အသည်းရဲ့ အရေးပါပုံ
အသည်းဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင် စားသုံးလိုက်တဲ့အစားအစာနဲ့ ဆေးဝါးတွေက ပါဝင်လာတဲ့ အဆိပ်အတောက်တွေကို အသည်းက ခြေဖျက်ဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အစာခြေအင်္ဂါစနစ်မှာလည်း ပါဝင်ပါတယ်။ စွမ်းအင်နဲ့ အာဟာရဓါတ်တွေကို သိုလှောင်ရာနေရာလည်းဖြစ်ပြီး တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့စွမ်းအင်ကိုလည်း ပေးစွမ်းပါတယ်။
သံဓါတ်ရဲ့ အရေးပါပုံ
သံဓါတ်ဆိုတာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ သံဓါတ်ရဲ့ အဓိက လုပ်ငန်းဆောင်တာက အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းပါ။ ခန္ဓာကိုယ်တစ်ခုလုံးအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးတဲ့ သွေးနီဥဆဲလ်ကိုတည်ဆောက်တဲ့နေရာမှာ သံဓါတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် သံဓါတ်က ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။
သံဓါတ်ကို အဓိကအားဖြင့် အသည်းနဲ့ ကြွက်သားတွေမှာ သိုလှောင်သိမ်းဆည်းပါတယ်။
သံဓါတ်နဲ့ အသည်း
သံဓါတ်အားနည်းရင် သွေးအားနည်းရောဂါ ခံစားရနိုင်ပြီး သံဓါတ်အလွန်များရင်လည်း အသည်းနဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားကို ထိခိုက်စေနိုင်ပါတယ်။ သံဓါတ်များခြင်းက အသည်းရဲ့ဆဲလ်တွေမှာ သံဓါတ်စုပုံလာစေပြီး အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသည်းခြောက်ရောဂါကနေတဆင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပြီး တခြားအသက်အန္တရာယ်စိုးရိမ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
အသည်းမှာ သံဓါတ်စုပုံပြီး အသည်းခြောက်ရောဂါဖြစ်လာရင် ခံစားရနိုင်တဲ့ လက္ခဏာတွေက
– နုံးချိခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း
– သွေးထွက်လွယ်ခြင်း၊ သွေးမတိတ်ခြင်း၊ သွေးခြည်ဥကွက်များ ပေါ်လာခြင်း
– အစားစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
– ခြေထောက်ဖောရောင်ခြင်း၊ ရေဖျဥ်းစွဲခြင်း
– အသားနဲ့ မျက်လုံးများ ဝါလာခြင်း
– စိတ်ရှုပ်ထွေးခြင်း၊ ကယောင်ကတမ်းဖြစ်လာခြင်း၊ စကားမပီခြင်း၊ ကိုမာ (Coma) ဝင်ခြင်း (သတိမေ့သွားခြင်း) စတာတွေ ဖြစ်ပါတယ်။
သံဓါတ်စုပုံလာရင် ခံစားရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ အဆစ်အမြစ်နာခြင်း၊ အားနည်းပင်ပန်းခြင်း၊ ဗိုက်နာခြင်း၊ အရေပြားအရောင်မွဲလာခြင်း စတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် နှလုံးမှာ သံဓါတ်စုပုံလာရင် နှလုံးရောဂါ၊ မုန့်ချိုအိတ် (Pancreas) မှာ စုပုံလာရင် ဆီးချိုရောဂါနဲ့ မျိုးပွားအင်္ဂါစနစ်မှာလည်း ပန်းသေခြင်းနဲ့ လိင်စိတ်နည်းလာခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
နေ့စဥ်လိုအပ်တဲ့ သံဓါတ်ပမာဏ
(၁) ၁၄ နှစ်ကနေ ၁၈ နှစ် ဆယ်ကျော်သက်အရွယ်တွေအတွက် သံဓါတ် ၁၁ မီလီဂရမ်
(၁) အသက် ၁၉ နှစ်နဲ့အထက် အမျိုးသားတွေအတွက် သံဓါတ် ၈ မီလီဂရမ်
(၂) အသက် ၁၉ နှစ်ကနေ ၅၀ အထိ အမျိုးသမီးတွေအတွက်က သံဓါတ် ၁၈ မီလီဂရမ် အသီးသီး နေ့စဥ် လိုအပ်ပါတယ်။ ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆုံးရှုံးသွားတဲ့ သံဓါတ်ပမာဏအလိုက် ပိုလိုအပ်တာမျိုးလည်း ရှိတတ်ပါတယ်။
သံဓါတ်ကို ဘယ်လိုအစားအစာတွေကနေ ရနိုင်သလဲ
သံဓါတ်ပါဝင်တဲ့ အစားအစာတွေက
- အသည်း (ဥပမာ – ကြက်အသည်း၊ အမဲအသည်း) (ကိုယ်ဝန်ဆောင်ကာလမှာ အသည်းစားသုံးခြင်းကို ရှောင်သင့်ပါတယ်)
- အနီရောင်အသား (အမဲသား၊ ဝက်သား၊ သိုးသား)
- အခွံမာသီးနဲ့ အစေ့အဆံအမျိုးမျိုး (မြေပဲ၊ သစ်ကြားသီး)
- အစိမ်းရင့်ရောင်ရှိတဲ့ အရွက်အမျိုးမျိုး (ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက်)
- ပဲအမျိုးမျိုး (ပဲနီလေး၊ ကုလားပဲ)
- သစ်သီးခြောက်အမျိုးမျိုး (စပျစ်သီးခြောက်၊ ဆီးသီးခြောက်)
- အားဖြည့်ထားတဲ့ ဆီရီရယ်ကွေကာ (Fortified breakfast cereals) တွေပဲ ဖြစ်ပါတယ်။
သံဓါတ်ပါဝင်တဲ့အစားအစာတွေကို ဗီတာမင်စီ Vitamin C (သံပုရာရည်၊ အရည်ရွှမ်း သစ်သီးဝလံ) နဲ့တွဲဖက်စားသုံးခြင်းက ခန္ဓာကိုယ်က သံဓါတ်စုပ်ယူမှုကို ပိုအားပေးပြီး လက်ဖက်ရည်နဲ့ တွဲဖက်ခြင်းက သံဓါတ်စုပ်ယူမှုကို လျော့နည်းစေနိုင်တာကို သတိထားရပါမယ်။
တန်ဆေး၊ လွန်ဘေး
သံဓါတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သံဓါတ်ကို လိုတာထက်ပိုပြီး စားသုံးမိ၊ သောက်သုံးမိမယ်ဆိုရင် အသည်းအပါအဝင် ခန္ဓာကိုယ်တွင်းမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ”တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း သံဓါတ်ကို လိုတာထက် မပိုအောင် ဆင်ခြင်စားသုံးပြီး အသည်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ကြစေဖို့ သိကောင်းစရာများကို ရေးသားဖော်ပြလိုက်ပါတယ်။