာကျက်လွယ်ခြင်း နှင့်ရောင်ရမ်းခြင်းကို တိုက်ခိုက် ခြင်းစသော ဂုဏ်သတ္တိများရှိကြောင်းတွေ့ရှိရပါသည်။
( ၅ ) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို ခြောက်သွေ့သော အရေပြားပေါ်တွင် ညစဉ်လိမ်းပေးခြင်းဖြင့်လည်း စိုပြည်သော အသားအရေကို ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
အောက်ပါအစားအစာများကို စားသုံးခြင်းဖြင့်လည်း စိုပြည်လှပသော အသားအရေကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။
( ၁ ) သံလွင်ဆီ
သံလွင်ဆီသည် အရေပြားကို ရေဓာတ်ဖြည့်ပေးခြင်းနှင့် အရေပြားရှိ pH မျှခြေရှိစေရန် အထောက်အကူပြုသော အဆီတစ်မျိုးဖြစ်ပါသည်။
( ၂ ) ထောပတ်သီး
ထောပတ်သီးသည် အဆီဓာတ်ပြည့်၀သော သစ်သီးတစ်မျိုးဖြစ်ပြီး ရေဓာတ်ပါဝင်မှု ( ၇၄ ) ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ခြောက်သွေ့သော အရေပြားကို ရေဓာတ်ကောင်းစွာဖြည့်ပေး နိုင်ကြောင်းတွေ့ရှိရပါသည်။
( ၃ ) ရွှေဖရုံစေ့
၎င်းအစားအစာတွင် ပါဝင်သော အာဟာရဓာတ်များသည် အရေပြားဆဲလ်အသစ်များ ပြန်လည်တည်ဆောက်ခြင်းနှင့် အားနည်းနေသော အရေပြားဖွဲ့စည်းမှုများကို ခိုင်ခန့်စေခြင်းတို့တွင် များစွာအထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
( ၄ ) စတော်ဘယ်ရီသီး
အခြား ရေဓာတ်ပြည့်၀သော သစ်သီးများကဲ့သို့ စတော်ဘယ်ရီသီးတွင် ရေဓာတ် ( ၇၅ )ရာခိုင်နှုန်း အထက်ပါဝင်သောကြောင့် ယင်းအစားအစာကို အရေပြားခြောက်သွေ့သော သူများစားသုံးသင့်သော အစားအစာအဖြစ် ယုံကြည်လက်ခံထားရှိကြပါသည်။
( ၅ ) ဖရဲသီး
ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်မှုကြောင့် ဖရဲသီးသည်လည်း စိုပြည်ဝင်းပသော အသားအရေကို ပေးစွမ်းနိုင်သော သစ်သီးတစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အရေပြားခြောက်သွေ့ခြင်းကို ပို၍ဆိုးရွားစေသော အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– ခြောက်သွေ့နေသော အရေပြားကို ကုတ်ဖဲ့ခြင်း
– နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွှေးရိတ်ရာတွင် Shaving Gel မလိမ်းဘဲ ရိတ်ခြင်း
– မကြာခဏရေချိုးခြင်း
– အလွန်ပူသော ရေဖြင့် ရေချိုးခြင်း
– အရက်ပါသော Lotion အသုံးပြုခြင်း
– အရေပြားကို ပွတ်တိုက်နိုင်သော အဝတ်အစားများဝတ်ဆင်ခြင်း
– အစွန်းချွတ်ဆေးများနှင့် မကြာခဏထိတွေ့ခြင်း
– အရေပြားအကာအကွယ်မရှိဘဲ အချိန်ကြာမြင့်စွာ လေတိုက်ခံခြင်း စသည့်အချက်များကို ရှောင်ကြဉ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
–