ဟေမိုဂလိုဘင်ဟူသော ဒြပ်ပေါင်းသည် သွေးနီဥများတွင်ရှိသည့် ပရိုတင်းဓာတ်တစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ လိုအပ်သော အောက်ဆီဂျင်ကို အဆုတ်မှနေ၍ သယ်ယူပို့ဆောင်ပေးသော လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။
ထို့အတူ ခန္ဓာကိုယ်ရှိသံဓာတ်၏ သုံးပုံနှစ်ပုံသည် ၎င်းဟေမိုဂလိုဘင်ဓာတ်များတွင် တည်ရှိနေသဖြင့် သံဓာတ်သည်လည်း အောက်ဆီဂျင်သယ်ယူပို့ဆောင်သည့်လုပ်ငန်းတွင် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။
သွေးထဲတွင် သွေးနီဥ သို့မဟုတ် ဟေမိုဂလိုဘင် အရေအတွက် လျော့နည်းခြင်းကြောင့် ဖြစ်လာသော ရောဂါအခြေအနေကို သွေးအားနည်းရောဂါဟု သတ်မှတ်ပါသည်။
သွေးအားနည်းရောဂါကို အောက်ပါအတိုင်း အမျိုးအစားများခွဲခြားနိုင်ကြောင်း တွေ့ရှိရပါသည်။
– သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
– Folic Acid သို့မဟုတ် Vitamin B12 ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ
– သွေးနီဥများပြိုကွဲခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ (Haemolytic Anaemia)
– မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်သည့် သွေးနီဥများ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ (Sickle cell anaemia)
– မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်သည့် သွေးနီဥများ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ (Thalassaemia)
– ရိုးတွင်းခြင်ဆီလုပ်ငန်းများကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိခြင်းကြောင့် သွေးအတွင်းရှိ ဆဲလ်များကို မထုတ်လုပ်နိုင်သည့်အတွက် ဖြစ်သော သွေးအားနည်းရောဂါ (Aplastic anaemia) စသည့် သွေးအားနည်းရောဂါအမျိုးအစားများကို တွေ့ရှိနိုင်ပါသည်။
အထက်ဖော်ပြပါ သွေးအားနည်းရောဂါများတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် အဖြစ်အများဆုံးဖြစ်ပါသည်။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် သံဓာတ်၏ ကောင်းကျိုးများ
သံဓာတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အောက်ဖော်ပြပါ ကောင်းကျိုးများရှိကြောင်း တွေ့ရှိရပါသည်။
– သွေးအတွင်းရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ သယ်ယူပို့ဆောင်သည့် လုပ်ငန်းတွင် အားပေးကူညီပေးခြင်း
– ဦးနှောက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အထောက်အပံ့ပေးခြင်း
– ကြွက်သားသန်မာစေရန် ကူညီလုပ်ဆောင်ပေးနိုင်ခြင်း
– ခုခံအားစနစ်ကို ကောင်းမွန်စေခြင်းဖြင့် နာတာရှည်ရောဂါများကို ခုခံတိုက်ခိုက်ပေးခြင်း
– သွေးအားနည်းရောဂါများကို ကာကွယ်ပေးခြင်း
– ဆံပင်၊ လက်သည်းနှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများကို ပေးစွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့သည့်အခါ အောက်ပါရောဂါ လက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
၎င်းတို့မှာ
– အားနည်းနေသကဲ့သို့ ခံစားရခြင်း
– အလွန်မောပန်းနွမ်းနယ်လွယ်ခြင်း
– အသက်ရှူမ၀ခြင်း
– အသားအရေဖြူဖျော့နေခြင်း
– နှုတ်ခမ်းနှင့် အောက်မျက်ခွံ ဖြူဖျော့နေခြင်း
– ရင်တုန်ခြင်း
– ခေါင်းကိုက်ခေါင်းမူးခြင်း
– ခြေဖျားလက်ဖျားများ အေးနေခြင်း
– မကြာခဏ ရောဂါပိုးကူးစက်၍ ဖျားနာလွယ်ခြင်း
– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း
– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း
– လျှာနှင့် ပါးစပ်တွင် အက်ကွဲနာများဖြစ်၍ ရောင်ရမ်းခြင်း စသည်တို့ကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်း
သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းမှ ကာကွယ်ရန် အောက်ပါအချက်များအတိုင်း လိုက်နာရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
( ၁ ) သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးပါ။
သံဓာတ်ကြွယ်၀သော အစားအစာများတွင် အုပ်စုနှစ်မျိုးခွဲခြားနိုင်ပါသည်။
– တိရစ္ဆာန်အရင်းအမြစ်မှ ရရှိသော အစားအစာများ
– အပင်အရင်းအမြစ်မှ ရရှိသော အစားအစာများ ဟူ၍ဖြစ်ပါသည်။
သက်သတ်လွတ်စားသုံးသောသူများအနေဖြင့် အပင်အရင်းအမြစ်မှ ရရှိသော အစားအစာများတွင် ပါဝင်သော သံဓာတ်ကို ရွေးချယ်စားသုံးခြင်းဖြင့် သံဓာတ်ကို လုံလောက်စွာရရှိနိုင်ပါသည်။
အောက်ပါတို့သည် အပင်အရင်းအမြစ်မှရရှိသော သံဓာတ်ကြွယ်၀သည့် အစားအစာများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
– တိုဖူး
– ပဲအမျိုးမျိုး
– ဗာဒံစေ့
– နေကြာစေ့
– သီဟိုဠ်စေ့
– အခွံမာသီးများ
– ရွှေဖရုံသီး
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ဘရိုကိုလီ
– ဂေါ်ဖီပွင့် စသော အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
– ခရမ်းချဉ်သီးအနှစ်
– အာလူး
– မှို
– သံလွင်ဆီ
– ဘယ်ရီသီးများ
– အစေ့အဆန်များ
– အုန်းနို့ စသော အစားအစာများဖြစ်ကြပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသည့်အပြင် သံဓာတ်စုပ်ယူခြင်းကို အကျိုးသက်ရောက်နိုင်သော အစားအစာများကို ရွေးချယ်ဆင်ခြင်၍ စားသုံးသင့်ပါသည်။
– ဗီတာမင် စီသည် သံဓာတ်စုပ်ယူခြင်းကို အားပေးသောကြောင့် သံဓာတ် ကြွယ်ဝသော အစားအစာများကို ဗီတာမင် စီနှင့် တွဲ၍ စားသုံးသင့်ပါသည်။
Vitamin C ကြွယ်၀သော အစားအစာများမှာ အောက်ပါအစားအစာများဖြစ်ကြပါသည်။
– အချဉ်ဓာတ်ပါဝင်သော သစ်သီးများ
(ဥပမာ စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီး၊ သံပယိုသီး ၊ ကီဝီသီး ၊ မာလကာသီး နှင့် စတော်ဘယ်ရီသီး စသော သစ်သီးအမျိုးမျိုး)
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ကန်စွန်းဥ
– ငရုတ်သီးစိမ်း
– ငရုတ်ပွသီး စသည်တို့ဖြစ်ကြပါသည်။
ကော်ဖီ၊ လက်ဖက်ရည် စသော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို နှောင့်နှေးစေ နိုင်သောကြောင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ၎င်းတို့ကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
Lysine ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို အားပေးနိုင်သော အာနိသင်ရှိသောကြောင့် ၎င်းဓာတ်ပါဝင်သော အစားအစာများ (ဥပမာ ပဲအမျိုးမျိုး) ကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
( ၂ ) သံဓာတ်ပါဝင်သော အားဆေးများသောက်သုံးပါ။
သက်သတ်လွတ် စားသောသူများအနေဖြင့် သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသည့်အပြင် သံဓာတ်အားဆေးများကို သောက်သုံးခြင်းဖြင့်လည်း သံဓာတ်ချို့တဲ့သွေးအားနည်း ရောဂါကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
လူတစ်ဦး၏ နေ့စဉ်လိုအပ်သော သံဓာတ်ပမာဏမှာ တစ်နေ့လျှင် ၈-၁၈ မီလီဂရမ် ဖြစ်ပါသည်။
အမျိုးသမီးများတွင်မူ ရာသီဓမ္မတာသွေးပေါ်ခြင်းကြောင့် တစ်နေ့လျှင် သံဓာတ် ၁၅-၁၈ မီလီဂရမ် လိုအပ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များသည် တစ်နေ့လျှင် သံဓါတ် အနည်းဆုံး ၂၇ မီလီဂရမ် အထိလိုအပ်ပါသည်။
နို့တိုက်မိခင်များသည် ၉ -၁၀ မီလီဂရမ် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
( ၃ ) သောက်သုံးနေသော ဆေးဝါးများကို ဆန်းစစ်ပါ။
အချို့သော ဆေးဝါးများသည် သွေးအားနည်းရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်၍ ထိုဆေးဝါးများအစား အခြားဆေးဝါးများကို အစားထိုးသောက်သုံးခြင်းဖြင့် သွေးအားနည်းရောဂါဖြစ်နိုင်ခြေကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
သွေးအားနည်းရောဂါဖြစ်နိုင်သော ဆေးဝါးများမှာ
– Cephalosporins
– Dapsone
– Levodopa
– Levofloxacin
– Methyldopa
– Nitrofurantoin
– Non steroidal antiinflammatory drugs( NSAIDS )
– Penicillins
– Quinidine စသည့်ဆေးဝါးများဖြစ်ကြပါသည်။